မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Saturday, July 21, 2012

ဖြစ်မှ ဖြစ်ရလေ တော်.....


     လက်သမားဆရာကြီး ဦးဖိုး ရုတ်တရက် ကွယ်လွန်တော့ သူ့မိန်းမ ဒေါ်စော ငိုချင်းချပုံလေးက ကျုပ်တို့ရွာမှာ ငိုအားထက် ရယ်အားသန်ပြီး ပြောစမှတ်ဖြစ်စရာ။
      အသုဘ လာသူများက တခြားတွေးပြီး ပြုံးစိစိ။ တကယ်တော့ ဦးဖိုးက နေ့လည်ပိုင်းမှာ အိမ်က တံခါးပေါက်အပိတ်လေး လုပ်နေခဲ့တာ။ ညနေပိုင်းကြတော့ ရုတ်တရက်ကွယ်လွန်ရှာ။ ပြီးတော့ ဒေါ်စော အသက်က ၄၀ ကျော်ဆိုတော့ နောက်ယောင်္ကျားယူဖို့ မသင့်တော်တဲ့ ဇကောဇက အရွယ်။ ကိုယ်တိုင်ကလဲ ဘာမှ မလုပ်တတ် မကိုင်တတ် အသက်ကြီးပြီး ဇကောဇက အရွယ်။ အဲဒါလေးကို ထည့်ငိုလိုက်တာပါ။
ဒေါ်စော ငိုချင်းလေးက ဒီလို....
      “ အမလေး ကိုဖိုး ရဲ့ ဖြစ်မှဖြစ်ရလေ.. ရုတ်တရက်ကြီးတော်။ နေ့ခင်းတုန်းကမှ ကျုပ်နဲ့ တံခါးပေါက်ပိတ် လုပ်ခဲ့ကြသေးတာ။ ကျုပ်ကို ဇကောဇက ကြီးနဲ့ ထားခဲ့ပြီလား တော့။

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, July 14, 2010

အသွင်မတူ..

ညီမငယ် shwezinu တက်ဂ်ထားတဲ့ အသွင်မတူ ဆိုတဲ့ တက်ဂ်ပို့စ်လေး တင်ပေးလိုက်ပါတယ် ညီမငယ်။ ပျော်ရွှင်ချမ်းမြေ့ သာယာစွာဖြင့် ဖတ်ရှု့အမောပြေနိုင်ကြပါစေကွယ်။

အသွင်မတူ
အိမ်သူမဖြစ် တဲ့
ဆိုရိုးစကား ရှိခဲ့ငြားလဲ
သူမနဲ့ ကျနော့်ဘဝ
ဖြစ်ခဲ့ကြ။
...
သူမက စိတ်ရှည်သူ
ကျနော်က စိတ်တို ဒေါသကြီးတတ်သူ။
...
သူမက စားသောက်မက်
အိပ် မမက်။
ကျနော်က စားသောက်မမက်
အအိပ် မက်။
...
ကိုကို မောင်မောင် တီတာချင်သူ
ကျနော်က နင် နဲ့ ငါ နဲ့ပြောမှ
အားရတတ်သူ။
...
အ၀တ်အစားဆို စတိုင်ကျ
အသစ်မြင်တိုင်း ၀ယ်ချင်လှ
အိမ်ရောက်ရင် လူတိုင်းပြ။
ကျနော်က ထိုမတူ
စတိုင် မကျ
စကောစက။
...
စိုင်းစိုင်း လေးဖြူ
ခေတ်ဆန်သူ။
ကိုအံ့ကြီး တွံတေး
မာမာအေး။
...
နတ်သမီးတပါးလို
လှပ နူးညံ့
ကြော့ရှင်းတတ်သူ။
တောသား ငပိချက်
အလှမမက်။
....
ဘုရားသွား ကျောင်းတက်
ဒါနတူတူ
စိတ်ကိုယ်တူ။
...
ခရီးသွား စုံမက်
တွဲဖက်တူတူ
မငြီးငြူ။
...
လက်မပါ စိတ်မကောက်
သစ္စာမဖောက်
တို့နှစ်ယောက်။
...
ဖောက်သည့်သစ္စာ
တွေ့မြင်ကြားသော်.....
ရှေးကဗျာ တပိုင်းတစ
သူငါ အမှတ်ရ။
...
ကဲ..ရှင်မ၊ နားထောင်
အိမ်ရှိ တောင်း..ပလုံး..နှီး..ဖျာ
ညည်းက အကုန်ယူ
ငါ နှီးဖြာတတ်သူ။
.
အိမ်ရှိ အထည်အလိပ်..ခေါင်းအုံး...မွေ့ရာ
ငါက အကုန်ယူ
ညည်းက ရက်ကန်းတတ်သူ။
.
ဘူးစင်အောက်က နွားတစ်ယှဉ်း
ညည်းကြိုက်တာ ရွေးယူ။
.
အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ ငါနဲ့ ပြတ်စဲစေ....။
.
.
အသွင်တူ..အချစ်တူပြီး ရာသက်ပန် ပေါင်းဖက် ပျော်ရွှင်နိုင်ကြပါစေ။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, June 20, 2010

ကိုမျိုး တို့ အညာ

မှိုင်းရီလို့မှောင်
တောတောင်ညာတသိမ်က
သာဂိမှေ နွေရတုငယ်မို့
ကြွေလုဟန်စော
(မြင်ကွန်းမင်းသားကြီး)
.
ကျွန်တော်တို့ အိမ်ရှေ့က မန်ကျည်းပင်ကြီးလည်း အကျီင်္အဟောင်းကို လဲပြီ။ ရွက်နုထိုးစပြုနေသော အရွက်စိမ်းနုလေးများလည်း ခြုံနေကြပြီ။
.
"ဟေ့မိသန်းရေ.. ငါဖို့ရော မန်ကျည်းရွက်နု တလက်စာလောက် ပိုပြီး ခူးလိုက်စမ်းပါအေ..
"အင်းပါတော်..ခူးလိုက်ပါ့မယ်.. ဆွမ်းခံကိုယ်တော်တွေ ကြွလာတော့မှာမို့ မြန်မြန်ခူးနေတာတော့..
"အေးပါအေ.. လိမ့်ကျနေပါအုံးမယ်
"ရပါတယ်တော်.. ဒီအပင်က ကျုပ်တက်ခူးနေကြပါတော်..
"အေးအေး.. အဲဒါဆိုလဲ ပြီရော..
အန်တီသန်းတို့ မန်ကျည်းရွက်ခူးနေစဉ်

ကိုမျိုးရဲ့ ညီမ၀မ်းကွဲလဲ မန်ကျည်းပင်ပေါ်မှာ (ဒီနေ့တော့ မန်ကျည်းရွက်သုတ် နဲ့ မန်ကျည်းရွက်ချဉ်ရည်)
.
ဒီစကားသံတွေကြားတော့မှ အိပ်ယာကလန့်နိုးပြီး သံဃာတော်တွေတောင် ဆွမ်းခံကြွချိန်ရောက်နေပြီ ဆိုတာ သတိထားမိတော့တယ်။ သံဃာတော်များအား ဆွမ်းလောင်းမည်ဟု မနေ့ညကတည်းက ပြောထားတာ သတိရမိ။ အိမ်ယာကမြန်မြန်ထပြီး ပြင်ထားတဲ့ ဆွမ်းဟင်းတွေကို ထိုင်ကိုယ်တော်လေးများအား လောင်းလှူ။

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်


သံဃာတော်များ ဆွမ်းခံကြွမလာမီ သန့်ရှင်းထားကြစဉ်
ကြည်ညိုဖွယ်ရာ ဆွမ်းလောင်းလှူနေကြစဉ်
နေ့စဉ် နေ့တိုင်း ဒီအတိုင်း ဆွမ်းလောင်းလှူကြတယ်
သံဃာတော်များအား ဆွမ်းလောင်းလှူနေကြစဉ်

အမေက မှာလိုက်တယ်။ ငါ့သား စင်ကာပူပြန်ရောက်ရင်လဲ နေ့တိုင်း၊ မနက်တိုင်း ဆွမ်းလောင်းနော်တဲ့။ အိမ်ယာထ မပျင်းနဲ့တဲ့။ အမေရယ်.. ကျွန်တော်ရောက်နေတဲ့ စင်ကာပူက အခုလို ဆွမ်းလောင်းဖို့ သံဃာတော်တွေ အိမ်ပေါက်ဝထိ ကြွမလာဘူးဗျ။ ဖြစ်ရလေ ငါ့သားရယ်။ 


ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, June 13, 2010

မွေးရပ်မြေအညာ ရဲ့ သဘာဝ အလှ

မွေးရပ်မြေအညာ တစ်ခေါက် အလည်ရောက်ခဲ့ပြန်ပေါ့။ ငယ်ငယ်တုန်းက ပြေးလွှားစော့ကစားခဲ့တဲ့ နေရာလေးတွေ မြင်မိတိုင်း ဒီနေရာ ဒီဒေသလေးတွေကို ဓာတ်ပုံမရိုက်ဘဲ မနေနိုင်လောက်အောင်ကို အရမ်းရိုးစင်း လှပလွန်းလို့ ရိုက်ယူခဲ့မိတယ်။
.
ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အပင်ကြီးတိုင်းလိုလို တက်ပြီး စော့ကစားဘူးခဲ့တာ။ ဒီအပင်ကြီးတွေကို အကာအကွယ်ယူပြီး သေနတ်ပစ်တန်း၊ သစ်ပင်တက်တန်း၊ တူတူပုန်းတန်း၊ သစ်ပင်ပေါ်လာတဲ့ စာကလေးတွေကို လောက်လေးခွနဲ့ ထိုင်စောင့်ပြီး ပစ်ခဲ့၊ ကစားခဲ့ကြတာ။ သစ်ပင်ကြီးတွေက အိုနေပေမယ့် မိုးဦးရာသီအစမှာ နုပျိုလန်းဆန်းစွာနဲ့ ကြိုဆိုနေဆဲ။





ကိုမျိုး တို့ ရွာအ၀င် လမ်းမကြီး


သံဃာတော်များ ဆွမ်းခံကြွရာလမ်း (ဦးလေးမှုံ သန့်ရှင်း ကုသိုလ်ယူနေစဉ်)


ကျောင်းမဖွင့်ခင် နွေရာသီ ကျူရှင်တက်ရန်သွားနေတဲ့ ကျောင်းသားလေးများ



မိုးဦးစမို့ သီးနှံစိုက်ပျိုးရန် မိုးမလုံလောက်သေးလို့ နွားများလည်း နားနားနေနေ




ရွာဦးကျောင်းသို့ သွားရာလမ်း



ရေထမ်းသူထမ်း.. ကျောင်းသွားသူသွား





ကိုမျိုး တို့ အိမ်ရောက်ပြီ။ မိဘ၊ ဆွေမျိုးသားချင်း ၊ ငယ်ပေါင်းတွေလဲ ၀မ်းသာအားရ လာရောက်ပြီး နှုတ်ဆက်ကြ၊ လဘက်ရည်သောက်ခေါ်ကြ။ ထမင်းစားခေါ်ကြ။ ဒီမြေ၊ ဒီရေ၊ ဒီအညာ၊ ဒီရွာမှာ ကြီးပြင်းခဲ့သူမို့ တစ်ရွာလုံးကလည်း မိသားစု ဆွေမျိုးရင်းများ ကဲသို့ ဖြစ်နေပါသည်။ ဒီပို့စ်လေးကို တင်ရင်းနဲ့ ရွာကို အရမ်းသတိရနေတယ်။ မွေးရပ်မြေဇာတိ ချက်မြှပ်ရာနေရာမို့ မလွမ်းဘယ်သူ ရှိပါ့မလဲကွယ်။



.



ခင်မင်လေးစားစွာဖြင့်



ကိုမျိုး (အညာမြေ)

Thursday, June 3, 2010

အညာမြေမှ ယက်ကန်းခတ်သံ

အညာမြေမှ ယက်ကန်းခတ်သံလေးနဲ့ နှုတ်ခွန်းဆက်သပါရစေ။ မွေးရပ်မြေရွာသို့ အလည်တစ်ခေါက် ပြန်ပြီး ဆွေမျိုးသားချင်း ငယ်ပေါင်းတွေနဲ့ တ၀ကြီး စိတ်ရှိသလောက် မနေခဲ့ရပေမယ့် ပျော်ရာကိုခွါပြီး တော်သင့်ရာနေရာကို ပြန်ခဲ့ရလို့ အလွမ်းတွေ တပွေ့တပိုက်ကြီးနဲ့ မျက်နှာညှိးနေတုန်းပါ။ အညာလက်ဆောင်တွေတော့ တပွေ့တပိုက်ကြီးနဲ့ပါ။ အခု ယက်ကန်းခတ်သံလေးနဲ့နှုတ်ဆက်ပါတယ်။
.
ကျနော် ငယ်ငယ်တုန်းကတော့ လက်ယက်ကန်းစင်တွေ အိမ်ပေါက်စိ ရှိသလောက်ပါ။ အခုတော့ တစ်ရွာလုံးမှ နှစ်ခု သုံးခုဘဲ တွေ့ပါတော့တယ်။ အညာချည်ထည်လေးတွေ ၀တ်ရတာ ဘယ်လောက်နေပူပူ ကျန်းမာရေးနဲ့ ညီညွတ်မျှတစေတော့ လွမ်းမိသား။ အရင်တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ နေခဲ့တာဆိုတော့ ချည်ထည်တစ်ခု ရဘို့ ခက်ရခက်ဆစ် လုပ်ခဲ့ရတာကို သတိမထားမိ။ အခုတော့ အညာချည်ထည်လေးတွေ တန်ဘိုးထားမိလာတော့ တကူးတက မေးပြီး ၀ါဂွမ်းမှ ချည်ထည်အချောအထိ ဘယ်လောက်လက်ဝင်ပြီး ယက်ခတ်ရတယ်ဆိုတာ သိခဲ့ရတယ်။
.
ယောင်္ကျား စာမတတ်တော့ အကန်း။ မိန်းမ ယက်ကန်းမတတ်တော့ အကျိုးတဲ့။ ရွာမှ အဒေါ်ကြီးက သူတို့ ငယ်ငယ်တုန်းက သုံးနှုန်းကြတဲ့ စကားကို ဆိုပါတယ်။ မျိုးဝါစေ့လေးတွေကို မိုးရွာတဲ့အခါ လယ်တောထဲမှာ ပက်ကျဲရပါတယ်။ အဆင်ပြေပြေမို့ဝါအပင် ရပြီး ၀ါသီးလေးတွေ ရပြီဆိုပါစို့။ ရင့်မှည့်လာပြီဆိုရင် ၀ါပွင့် ဖွေးဖွေးလေးတွေအဖြစ် ကြည်နူးရပြီပေါ့။ ၀ါပွင့် လေးတွေ ကို ခူးဆွတ်ပြီး နေလှန်း။ ပြီးတော့ ၀ါသန့်။ ဆိုလိုတာက အပွင့်မလှဘူး။ အမှိုက်ရောနေတဲ့ ၀ါပွင့် လေးတွေကို ရွေးထုတ်ပြီး သန့်တဲ့ ၀ါပွင့် လေးတွေကို ရွေးခြင်းပါ။
.
ဝါသန့်လေးတွေကို ကြိတ်ရပါတယ်။ ၀ါကြိတ်တယ်ဆိုတာက ပွင့်ဖတ်နဲ့ ၀ါစေ့ကို ခွဲထုတ်ခြင်းပါ။ ရွာမှာတော့ ပွတ်လုံးနှစ်ခုပါ လက်လှည့်ဘီးထဲ ၀ါပွင့်ကို ထိုးထည့်ပြီး အစေ့နဲ့ ပွင့်ဖတ် ခွဲထုတ်တာပါ။ ၀ါကြိတ်ပြီးပြီ ဆိုရင် ၀ါ ဖတ် ရပါတယ်။ ၀ါဖတ်တယ် ဆိုတာက ၀ါဂွမ်းလေးတွေကို ပိုပြီး နုညံ့ညက်ညောသွားအောင် ပြုလုပ်ခြင်းပါ။ အဲဒီ ၀ါညက်ကို တဖတ်ခြင်းယူပြီး ဒုတ်တန်အချောလေးနဲ့ လိပ်ယူရပါတယ်။ ဗိုင်းတောင့် လုပ်တယ်လို့ ဆိုပါတယ်။


ရစ်ခုံ အမျိုးမျိုး
.
ဗိုင်းတောင့်လိပ်ကလေးတွေကို လေလွင့်မသွားအောင် တောင်းလေးထဲမှာ ထည့်ပြီးဖိထားရပါတယ်။ ဗိုင်းကောင်း ကျောက်ဖိ တဲ့ဗျာ။ ပိပိရိရိ သေသေသပ်သပ် ကလေး နေတတ်ထိုင်တတ်ခြင်းကိုလည်း ဒီစကားနဲ့ ခိုင်းနှိုင်းကြတာပေါ့။ ဗိုင်းလိပ်တောင့် ကလေးတွေကို ၀ါချည်မျှင်ဖြစ်အောင် ရစ်ခုံ ကလေးမှာ တစ်မျှင်ခြင်း ရစ်ယူရပါတယ်။ ဗိုင်းငင်တယ်လို့ ခေါ်ဆိုကြတယ်။ ဗိုင်းငင်ပြီးရင် ချည်မျှင်ရပြီ ဆိုပါစို့။ အဲဒီချည်မျှင်ကို ခြားရစ်ရပါတယ်။ ချည်ခင် ရမယ်။ ချည်ခင် ကို လိုရာအရောင်ဆိုး။ ဆေးဆိုးပြီး ချည်စာနင်း။ ချည်စာနင်းတယ်ဆိုတာ ဆေးဆိုးပြီး ချည်ခင်ကို ဆေးသားဝင်သွားအောင် ချည်ခင်ကို ထမင်းပျော့ပျော့နဲ့ နယ်ပြီး ခြေဖ၀ါး နဲ့အားထည့်ပြီး နင်းရပါတယ်။

အဖွားသီ ချည်ခင် နေစဉ် (အပြုံးလေးနဲ့ :)


ပြီးတော့ နေလှန်း။ ချည်စာသတ်။ ချည်စာသတ်က ချည်မျှင်လေးတွေကို တစ်ပင်ခြင်း ရှင်းသွားအောင် ချည်စာသီး နဲ့ ခြစ်ရပါတယ်။ အဲဒီ ရှင်းပြီးသား ချည်မျှင်လေးတွေကိုမှ ယောက်လုံးတွင် ရစ်ယူရပါတယ်။ ရက်ဖောက်တယ်လို့ ခေါ်တယ်။ ယက်ကန်းစင်ပေါ်ရောက်ဖို့ အဆင်သင့်ပြီ။ ၀ါဂွမ်းကနေ ချည်ထည်အချောအထိ တဆင့်ချင်း လုပ်ဆောင်ရတာတွေက အများသား။ တချို့အဆင့်တွေက အညာအခေါ်အဝေါ်တွေနဲ့ တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကွဲပြားလို့ ချန်လှပ်ထားခဲ့ပါတယ်။


အညာယက်ကန်းစင် (အသုံးဝင်ပုံများ.. ထမီလှန်းတယ်..ရေနံကြီးအိုးထားတယ်..ထင်းတွေပုံထားတယ်..အေးကျော် ဆိုတဲ့ နာမည်တောင်ပါလိုက်သေး)

ချည်ထည်အကွက်ဆန်း ပုဆိုးယက်ရန် ပြင်ဆင်ထားတယ်တဲ့

အကွက်ဆန်းဆင် ပုဆိုးကွက်ပုံပေါ်နေပြီ။
.
ယက်ကန်းစင်.. ကွက်ဆန်းထွင်
ပျို့မောင်ကြီး ကိုယ်ယောင်ပွနဲ့
အတော်လိုက်မယ့်အဆင် ယဉ်သလေး..
ပျော်လိုက်တဲ့ခင်..ခင် ရေ
အတော်လိုက်မယ့်အဆင် ယဉ်သလေး။
.
လက်ခတ်သံ လက်ခတ်သံ
မလေး လက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ
ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေး။
.
ရှေးစာဆိုကြီးတွေ ရေးစပ်သီကုံး ဖွဲ့ဆိုထားသည့် မလေး လက်ခတ်သံ ဆိုတဲ့ သီချင်းသံကလဲ နားထဲမှာ ကြားယောင်လာမိပါတယ်။ နိုင်ငံခြားဖြစ် အ၀တ်အထည်တွေကို အားမပေးဘဲ ပြည်ထွန်းဖြစ် လက်ယက်ကန်း အဆင်အကွက်လေးများကို အားပေး ၀တ်ဆင်ပြီး ၀ံသာနု ရက္ခိတ အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးထားတဲ့ သီချင်းစာသားလေးဆိုရင်လဲ မှားမည်မထင်ပါ။
.
တိုးတက်နေတဲ့ ခေတ်ထဲမှာ အထည်တစ်ခုကို အလွယ်တကူ ၀ယ်ယူဝတ်ဆင်နိုင်ပါလျှက် ဘာဖြစ်လို့ ဒီလောက်ခက်ခက်ခဲခဲ လက်ရက်ထည်လေးတွေကို အမြတ်တနိုး တနိုင်တပိုင် ယက်လုပ်ပြီး ၀တ်ဆင် နေကြသေးတာလဲလို့ အမေးရှိရင် ကျုပ်ကိုယ်တိုင် အဖြေကောင်းကောင်း မပေးတတ်။ ပေးတတ်တဲ့ အဖြေကတော့ ကျုပ်က မြန်မာဗျ။ မြန်မာ့ချည်ထည်လေးတွေကို တန်ဘိုးထားတယ်။ မြတ်နိုးတယ်။ မြန်မာ့ကျေးလက် အနုပညာကို လေးစားတယ်။ ဂုဏ်ယူတယ်။ ခေတ်နောက်ပြန်ဆွဲတယ်လို့ ဆိုချင်ဆို။ ကျုပ်ကတော့ ကျေးလက်အမွေအနှစ်မို့ နောက်တစ်ခေါက် ရွာပြန်ရင် ယက်ကန်းခတ်သံလေးတွေ မကြားရတော့မှာ နှမြောမိသဗျာ။
.




.

ခင်မင်လေးစားစွာဖြင့်

ကိုမျိုး (အညာမြေ)

Monday, May 3, 2010

ပျင်းရင် ဘာလုပ်

"ပျင်းရင် တောပြန်" တဲ့
ကိုမျိုးတို့ ဘဝ
ထင်ဟပ်လှပေါ့။
.
အညာ နေ
ကျစ်ကျစ်တောက်မို့
မိုးအရွာ စောင့်ပါအုံး တဲ့။
.
ငပူ ငအေး
ရွေးကောက် မနေတော့။
.
ပူပူ အေးအေး
အမေရှိရာ
အညာပြန်မယ်။


မွေးရပ်မြေအညာသို့ အလည် ၂ ပတ် ပြန်ပါဦးမည်။


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Monday, April 26, 2010

အညာ နဲ့ ကိုမျိုး (၄) ( ၈၈ အရေးအခင်း ကာလ)

ကိုမျိုးငယ်ငယ် လေးတန်း နှစ်က ဖြစ်ပါသည်။ ၈၈ အရေးအခင်းကာလ။ အဖေ နှင့် အမေ၊ ကိုမျိုး ရယ် အစ်ကိုဖြစ်သူ က အဘွားတို့နှင့် အတူနေစဉ် ဖြစ်ပါသည်။ တစ်နေ့။ ညနေစောင်းအချိန်။ ရွာဦး အရှင်ကြီးပင် အောက်မှ ဒိုင်း ကနဲ့ သေနတ်ဖောက်သံ ကြားလိုက်ရသည်။ ရွာသူရွာသားအားလုံး အထိတ်တလန့်နဲ့ ဒမြတွေ ၀င်လာပြီဟေ့။ မီးကွက်တွေ မှုတ်ထားကြ။
.
လူကြီးတွေရဲ့ ပြန်လည် ပြောပြချက်အရ ယခင်က ရွာတစ်ရွာမှာ ဒမြ တိုက်တော့မယ်ဆိုရင် ဒမြတိုက်မယ့် အဖွဲ့သား အနည်းဆုံး ခြောက်ဦးရှိတယ်လို့ သိရပါတယ်။ သုံးဦးက ရွာဦးမှာ။ ကျန်သုံးဦးက တိုက်မယ့် အိမ်အနားမှာ။ မတိုက်ခင် ရွာဦးကနေ သေနတ်ကို အစမ်းပစ် ရပါတယ်။ အဲဒီ သေနတ် ကျည်ထွက်ပြီးမှ ဒမြတိုက်လို့ အဆင်ပြေတယ်ဆိုတဲ့ အယူအဆ။ ရွာဦးက သေနတ် ကျည်မထွက်ဘဲ အဲဒီရွာကို ဒမြ ၀င်တိုက်ရင် အဆင်မပြေဘူးဆိုတဲ့ အယူအဆ။ အဲဒါကြောင့် ကျွန်တော်တို့ ရွာဦးကနေ ဒိုင်း ကနဲ့ သေနတ်သံ ကြားလိုက်ရတာပါ။
.
ထိုသေနတ်သံ အော်သံများနှင့်အတူ ကျွန်တော်တို့ အိမ်သို့ ဒမြ တိုက်ပါတော့သည်။ အဲဒီအချိန် အိမ်မှာ အဖေ၊ အမေ၊ ဦးလေး၊ အဘိုး နဲ့ အဘွား ရယ် ကျွန်တော်ရယ် ရှိနေပါသည်။ လူသုံးယောက် ရုတ်တရက် အိမ်ထဲသို့ ၀င်လာပြီး တစ်ယောက်က အဘိုးအား သေနတ်ဖြင့် ချိန်။ ဒူးတုတ် ထိုင်ခိုင်းပါသည်။ ကျန်နှစ်ယောက်က ဓားပြပြီး အဖေ နှင့် ဦးလေးကို ဒူးထောက် ထိုင်ခိုင်းပါသည်။ အဘွား ဘယ်ရောက်နေသည် မသိ။ ကျွန်တော်က အမေ့ ရင်ခွင်ထဲမှာ။ လှူပ်ရှားမှုအားလုံး မြင်နေရပါသည်။
.
အဘိုးက အညာယက်ကန်းစင် ရဲ့ နောက်ဖက်မှာ ဒမြတစ်ယောက်ရဲ့ရှေ့ ဒူးထောက်။ ကျွန်တော်ရယ် အဖေ၊ အမေ ရယ် ဦးလေး ရယ်က ယက်ကန်းစင် ရဲ့ ဘေးဖက် မျက်စောင်းထိုးမှာ ကျန်နှစ်ယောက်ရှေ့ ဒူးထောက်။
" အဘိုးကြီး။ ခင်ဗျားအိမ်ကို ကျုပ်တို့ ဒမြတိုက်တယ်။ လူမသတ်ချင်ဘူး။ အဲဒီတော့ ရှိတာတွေ အကုန်ပေး။
" ဟဲ့..သမီး စပါးပုတ်အောက်က ရွှေအိုးကို ပေးလိုက်။ ညည်း ဆွဲကြိုး နဲ့ လက်ကောက်ပါ ပေးလိုက်။
အမေက ကျွန်တော့ကို အဖေ့ရှေ့ တွန်းပို့ပြီး ထားခဲ့။ စပါးပုတ်သို့ အသွား ဒမြတစ်ယောက် အမေ့နောက်က ခပ်ခွာခွာ လိုက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာ အဖေက အနားမှာ ရှိနေတဲ့ သစ်သားဒုတ် တစ်ခုကို ရုတ်တရက်ဆွဲပြီး သေနတ်ကိုင်ထားတဲ့ ဒမြ တစ်ယောက်ရဲ့ဦးခေါင်းကို ဒူးထောက်ထိုင်နေရာက ခုန်ပြီး အားကုန်လွှဲ ရိုက်ချလိုက်ပါတော့သည်။ ရုတ်တရက်မို့ အငိုက်ခံ လိုက်ရတဲ့ အချိန်မှာ ဦးလေးဖြစ်သူက ဓားကိုင်ထားတဲ့ တစ်ယောက်ကို ၀င်ပြီး လုံးပါတယ်။
.
အဘိုးလဲ ဒူးထောက်နေရာကထပြီး ကျွန်တော့ကို ပွေ့ကာ အနားရှိ ပဲစင်းငုံ ထည့်ထားသည့် ပုတ်အတွင်းသို့ ထည့်လိုက်ပါသည်။ ခွပ်ကနဲ့ အသံကြားလို့ အမေ့နောက်က လိုက်သွားတဲ့ သူက ပြန်လှည့်လာပြီး နပန်းလုံးနေသည့် ဦးလေးအား ၀င်ပြီး ဓားဖြင့် ခုတ်ပါတော့သည်။ ဦးလေးကလဲ ခေသူမဟုတ်။ လူးလှိမ့်ပြီး လွတ်အောင်ရှောင်လိုက်နိုင်သည်။ အဘိုးက အမေ့နောက် လိုက်ပြီး ထွက်ပြေးပါသည်။
.
သေနတ်ကိုင်ထားသည့် ဒမြသည် အဖေ့ သစ်သားဒုတ် လက်ချက်ဖြင့် မှောက်နေပြီ။ ဦးလေးက လက်နက်မပါ။ အဖေက သစ်သားဒုတ်ဖြင့်။ ကျန်နှစ်ယောက်က ဓားကိုယ်စီဖြင့်။ ကျွန်တော်က ပဲပုတ်ထဲမှာ။ အဘိုးနှင့် အမေက လွတ်ရာပြေးပြီ။ အဘွားဘယ်ရောက်နေသည် မသိ။ အားလုံးတော့ သေကုန်တော့မှာဘဲ လို့ စိတ်အထင်ဖြင့် ပုတ်ထဲကနေပြီး ခေါင်းထောင်ပြီး ကြည့်မလို့ မော့လိုက်ကာ ရှိသေး။ ကျွန်တော့ ခေါင်းကို လက်တစ်ခုက ဖိပြီး ငြိမ်ငြိမ်နေ ဆိုပြီး ဖိထားပါသည်။ အလိုလေး။ အဘွား ပါလား။ ဘယ်အချိန်က ဒီပဲပုတ်ထဲ ရောက်နေသည် မသိ။
.
ဦးလေးက အိမ်အပြင် ထွက်ပြေး။ အဖေလဲ နောက်ကလိုက်ပြီး ပြေး။ ဒမြနှစ်ယောက်လဲ လိုက်ပြီးပြေး။ သေနတ်နဲ့ ဒမြတစ်ယောက် ယက်ကန်းစင်ဘေးမှာ မှောက်ရက်လဲနေခဲ့။ ဒမြ တစ်ယောက်က ဦးလေးရဲ့ နောက်ကနေပြေးလိုက်ပြီး ဓားဖြင့်ခုတ်လိုက်ရာ ဒီတစ်ခါတော့ ဦးလေး မလွတ်။ ခေါင်းတော့ မထိ။ ခြေကျင်းဝတ် ထိပြီး အား ကနဲ့ အိမ်ရှေ့မှောက်ရက် လဲကျပါတော့သည်။ အဖေက နောက်ပြန်လှည့်ပြီး ကိုင်ထားတဲ့ သစ်သားဒုတ်ဖြင့် ပေါက်လိုက်ရာ ဒမြဖြစ်သူ၏ မျက်နှာမှန်ပြီး နောက်သို့ လဲကျသွားပါသည်။ ကျန်ဒမြတစ်ယောက်က အိမ်အပြင်ရောက်တာနဲ့ လမ်းမပေါ်ထွက်ပြီး ပြေးပါတော့သည်။
.
" ဒမြတွေ ထွက်ပြေးပြီဟေ့။ လိုက်ကြ။ လိုက်ကြ။
ဦးလေးနဲ့ အဖေက သံပြိုင်အော်ကြတော့ အနီးမှာ ရှိတဲ့သူတွေ သတ္တိဝင်လာပြီး ကျွန်တော်တို့ အိမ်ဝင်းထဲသို့ အရပ်လေးမျက်နှာမှ ၀င်လာကြပါတော့သည်။ သစ်သားဒုတ်ဖြင့် မျက်နှာအမှန်ခံရတဲ့ ဒမြလည်း လမ်းမဘက်ထွက်ပြီး ပြေးပါတော့သည်။ ဦးလေးဖြစ်သူရဲ့ ခြေထောက်က သွေးတွေထွက်နေတာ မြင်လို့မကောင်း။
"ဘာတွေပါသွားသေးလဲ..
"ဒမြဘယ်နှစ်ယောက်လဲ..
"အဘွားနဲ့ မောင်မျိုးရော..
"အဘိုးနဲ့ အမေ ရော..
"အဖေရော ဘာဖြစ်သွားသေးလဲ..
"ဟိုလူနှစ်ယောက်နောက်ကို လိုက်ကြ။
"ဦးလေးကို ဆေးခန်းပို့ကြ။ ဆိုတဲ့ အသံတွေ ညံပွက်နေပြီး တစ်ရွာလုံးနီးပါး အိမ်အပြင်ထွက်လာ ကြပါတော့သည်။
.
"ဘာမှတော့ ပါမသွားဘူး။
"ဒမြ သုံးယောက်။
"သေနတ်နဲ့ ဒမြ သေပြီ။
"ကျန်နှစ်ယောက် ပြေးပြီ။
"အဘွားနဲ့ မောင်မျိုး ပဲပုတ်ထဲမှာ။
"အဘိုး နဲ့ အမေ ဒီမှာ။
"အဖေ ဘာမှ မဖြစ်။
"ဟိုလူနှစ်ယောက် ဘယ်ရောက်သွားလဲ မသိ။
"ဦးလေးကို ဆေးခန်းပို့။ ခြေကျင်းဝတ် အကြောပြတ်သွားလို့ ဆေးရုံတင်ဘို့ စီစဉ်ရမည်။
.
မနက်မိုးလင်းတော့ မြို့နယ်စခန်းမှုးနှင့် အဖွဲ့ရောက်လာပြီး သေနေတဲ့ ဒမြကို သယ်ယူသွားကြပါသည်။ ဘယ်လောက်ထိများ ကြောက်အားလန့်အားနဲ့ ရိုက်ထားသည်မသိ။ ဒမြ၏ ခေါင်းမှာ ဖရဲသီးကို ရိုက်ခွဲထားသည့် ပမာ။ ကျန်နှစ်ယောက် အိမ်ရှေ့လမ်းအတိုင်း ထွက်ပြေးတာ အခုထိ ဘယ်ရောက်နေသည် မသိ။ ဦးလေးကို ဆေးရုံပို့လိုက်ကြပြီ။ ကိုမျိုး ကိုလဲ ဆေးရုံပို့ရန် ထပ်မံပြီး စီစဉ်ကြပါသည်။
.
အကြောင်းမှာ ကြောက်အားလန့်အားနဲ့ ပဲစင်းငုံထည့်ထားသည့် ပုတ်ထဲသို့ ပုန်းနေစဉ် ပဲစင်းငုံစေ့ နှစ်စေ့။ နားထဲတွင်တစ်စေ့။ နှားခေါင်းပေါက်ထဲတွင် တစ်စေ့။ ၀င်နေသောကြောင့် ဖြစ်ပါသည်။ နားထဲ ၀င်နေသည့် အစေ့ကလဲ ဘာနဲ့မှ ကော်ထုတ်လို့ မရ။ ကွက်တိလေး ၀င် နေပါသည်။ နှာခေါင်းပေါက်ထဲက တစ်စေ့ကလဲ ကွက်တိလေး ၀င်နေပြီး အပြင်မှ ဘယ်လိုမှ ထုတ်လို့မရ။ နှာခေါင်းတစ်ဖက်ပိတ်ပြီး နှပ်ချေးညှစ်သလို ညှစ်သော်လည်း မရ။ နားထဲက အစေ့ကလဲ ဘယ်လိုထုတ်ထုတ် မထွက်။ နောက်ဆုံးတော့ ကိုမျိုးကိုပါ ဆေးရုံပို့ဘို့ စီစဉ်ကြပါတော့သည်။
.
အခုရေးနေရင်းနဲ့ အဲဒီတုန်းက အဖေ ရဲ့ တဇွတ်ထိုး မိုက်ရဲမှုကို ကြောက်လန့်မိပါသည်။ သစ်သားဒုတ်နဲ့ အပိုင်ရိုက်လိုက်နိုင်လို့ မဟုတ်ရင် အဖေသေပြီ။ ဦးလေးလား။ ဦးလေးကိုတော့ အဖေ့ထက် ပိုပြီး စိတ်ချသည်။ ဦးလေးက ရွာမှာ ဗမာသိုင်းဆရာ။ ကျွန်တော် ခုနှစ်တန်းလောက်မှာ ဗမာ့သိုင်း ပညာကို ဦးလေးသင်ပေးလို့ တော်တော်စုံနေပေပြီ။ ဦးလေးပြောစကား အခုထိ မှတ်မိသေး။ ငါမို့လို့ကွ။ တခြားလူသာဆိုရင် ခေါင်းပြတ်ပြီတဲ့။ ဟုတ်ပါရဲ့။ ခြေကျင်းဝတ် အကြောပြတ်ပြီး အခုထိ ထော့နင်း ထော့နင်း နဲ့ ခါးလေးစောင်းပြီး အသက်ရှင်နေလို့။
.
အဘိုးပြောစကားအရ အဲဒီတုန်းက အမေ့ကို ယူခိုင်းလိုက်တဲ့ စပါးပုတ်အောက်က ရွှေအိုးက အစစ်မဟုတ်ဘူးတဲ့။ မြင်းမူပွဲတော်က ၀ယ်လာတဲ့ ရွှေရောင်သုတ်ထားတဲ့ ကြေးပြားတွေတဲ့။ အမေပြောတာ အခုထိ မှတ်မိသေး။ " ငါ့လက်ကောက်နဲ့ ဆွဲကြိုးကတော့ အစစ်ပါအေ" တဲ့။
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, April 14, 2010

အညာ နဲ့ ကိုမျိုး (၂)

နေ့စဉ်ကျောင်းသွားတက်နေရတော့ လမ်းတလျောက်မှာ ရှိတဲ့သူတွေအားလုံးက သိနေကြပြီလေ။ ရှစ်တန်းတက်နေတဲ့ နှစ် ဆိုပါစို့။ လူကောင်က နဲနဲထွားတော့ လူပျိုပေါက်အရွယ်လို့ ထင်စရာပေါ့။ လမ်းတလျောက်က ကောက်စိုက်သမလေးတွေ၊ ကျောင်းသူလေးတွေကြားမှာ တိုးတိုးတိတ်တိတ် ရင်ခုန်တတ်တဲ့ အရွယ်ပေါ့။ ကောက်စိုက်သမလေးတွေရဲ့ လယ်တောနား ရောက်ပြန်ရင်လဲ အကြောင်းမရှိ အကြောင်းရှာပြီး စက်ဘီးစီးရလို့ မောလိုက်တာ ဆိုပြီး ရေတောင်းသောက်။ ကြံဖန်ပြီး စကားတွေ စပြီးပြော။ သူတို့လေးတွေကလဲ ခေသူတွေမဟုတ်။ အုပ်စုတောင့်တော့ သူတို့ကို အရမ်းမပိုးရဲ။ မသိမသာ ပိုးရတာပေါ့။
.
တစ်နေ့တော့..ကျောင်းကအပြန် ကောက်စိုက်သမ အဖွဲ့ထဲက ခပ်ချောချော ကောက်စိုက်သမတစ်ယောက်က နေမကောင်းလို့ သူ့ကို စက်ဘီးပေါ်တင်ပြီး အိမ်ပြန်ပို့ပေးပါပြောလို့ လိုက်ပို့ပေးလိုက်တယ်။ ကျနော့်ကိုကြတော့ နေမကောင်းဘူးလို့ ပြောတယ်။ သူတို့ ကောက်စိုက်သမ အချင်းချင်းကြတော့ ကိုမျိုး နဲ့ စက်ဘီးစီးပြီး အိမ်ပြန်တော့မယ်လို့ ပြောခဲ့တယ်တဲ့။ စကားတွေက တဖြည်းဖြည်းနဲ့ တစ်ယောက်စကား တစ်ယောက်နား ကြားဖန်များလာတော့ စကားဆိုတဲ့အတိုင်း ကားကားလာလိုက်တာ ကိုမျိုး နဲ့ အဲဒီကောက်စိုက်သမလေး ကြိုက်နေကြပြီတဲ့ဗျာ။ ရှစ်တန်းရှိသေးတာနော်။
.
တစ်နေ့တော့ အမေတို့က ထမင်းဝိုင်းမှာ ထမင်းစားနေကြတယ်။ ကျနော်က ကျောင်းကပြန်လာချင်း ထမင်းစားအုံးမယ် ဆိုပြီး စက်ဘီးလေးပေါ်ကဆင်းပြီး လက်ဆေးရင်း ဘာရယ်မဟုတ် သူ့အလိုလိုပေါ်လာတဲ့ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းနေမိတယ်လေ။
.
xxx ကောက်စိုက်သမလေးတွေ သံပြိုင်ဆို...
xxx ထမီတိုတို...ရွှဲလို့စို.. ရွှဲလို့စို...
.
သီချင်းတောင်မပြီးသေးဘူး။ နားထဲမှာ ၀ှီးကနဲ့ အသံကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ထမင်းခူးတဲ့ သစ်သားယောင်းမကြီး အနားကနေ ဖြတ်ပြေးတာ။ တဆက်တည်းမှာဘဲ ဒီကောက်စိုက်သမကို ဒီလောက်တောင် စွဲနေပြီလား။ "ငါတော့..သေချင်တာပါဘဲ။ လူကဖြင့် ရှစ်တန်းရှိသေး။ လူပျိုစိတ်က ၀င်နေပြီ။ မိန်းမက လိုချင်နေပြီ။ ပြောမပြော ချင်ပါဘူး..." တဲ့။ ဘယ်သူတွေက ဘယ်စကားတွေပြောပြီး..အမေက ဘာတွေကြားထားသလဲ မသိပါဘူး။ အဲဒီ ကောက်စိုက်သမလေးနဲ့ ကိုမျိုးကို အတင်းကို သမုတ်ကြတော့တာ။ တကယ်ကို ဘာဆို ဘာမှ မဟုတ်ရပါကွယ်။ သူနေမကောင်းလို့ ယာတောကနေ အိမ်ပြန်ပို့ပေးပါဆိုလို့ စက်ဘီးပေါ်တင်ပြီး သူ့အိမ်ထိ ပြန်ပို့ပေးခဲ့မိတာ။ နာမည်ကြီးချင်တော့ ကြံဖန်ကြီးတာပေါ့လေ။
.
ဒါနဲ့ စကားမစပ်.. ရွာထဲက ကာလသား လူငယ်တွေကလဲ အထင်ကြီးစိတ်နဲ့ ကြည့်လာကြတယ်လေ။ ကိုမျိုးက ရွာထဲမှာ အလှဆုံး ကောင်မလေးနဲ့ ကြိုက်နေတယ်ပေါ့။ ကဲ..အထင်ခံရ နည်းသလား။ ခပ်တည်တည်နဲ့ နေလိုက်တယ်။ ပိုပြီး ထင်နေကြပြီပေါ့။ ဘယ်လိုလုပ်ပြီး အဲဒီကောင်မလေးနဲ့ ကြိုက်သွားလဲပေါ့။ လူစုံရင် မေးကြတာလေ။ ရှစ်တန်းကျောင်းသား လူငယ်ဆိုတော့ ဘာရယ်ညာရယ်မသိဘဲ အထင်ကြီးနေကြတာ ခံရတော့ အကုန်လုံး မဟုတ်က ဟုတ်ကတွေ လျောက်ပြောတော့တာ။ ရည်းစားစာပေးပြီးမှ အဖြေတောင်းလိုက်တာ။ အဲဒီကစပြီး ရွာထဲကလူငယ်တွေ ရဲ့ ရည်းစားစာရေးတဲ့ စာရေးကြီး စဖြစ်တော့တာပါဘဲ။ တစ်နေ့တော့ ညီဝမ်းကွဲ တစ်ယောက်က ရည်းစားစာ ရေးခိုင်းလို့ အခုလိုလေး ရေးပေးလိုက်တယ်ဗျာ။ တောသားတွေ အဲဒီတုန်းက ဘယ်လိုရေးကြတယ် ဆိုတာလေး ဝေမျှရင်းနဲ့ပေါ့။
.
ချစ်မိနေတဲ့ ညီမငယ်..
ပပ၀တီက အလွန်ချောသူ ဖြစ်ခဲ့သတဲ့။ ညီမကို မြင်ဘူးနေတဲ့ အကိုကတော့ ပပ၀တီဟာ ဘယ်လောက်ချောချော ညီမရဲ့ အချောအလှလို မမှီနိုင်ဘူးလို့ မိုးကြိုးပစ်ခံထိပြီး ပြောရဲပါတယ်။ ခုနှစ်ဆောင်အခန်းမှာ မီးမထွန်းဘဲ အရောင်လင်းတယ်တဲ့။ အဲဒီ အလင်းရောင် နဲ့အတူ အလွန်လှသတဲ့။ မယုံပါဘူး။ ဘာဖြစ်လို့လဲ သိလား။
.
ဘုရားပွဲ ဆီမီးကပ် အဖွဲ့ အတန်းလှည့်တုန်းက ညီမ ကိုင်ထားတဲ့ ဆီမီးခွက်ရဲ့ အလင်းရောင်ရယ်၊ အေးမြကြည်လင်တဲ့ ညီမရဲ့ မျက်နှာအလှကို ဘယ်သူပြိုင်လို့ နိုင်ပါ့မလဲကွယ်။ အကို့ဘ၀က အရုပ်ဆိုးသူ မင်းကုသ လိုဘ၀မို့ ညီမရဲ့ အချစ်ကိုရယူဘို့ မထိုက်တန်သူလို့ ဆိုချင်ဆိုပါတော့။ အသက်သေဆုံးသည့်တိုင် ညီမတစ်ယောက်ထဲကိုဘဲ ချစ်နေမယ်ဆိုတာ ယုံပါ။ ညီမလက်ထဲမှာ ကိုင်ထားတဲ့ ဆီမီးခွက်လို လောင်စာကုန်သွားရင် မီးငြိမ်းသွားမယ့် အချစ်မျိုး မဟုတ်ပါဘူး။ ဘ၀ဆက်တိုင်း ချစ်ခြင်းမေတ္တာတရားတွေ ထာဝရ သယ်ဆောင်လာမယ့် ရင်ထဲက အချစ်စစ်နဲ့ ထာဝစဉ် စီးဆင်းနေတဲ့ မေတ္တာစမ်းရေလို အချစ်မျိုးပါကွယ်။
.
မနေ့က အမေက ပြောတယ်။ ညီမနဲ့ဆို သဘောတူတယ်တဲ့။ သမီးရင်းပမာ ချစ်ပါ့မယ်တဲ့။ အကိုက လယ်ယာလုပ်ငန်းကို အသေအချာ လုပ်တတ်နေပြီမို့ ရိုးမြေကျ လုပ်ကျွေးပါ့မယ်လို့ ကတိပြုပါတယ်။ ၀ါတွင်း ကာလမို့ အကိုနဲ့ထပ်တူချစ်ပါတယ်လို့ ခေါင်းညိတ် အဖြေမပေးချင်သေးရင် ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်ညမှာတော့ အဖြေပေးပါနော်။ ချစ်တယ်ဆိုတဲ့ အဖြေလေးကြားချင်လှပါရဲ့ ညီမရယ်။ အဲဒီအချိန်မှာ အကို့လောက်ပျော်မယ့်သူ ဒီရွာမှာ ရှိမယ်လို့ မထင်ပါဘူး။
အချစ်များစွာဖြင့်
အကို
.
အဲဒီတုန်းက ၀ါတွင်းဆို ရွာကလုံမေတွေက အဖြေမပေးချင်ကြဘူးဗျ။ ငရဲကြီးမှာ ကြောက်လို့တဲ့လေ။ အခုတော့ အဲဒီလို အတွေးတွေ ရှိကြသေးရဲ့လား မသိပါ။ အဲဒီ ညီမငယ်ဆိုတဲ့ အပျိုလေးကို ရွာက ကာလသားတွေကလဲ ပိုးကြတာ အများသား။ သီတင်းကျွတ် လပြည့်ညမှာတော့ အဲဒီ ညီမငယ်က ကျနော့ရဲ့ ညီဝမ်းကွဲကို အဖြေပေးလိုက်ပါတယ်။ စာရေးပြီး သေချာပေးလိုက်တာပါ။ ညီဝမ်းကွဲက အဲဒီစာပြလို့ ဖတ်ကြည့်လိုက်ပါသေးတယ်။ မှတ်မိသလောက်တော့ ...
.
အကို..
ညီမ စာပြန်လိုက်ပါတယ်။ ၀ါကျွတ်ပြီမို့ အဖြေပေးလိုက်ပါတယ်။ ၀ါတွင်းကာလ တစ်လျောက်လုံး အမူအယာတွေပိုပြီး စောင့်ခိုင်းထားတာ မဟုတ်ရပါ။ အမေ့ကိုလဲ တိုင်ပင်ပါတယ်။ အမေကပြောတယ်။ အကိုနဲ့ဆိုလဲ သဘောတူတယ်။ ကိုရင်နိုင် ဆိုတဲ့သူနဲ့လဲ သဘောတူတယ်တဲ့။ ကိုရင်နိုင် ဘက်ကို အမေက အလေးသာတဲ့ သဘောမျိုး ပြောနေတယ်လေ။ ညီမလဲ အမေ့ သဘောလို့ ပြောထားပြီးသား ကတိရှိနေလို့ ကိုရင်နိုင် မိဘတွေလာပြီး မမှတ်ခင် အကို့မိဘတွေကို လာပြီး ပြောခိုင်းလိုက်နော်။ ညီမက ပြောခိုင်းတယ်လို့တော့ မပြောနဲ့နော်။
.
ရွာသူတွေ ဘယ်လောက် တော်ကြလဲနော်။ ကိုရင်နိုင် နဲ့လဲ သဘောတူ တယ်တဲ့။ မိဘရဲ့အထိန်းအကွပ်အောက်မှာ ပြားပြားဝပ်နေရသူတွေမို့ မိဘတွေရဲ့ သဘောထားတွေ အပြည့်ပါမှာပေါ့လေ။ ညီဝမ်းကွဲလဲ သူ့အမေကို အပူကပ်ပြီး ပြောခိုင်းတော့တာ။ ဘယ်လောက်တင်မယ်..ဘယ်လောက်လက်ဖွဲ့မယ်က အစ အကုန်ပြောပြီး ဆွဲဆောင်ရတာ။ ကိုရင်နိုင် မိဘတွေ ပေးနိုင်တာထက် ပိုပြီးပေးနိုင်မှ အဆင်ပြေမှာမို့ လျော့ပေးလို့မရ။ အညာဓလေ့၊ အညာဘ၀ တွေပဲလေ။
.
ကိုရင်နိုင် မိဘတွေလာပြီး မ မှတ်ခင် လို့ စာပြန်လိုက်တယ်နော်။ အဲဒီစကား မ မှတ်ခင် ဆိုတာ ကျနော်တို့ရွာရဲ့ အခေါ် အဝေါ် ဓလေ့ပေါ့။ မိန်းကလေးတစ်ယောက်ကို နှစ်ဖက်မိဘ လူကြီးဆုံရာနဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကို မှတ်တယ် လို့ ပြောကြတယ်။ မိန်းကလေးတစ်ယောက်..ယောကျာင်္လေးတစ်ယောက်နဲ့ မှတ်ထားတယ် ဆိုရင် တခြားလူပျိုတွေအတွက် အခွင့်မရှိတော့။ အဲဒီကောင်မလေးက အမှတ်ကြီးနဲ့လို့ ပြောလိုက်ရင် တစ်ယောက်ယောက်နဲ့ စေ့စပ်ပြီးသားပေါ့။
.
သီးနှံမပေါ်ခင် မှတ်ထား။ သီးနှံပေါ် ငွေရွှင်တော့မှ ရွာအခေါ် စရန်ပေး တယ်လို့ ပြောကြတယ်။ ဒါလဲ ဓလေ့တစ်ခုပေါ့။ စရန်ပေးတယ်ဆိုတာ မင်္ဂလာ မဆောင်ခင် ပြုလုပ်တဲ့ပွဲပေါ့။ တစ်ခြားရွာက အသိမိတ်ဆွေတွေ မဖိတ်ကြားသေးဘဲ မိမိရွာအတွင်းမှာဘဲ ပြုလုပ်တဲ့ပွဲပေါ့။ စရန်ပေးပြီးပြီဆိုရင် ယောင်္ကျားလေးဘက်က မိန်းကလေးအိမ်ကို တံခါးမရှိ ၀င်ထွက်ခွင့်ရသွားပြီလေ။ ညအိပ်လို့တော့မရ။ စရန်ပေးပြီး အတော်လေးကြာမှ မင်္ဂလာဆောင်ကြတာ။ မင်္ဂလာဆောင်ပွဲ ကျင်းပပြီ ဆိုရင်တော့ တနယ်လုံးကို ဖိတ်ကြားပြီပေါ့။ မင်္ဂလာဆောင်ပြီးရင်တော့ ကိုယ့်အိုး ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ ရိုးမြေကျ လုပ်ကိုင်စားသောက်ကြပေတော့။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, April 7, 2010

အညာ နဲ့ ကိုမျိုး

အညာဒေသက ရွာလေးတစ်ရွာ။ 1977 ခုနှစ် မှာ ကျနော် မွေးဖွားတယ်။ ရွာမှာ အခြေခံပညာ မူလတန်း အောင်မြင်ပြီး ရွာနှင့် ခြောက်မိုင်မျှဝေးသော အရပ်သို့ နေ့စဉ်သွားပြီး အလယ်တန်း နှင့် အထက်တန်း ပညာ ဆည်းပူးခဲ့ရသည်။ ငယ်ငယ်တုန်းက ရွာက မူလတန်းကျောင်းဆိုတာ ထန်းရွက်မိုး၊ ထန်းရွက်ကာ။ မိုးရွာလျှင် ကျောင်းပိတ်။ အကာ ကောင်းကောင်းမရှိတော့ မိုးပက်တာကိုး။ ငယ်သေးပေမယ့် မှတ်မှတ်ရရ ရွာက လူကြီးတွေ ပြောတာ မှတ်မိနေသေးတယ်။ မင်းတို့ကျောင်းက ကျားကိုးစီး နဲ့ တဲ့။ ယိုင်နေလို့ ကျားကန်ထားရတာကို ပြောကြတာ။
.
လေးတန်းအောင်ပြီး တစ်ခြားရွာကို နေ့စဉ် အသွားအပြန် ၁၂ မိုင်နီးပါး စက်ဘီးနင်းပြီး ကျောင်းသွားတက်ရတာ။ လေးတန်းအောင်တော့ ကျောင်းသား ၆ ယောက်ရှိတယ်။ ဘယ်သူမှ တစ်ခြားရွာကို သွားပြီး ကျောင်းမတက်ချင်ကြ။ မိဘတွေကလဲ ကျောင်းမထားကြ။ တော်ပြီပေါ့.. သေစာ ရှင်စာ ဖတ်တတ်ရင်။ ဒီလို အတွေးနဲ့ ကျောင်းမတက်ဖြစ်ကြ။
.
ကိုမျိုးကတော့ မိဘတွေက ကျောင်းဆက်ပြီး တက်စေချင်။ အဘိုးအဘွားတွေကလဲ ကျောင်းဆက်တက်စေချင်တာနဲ့ ၁၂ မိုင် ခရီးကို ငါးတန်းကနေ ဆယ်တန်းအထိ နေ့စဉ် စက်ဘီးစီးပြီး ကျောင်းတက်ခဲ့တာ။ တစ်ရွာနဲ့ တစ်ရွာ ၁၂ မိုင်ခရီးဆိုပေမယ့် ဝေးတယ် မထင်မိ။ လမ်းတလျောက်မှာလဲ တောတဲလေးတွေ အများသား။ တောတဲ ဆိုတာက ရွာထဲက လူတွေ ယာတောမှာ အလုပ်များချိန်ဆို အိမ်မပြန်ကြတော့ဘဲ တောထဲမှာဘဲ တဲထိုးပြီး နေကြတာ ကိုဆိုလိုတာ။
.
တောတဲအားလုံးက ကိုမျိုး ရဲ့ အိမ်လိုပါဘဲ။ စက်ဘီးပေါက်လဲ ၀င်ပြီးဖာ။ ရေဆာလဲ ၀င်ပြီးသောက်။ ထမင်းစာလဲ ၀င်ပြီးစား။ အိမ်ကိုတော့ ကျောင်းဆိုပြီး အထွက်ပြ။ ကျောင်းမသွားဘဲ တောတဲ မှာဘဲ ညနေစောင်းထိနေ။ ခပ်တည်တည်နဲ့ ကျောင်းကပြန်လာတာလိုလို ဟန်ပြပြီး အိမ်ပြန်ဝင်။ ဒီလို လုပ်ခဲ့တဲ့ ရက်ပေါင်းလဲ မရေတွက်နိုင်တော့။
.
ထမင်းချိုင့်ကလေး စက်ဘီးမှာ ချိတ်ပြီး မနက်စောစောစီးစီး ကျောင်းသွား။ ရွာထဲကလူတွေကလဲ ထမင်းချိုင့်နဲ့ စက်ဘီးထိသံ ဂလောက်.. ဂလောက်ဆိုရင်.. ထကြဟေ့..တောသွားကြစို့။ မောင်မျိုးကလေးတောင် ကျောင်းသွားပြီ။ အဲဒီလို အချိန်မှန် ထမင်းချိုင့် ခေါင်းလောင်းလေး တီးပေးခဲ့တာ။ ညနေ ကျောင်းကပြန်လာပြီဆိုရင် ထမင်းချိုင့်သံက အခွန်ဆိုတော့ (အခွန်ဆိုတာနဲ့ လန့်မသွားကြနဲ့အုံး) ပိုပြီးတော့ မြည်သေး။ ဟ..အချိန်တောင် တော်တော်နောက်ကြနေပြီ။ မောင်ကျောင်းသားလေးတောင် ပြန်လာပြီ။ အိမ်ပြန်ကြစို့ဟေ့ ဆိုပြီး ပြောကြတာလေ။ ရွာကလူတွေကတော့ ကျနော့်ကို အချိန်မှန် ခေါင်းလောင်းလေးလို့ ထင်မှတ်နေကြတာ။
.
ကျနော့် ထမင်းချိုင့်သံ ဂလောက် ဂလောက် မကြားမချင်း အိပ်ယာက မထကြ။ ကျနော့်တို့ အိမ်က ရွာရဲ့ အနောက်မြောက်ပိုင်းမှာ ရှိတော့ ရွာလည်လမ်းမကြီး အတိုင်း စက်ဘီးစီးပြီး ထွက်ရတော့ ကျောင်းသွားတက်နေတာ တစ်ရွာလုံးကသိ။ ထမင်းချိုင့်သံလေး မကြားရင်..ဒီကောင်လေး နေမကောင်းဘူးလား မသိဘူး။ ကျောင်းမသွားဘူးနဲ့ တူတယ်။ အဲဒီလို ထိ ထမင်းချိုင့်သံလေးက လွှမ်းမိုးခဲ့တာ။
.
အလယ်တန်း ငါးတန်းကစပြီး တခြားရွာသွားပြီး ကျောင်းတက်ရတာကို မြို့သွားပြီး တက္ကသိုလ်တက်နေတဲ့ ကျောင်းသားကြီးပမာ။ တစ်ရွာလုံးမှာ တစ်ယောက်တည်းကိုး။ ငါးတန်း စာမေးပွဲမှာ ထူးထူးခြားခြား ပထမဆု ရတယ်ဗျာ။ တခြားရွာက ကျောင်းအုပ်ကြီးကိုယ်တိုင် အိမ်ထိလိုက်လာပြီး လာပြောတာ။ ကျနော် ပထမ ရတယ်တဲ့။ တစ်ရွာလုံးလဲ ပြောမဆုံး။ ဆုပေးပွဲ လုပ်မယ်တဲ့။ အမယ်လေး... မိဘတွေ ဆွေမျိုးတွေဆို တပြုံးပြုံးနဲ့။ ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး။
.
ဆုသွားယူကြတော့ ရွာကလူတွေ အကုန်လုံးနီးပါး လိုက်လာကြတာဗျာ။ လှည်းတွေဆို မနည်းဘူး။ ပထဦးဆုံး လှည်းဆို အသံချဲ့စက်ကြီးနဲ့။ အဆိုတော် သန်းထွန်းလေး ရဲ့ ကျနော့် ရည်မှန်းချက် ဆိုတဲ့ သီချင်းကို ဖွင့်လို့။ အခုထိ နားထဲမှာ ကြားယောင်မိပါသေးဗျာ။
.
xxx ကျနော့် ရည်မှန်းချက် တွေးလျှက်နဲ့ ပျော်သည်ပျော်သည်..
xxx ညီလေး ညီမလေးများကို သွန်သင်ကာ ဆုံးမပေးမည်...
xxx ဆရာဝန် ဖြစ်ဘို့ ကျနော် ကြိုးစားမည်..
xxx လူရည်ချွန်ဖြစ်ဘို့ ကျနော်ကြိုးစားမည်..
xxx မြန်မာ့သားကောင်း ဇာနည်..
......... ကြီးကို ကျနော် မျှော်မှန်းသည်။
.
အဲဒီသီချင်းကို အခုထိ ကြားယောင်မိတုန်း။ ရွာကလူတွေကလဲ ငါ့တို့ရွာသားကွ ဆိုပြီး ဂုဏ်ယူလိုက်ကြတာ။ ကျနော် ဆုရတာကို ဂုဏ်ယူရတာ အပြင်.. ငါတို့ ရွာသားကွ ဆိုတာတွေက လွှမ်းလွှမ်းမိုးမိုး။ တစ်ရွာနဲ့ တစ်ရွာ အပြိုင်အဆိုင်ပေါ့လေ။ ဘောလုံးပွဲရှုံးကြွေးလိုက်ဆပ်တာလို့တောင် ပြောသူက ပြောနေကြပြီ။ ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲမှာ ကျနော်တို့ ရွာက ရှုံးထားတာကိုး။
.
ဘောလုံးပွဲ ဆိုလို့ ကျနော်တို့ ရွာ ဘောလုံးပွဲမှာ လူရွေးပုံလေး ဝေမျှချင်ပါတယ်။ ကိုဖြိုး ဆိုတဲ့ ကာလသားဂေါင်းက ဘောလုံးကန်လဲ မကောင်း။ ညစ်လဲညစ်တော့ တစ်ရွာလုံး တစ်နယ်လုံးက သူ့ကို ဘောလုံးပွဲမှာ မပါစေချင်ဘူးလေ။ အဲဒီတော့.. ဒီဘောလုံးပွဲမှာ ကိုဖြိုး ကိုလူရွေးခိုင်းလိုက်ကွာ။ အဲဒါဆို သူ့ကိုယ်သူ ရွေးမှာ မဟုတ်ဘူး။ ကိုဖြိုး ကလဲ လူကြီးတွေက အရွေးခိုင်းတဲ့အထိ ဖြစ်လာတော့ ဘ၀င် မြင့်ပြီး ရွေးပါတယ်။ ဘယ်လိုရွေးလဲဆိုတော့...စစချင်း..
ငါရယ်.. ငတိုးရယ်..
အာ..မကြိုက်သေးဘူးကွာ..ထပ်ပြီးရွေး..
ငါရယ်..ငတိုးရယ်..ငမြင့် ရယ်..
ကိုဖြိုး ကို မပါစေချင်လို့ အရွေးခိုင်းပါတယ် ဆိုနေမှ.. ငါ ရယ်..ငါရယ်..ဆိုပြီး သူ့ကိုယ်သူ ထပ်ကာ ထပ်ကာ ရွေးနေတော့တာ။
.
စကားချပ်။ ရွာအနေအထားက အရင်ပို့စ်တွေမှာ တင်ထားပြီး ဖြစ်သလို ကျနော် ငယ်ငယ်တုန်းကနဲ့ မတူတော့။ ငါးတန်းကနေ ကိုးတန်းအထိ နှစ်စဉ် ပထမဆု ရခဲ့တာ။ ဆယ်တန်းမှာတော့ အထူးခြားဆုံး ပေါ့လေ။ ဆက်ပါဦးမည်။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, March 28, 2010

အညာဓလေ့ အညာသင်္ကြန်

မွေးရပ်မြေရွာကို လွမ်းလို့ သတိတရအဖြစ် ရွာအကြောင်းလေးတွေကိုပဲ အစဉ်တစိုက် ရေးသားလာခဲ့တာ ကျနော်တို့ အညာအကြောင်းလဲ တော်တော်များများ သိနေကြရောပေါ့။ အခုတစ်ခါတော့ ရွာက သင်္ကြန်ပွဲလေး အကြောင်း ဖော်ပြချင်ပါရဲ့။ ကျနော် ငယ်ငယ်တုန်းကတော့ ရွာမှာ ရေရှား၊ အညာနွေပူပူမှာဆိုတော့ သင်္ကြန်ဆို မနက်ခင်းအစောပိုင်းနဲ့ ညနေစောင်းလေးလောက်ဘဲ ရှိတဲ့ရေလေးနဲ့ တစ်ခွက်ကို နှစ်ယောက်စာ ခွဲပြီး လောင်းခဲ့ရတာလေ။
.
အခုတော့ အရင်လို မဟုတ်တော့။ အိမ်တိုင်းနီးပါး လက်လှုပ်တွင်းနှင့်၊ ရေစက်နှင့် ဆိုတော့ မိမိအိမ်ရှေ့မှာ သင်္ကြန်မဏ္ဍပ်ဆောက်ပြီး တစ်နေကုန် မနားတမ်း ရေကစားနိုင်ကြပြီ။ အရင်တုန်းကတော့ မြင်းမူမြို့ပေါ်ဖြစ်ဖြစ်၊ မုံရွာဖြစ်ဖြစ် ရွာကလူငယ်တွေ စုပြီး သင်္ကြန်အပျော်အပါး ထွက်ကြတာ။ အခုတော့ မြို့မှာနေတဲ့ သူတွေက ရွာသို့ ပြန်လာကြပြီး ရေကစားကြပြီ။ သူတို့ အဆိုအရ ရွာမှာ ပိုပြီး ပျော်စရာ ကောင်းတယ်ဆိုဘဲ။
.
သင်္ကြန်အကြိုနေ့မှာ ရွာက လူငယ်တွေစုပြီး သက်ကြီးပူဇော်ပွဲ လုပ်ကြပါတယ်။ ရွာမှာ ရှိတဲ့ သက်ကြီးတွေကို ခေါင်းလျော်၊ လက်သည်းညှပ်၊ အ၀တ်အစားလှူ၊ အစားအသောက်လှူ ပြီး တတ်နိုင်သမျှ စုငွေလေးနဲ့ ငွေသားလေးတွေကိုပါ ကန်တော့ကြပါတယ်။ ရွာလယ်၊ ရွာဦး နဲ့ ရွာ့တောင်ကျောင်း တို့တွင် အမှိုက်သရိုက်ရှင်းခြင်း၊ စေတီပုထိုးများအား ထုံးသင်္ကန်းကပ်လှူခြင်း တို့လည်း ပြုလုပ်ကုသိုလ်ယူကြပါတယ်။ ဒါ့အပြင် ရွာရဲ့ဓလေ့အဖြစ် ရွာဦးအရှင်ကြီးနတ်ကို မုန့်ပဲသရေစာတွေနဲ့ ရိုးရာနတ်ပူဇော်ခြင်းကိုလဲ ပြုလုပ်ကြပါတယ်။
.
ဒီနေရာမှာ ခဏဖြတ်ပြီး ရွာရဲ့နတ်ကိုးကွယ်မှုကို အနည်းငယ်ဖော်ပြချင်ပါတယ်။ မနေ့က အမေ့ဆီကို ဖုန်းဆက်တော့ သင်္ကြန်ရောက်ရင် ရွာပြန်လာမှာလားတဲ့။ မပြန်ဖြစ်သေးဘူး အမေ။ သင်္ကြန်ပြီးလောက်မှ ခွင့်ယူပြီး ပြန်ဖြစ်မယ် ဆိုတော့ ပြန်ခဲ့ပါလားတဲ့။ မြေးလေးကိုလဲ ခေါ်ခဲ့ပါတဲ့။ ရိုးရာအမေကြီးနတ်ကို ပြသပြီး ရောဂါအန္တရာယ်ကင်းဝေးအောင် နှစ်သစ်မှာ နတ်ကန်တော့ရအောင်တဲ့။ တစ်ဖက်က အမေ ဆိုတော့ နတ်နဲ့ပတ်သက်ပြီး သူတို့ ယုံကြည်လာတဲ့ အစဉ်အလာကို အငြင်းမပွားချင်တာနဲ့..ဟုတ်ကဲ့အမေ။ သား..ရွာကို ပြန်လာဖြစ်ရင် ခေါ်လာခဲ့ပါ့မယ် အမေ လို့ ပြောလိုက်ရတယ်။ မိဘ ဘိုးဘွား အစဉ်အလာ ယုံကြည်မှုဆိုတော့လဲ ပြောရတာ အခက်သား။
.
ကျနော်တို့ အညာက နတ်တွေကလဲ အများသား။ ၃၇ မင်းသော နတ်တွေက အညာနဲ့ ပတ်သက်နေတာတွေက များသကိုး။ ကျနော့် လက်ရှိအသိနဲ့ ပြောရရင် ကျနော်တို့ရွာက လူတွေက နတ်ကို ကြောက်လို့ ကိုးကွယ်ကြတာ၊ လိုချင်လို့ ကိုးကွယ်ကြတာ၊ ရိုးရာမို့ ကိုးကွယ်ကြတာ နဲ့ နတ်ဟာ ကျနော်တို့ ရွာရဲ့ လူနေမှုမှာ အမြစ်စွဲနေတာ။
.
နတ်ဟာ ကျနော်တို့ လူမျိုးတွေ ဖြစ်တည်လာတာနဲ့ အတူပါလာတာလို့ ယူဆနိုင်ပါတယ်။ နတ်တွေကို ယုံထိုက်၊ မယုံထိုက်၊ ကိုးကွယ်ထိုက်၊ မကိုးကွယ်ထိုက် ကိုတော့ ကျနော် ဘာမှ မပြောလို။ ကိုယ့်သဘောနဲ့ ကိုယ်ပေါ့။ လူတွေရဲ့ အခြေခံ လွတ်လပ်ခွင့် ကိုး။ နတ်ပွဲတွေကိုတော့ ရောက်ဖူးကြလား မသိဘူး။ အဲဒီမှာ လူတွေ ဘယ်လောက် အသည်းအသန် ကိုးကွယ်ပသ ကြသလဲ။ ကြောက်လို့တို့၊ လိုချင်လိုတို့၊ ဘာလို့တို့ ဆိုတာတွေကတော့ ထားလိုက်ပါ။ တကယ့်ကို အပြင်းအထန် ပူဇော်ကြတာဗျ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နတ်ကိုးကွယ်မှုကတော့ ရိုးရာလုပ်ငန်းကြီး အမှန်ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ စကားလဲ ရှည်သွားပြီ။ ရွာသင်္ကြန်အကြောင်း ဆက်ကြအုံးစို့။ နတ်ကတော်ဟာသလေး ဖတ်ချင်ရင် အရင်ကရေးထားတဲ့ နတ်ကတော်ဒေါ်စော ပို့စ်မှာ ဖတ်ပါ။
.
သင်္ကြန်အကျနေ့မှာတော့ ရွာဦးကျောင်းမှာ ဥပုဒ်သီလ ဆောက်တည်ကြပါတယ်။ လူကြီးတွေက ဥပုဒ်သီလ ဆောက်တည်၊ လူငယ်တွေက ကျောင်းတွင်း ဥပုဒ်သီလ ဆောက်တည်။ ညနေပိုင်းမှာတော့ လူငယ်တွေရဲ့ ရေကစား ပျော်ရွှင်ပွဲပေါ့။
.
သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာတော့ သံဃာတော်များအား အာရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပပါတယ်။ တစ်ရွာလုံး အိမ်အပြင်လမ်းမပေါ်ထွက်ပြီး ဆွမ်းလောင်းပွဲ လုပ်ကြတာဆိုတော့ ဆွမ်းဟင်း နှင့် သင်္ကြန်မုန့်များအား လှည်းနှင့် သယ်ယူပို့ဆောင်ရသည်အထိ ဖြစ်ပါသည်။ မနက်ပိုင်း ဆွမ်းလောင်းပွဲ ပြီးသွားရင်တော့ ဥပုဒ်သီလ ဆောက်တည်ကြပြန်ပါတယ်။ ညနေပိုင်းမှာတော့ ထုံးစံအတိုင်း လူငယ်များရဲ့ ပျော်ရွှင်စရာ ရေကစားပွဲ။ သင်္ကြန် ပျော်ပွဲရွှင်ပွဲနဲ့ အရက်ဆိုတာ ဒွန်တွဲနေသလို ဖြစ်နေလို့ ရွာမှ တာဝန်ရှိသူများ ဘယ်လောက်ပဲ သင်္ကြန်ရက်အတွင်းမှာ အရက်မရောင်းရ အမိန့်ထုတ်ထုတ် တစ်နေရာရာမှာတော့ အချိန်အမရွေး ရရှိနေတတ်ပါတယ်။ အရင်ရက်တွေထက်စာရင် ပြောင်ပြောင်တင်းတင်းတော့ မသောက်ရဲကြ။ အထိန်းအကွပ်လေး ရှိနေတော့ တော်သေးတယ်လို့ ဆိုရမှာပေါ့။ ရေကစား မဏ္ဍပ်များမှာလည်း အရက်သောက်လာသူ မလာရ လို့ ရေးထားကြတာ တွေ့ရလေရဲ့။
.
သင်္ကြန်အတက်နေ့မှာတော့ ထူးထူးကဲကဲ ပျော်ကြတဲ့ ရက်ပေါ့။ ဥပုဒ်ကျောင်းက အပြန် လူကြီး၊ လူငယ၊် သံဃာတော်များပါ မကျန် ရေကစား ကြတဲ့ ရက်ပေါ့။ ဒီရက်မှာ အထူးခြားဆုံးကတော့ အရင်တုန်းက အုံပုန်းချစ် ဇတ်လမ်းလေးတွေ ထင်ထင်ရှားရှား ပေါ်လာကြတာပါဘဲ။ ဒီနှစ်တော့ ဘယ်သူတော့ စွံသွားပြီ။ ဘယ်သူနဲ့ ဘယ်သူတော့ ကြိုက်သွားကြပြီ ဆိုပြီး သတင်းလေးတွေ ကြားလာရလေရဲ့။ သင်္ကြန်ရက်အတွင်းမှာ မိမိနှစ်သက်ရာ အပျိုလေးတွေ အိမ်မှာ သွားပြီး ရေပက်ဘို့ အခွင့်ကောင်းစောင့်ရင်း နီးစပ်သွားကြတာတွေလဲ အများသား။
.
ရေပက်မှာ ကြောက်လို့ အိမ်တွင်းတစ်နေရာမှာ ပုန်းနေသူ အပျိုအတွက် အောင်သွယ်တော်ရဲ့ စကားနဲ့ ရေ၀င်ပက်ရင်း ရည်းစားစကား ပြောရတဲ့ ဓလေ့ပေါ့လေ။ လူကြီးတွေက ဥပုဒ်ကျောင်းမှာဆိုတော့ အခွင့်ကောင်းပေါ့လေ။ လူမတွေ့အောင် ပုန်းနေတဲ့ နေရာဆိုတော့ အခွင့်သာခိုက်ပေါ့။ ဖလားလေးတဲ့ ရေထည့်၊ ရေမွှေးထည့်၊ ပိတောက်ပန်းလေးတွေ ထည့်ပြီး ၀င်သွား။ ပြန်ထွက်အလာမှာ ၀င်သွားသူပါ ရေစိုလာလို့ကတော့ အခြေအနေ ကောင်းပေါ့။ မိန်းကလေးက နှစ်သက်သဘောကျလို့ ရေဖလားတစ်ဝက်ကို အလောင်းခံပြီး ကျန်တစ်ဝက်ကို ပြန်လည်လောင်းလိုက်လို့လေ။ ရေအပြည့်နဲ့ ခွက်ကို ကိုင်ပြီး ထွက်လာရင်တော့ အခြေအနေ မကောင်း။ မိန်းကလေးက ရေလောင်းမခံ လိုက်ဘူးလေ။ ဓလေ့လေးက သဘောကျစရာတော့ အကောင်းသား။ သင်္ကြန်အတက်နေ့မှာတော့ တစ်နေကုန် ရေကစားကြတာ။
.
နောက်ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဥပုဒ်ကျောင်းကို တစ်ရွာလုံး လူကြီးလူငယ် ဥပုဒ်သီလ ယူကြတာ။ ဒီနေ့မှာ အလှူအတန်း ပြုသူများလည်း ဘုန်းကြီးကျောင်းမှာ အများသား။ အပြိုင်အဆိုင်ပေါ့လေ။ ဥပုဒ်ကျောင်းလာ ဥပုဒ်သည်တွေကို မနက်ပိုင်း ထမင်းကျွေးကြ၊ သံဃာတော်တွေကို ဆွမ်းကပ်ပြီး လှူဖွယ်ပစ္စည်းတွေ လှူကြ၊ ဥပုဒ်တရားယူဘို့ စောင့်နေသူတွေကို လဘက်၊ မုန့်၊ ဆေးလိပ်၊ အချိုရည် ဝေငှရင်း ရှိသမျှလေး ထုတ်ကြွားတဲ့ ပွဲပေါ့လေ။
.
အဖြစ်က ဒီလိုပါ။ မနှစ်က ရွှေဆွဲကြိုး တစ်ကုံး နဲ့ ဆေးလိပ်ဝေတဲ့ လုံမငယ်က ဒီနှစ်တော့ ဆွဲကြိုး နှစ်ကုံးနဲ့။ စီးပွားတက်လာတဲ့ သဘောပေါ့လေ။ ဆေးလိပ်၊ လဘက် ဝေရင်းနဲ့ ဆိုတော့ ရွှေလက်ကောက် ကြွားဘို့ အခွင့်ကောင်းတစ်ခုပေါ့လေ။ ဥပုဒ်လာယူရင်း ဒီအဖြစ်ကလဲ မဖြစ်မနေကို စပ်စုရတဲ့ ရက်ပေါ့လေ။ ဒါမှ မနက်ဖန် အတွက် .. ဟေ့..ဘယ်သူကတော့ ဒီနှစ် လက်ကောက် အသစ်မ၀ယ်ဘူး။ ရွှေဆွဲကြိုးတော့ ပြောင်းသွားတယ်.. ဘာညာပေါ့လေ။ တခြားနေရာမှာတော့ ဒီအဖြစ် ရှိလား မသိဘူး။ ကျနော် မွေးခဲ့တဲ့ မွေးရပ်မြေရွာမှာတော့ ရှိလေရဲ့။ ဓလေ့ပေါ့လေ။
.

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, February 24, 2010

ဘ၀ဇတ်ခုံ

ငါ့ဇတ် ငါကနေတာ
မီးဝင်မဖျက်ပါနဲ့။
.
ရောသမမွှေ ဖြစ်ဖြစ်
ရိုးရာ ဂီတ ဖြစ်ဖြစ်
ပရိတ်သတ်အကြိုက်
ငါ မက နိုင်ဘူး။
.
နှလုံးသား ဗြန်းဗြန်းကွဲပါစေ
ငါ က,ပြပေးမယ်။
.
ငါ့ ဇတ်ပွဲကို
အော်ပရာ အဖွင့်နဲ့တင်
လှည့်မပြန် ပါနဲ့။
.
ပတ်စာခွာ ဗေထိ အထိ
ခံစားပေးပါ။
.
ရသ လင်္ကာ အပြည့်နဲ့
အနုပညာ မမြောက်ခဲ့ရင်
ဟောဒီဇတ်ပွဲ
ငါ မက,ဘူးဟေ့။
..
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, February 17, 2010

အလှူ ၊ အထင်မှားခြင်း နှင့် အပျင်းပြေ

အားလုံးမင်္ဂလာပါ။
မင်္ဂလာ တရုတ် နှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သပါတယ်။
မအားလပ်သည်က တစ်ကြောင်း၊ ရုံးပိတ်ရက်ကလေးမှာ အေးအေးဆေးဆေး နေချင်သည်က တစ်ကြောင်း၊ အကြောင်းကြောင်းဖြင့် ဘလော့လေးဘက်ကို လက်ဦးမလှည့်နိုင် ဖြစ်နေပါသည်။ ခင်မင်သူ သူငယ်ချင်း တွေရဲ့ ဘလော့လေးတွေဘက်ကိုလည်း မ၀င်ရောက်ဖြစ်၊ မဖတ်ဖြစ်၊ ကွန်မန့်လေးတွေ မပေးဖြစ်ခဲ့တာ အတော်ကြာပေါ့။ အားလုံးနဲ့ အလှမ်းဝေးသလို ဖြစ်နေလို့ မ၀င်ရောက်ဖြစ်၊ မဖတ်ဖြစ်ခဲ့ရတဲ့ ပို့စ်လေးတွေကို အေးအေးဆေးဆေး အချိန်ပေးပြီး အကြွေးရှင်းရပါအုံးမယ်။ သတင်းကြေငြာသလို အကျဉ်းချုပ်ပြီး အခုရက်ပိုင်း အဖြစ်အပျက်လေးတွေနှင့် လုပ်ဖြစ်ခဲ့တာလေးတွေကို တင်ပြချင်ပါတယ်။
.
သာသနာ့ရောင်ခြည်အဖွဲ့ ဆဌမအကြိမ်မြောက် အလှူတော်
31-01-2010 မှာ သာသနာ့ရောင်ခြည်အဖွဲ့၏ ဆဌမအကြိမ်မြောက် အလှူတော်အား Clementi ကျောင်းတော်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ထူးခြားမှု အဖြစ် ပြီးခဲ့တဲ့ စနေနေ့ (6-2-2010) တွင် မန္တလေးမြို့ရှမ်းဝိုင်းရပ်ဓမ္မာရုံတွင် ကြွရောက်လာသော လေးပြင်လေးရပ်မှ မြတ်စွာဘုရားအမှူးရှိသော ပရိယတ္တိ၊ ပရိပတ္တိဝန်ဆောင် ရဟန်း၊ သာမဏေ အပါး ၆၀၀ ကျော် တို့အား အာရုံဆွမ်း၊ ၀က်သားပိသာ ၃၀ နှင့် အာလူး၊ ပဲတိချဉ်၊ ပုဇွန်ခြောက်ကြော်၊ စားတော်ပဲသုတ်နှင့် ရေနွေးကြမ်း၊ ဆွမ်း ၄၀ ပြည် ဖြင့် သာသနာ့ရောင်ခြည်အဖွဲ့မှ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ အသေးစိတ် စာရင်း၊ မှတ်တမ်းဓါတ်ပုံအား အဖွဲ့ဝင် ကိုထွန်းထွန်းကျော် မန္တလေး မှ email ပို့လျှင် အားလုံးသော အဖွဲ့ဝင်အပေါင်းတို့ ကြည့်ရှု့ သာဓု ခေါ်ဆိုနိုင်ကြပါရန် ပေးပို့ပေးပါမည်။
.
အထင်မှားခြင်း
ရုံးတွင် မြန်မာတစ်ယောက် ကားသမားအဖြစ် အလုပ်ခန့်ထားခြင်း။ ထိုကားသမား အလုပ်စလုပ်ခြင်း လေးရက်မြောက်နေ့မှာ ကိုမျိုး အား ရုံးတွင် တောက်တိုမယ်ရ အလုပ်သမားအဖြစ်ဖြင့် အထင်မှားကာ ထိုသူခိုင်းသမျှ လုပ်ပေးခဲ့ရခြင်း။ ကားရေဆေးပေးခဲ့ခြင်း နှင့် အလုပ်နဲ့ပတ်သက်ပြီး Lecture ပေးသမျှ မညီးမညူ နားထောင်ပေးခဲ့ခြင်း။ ဘယ်နေရာရောက်ရောက် မြန်မာတွေ သခင်စိတ် မပျောက်သေးကြောင်း သိရှိရ၍ ၀မ်းမြောက်စွာ လုပ်ဆောင်ပေးခဲ့ပါသည်။
.
လက်ရှိအခြေအနေ
တရုတ်နှစ်သစ်ကူးအပြီး ရုံးပိတ်ရက်ရှည် မရှိတော့သဖြင့် MC ဖြစ်ဖြစ်၊ Annual Leave ခွင့်ရက်ရှည် ဖြစ်ဖြစ် ယူရန် အကြံရှိနေခြင်း။
.
အပျင်းပြေ
ကိုမျိုး Taxi စီးသည်။ ကားသမား နှင့် ဟိုပြောဒီပြော ပြောနေချိန်တွင် ကားသမားမှ ဘယ်ကွေ့ Left lah.. ဟု အင်္ဂလိပ်လို မေးသည်။ ဘယ်ကွေ့ရမည် ဖြစ်သောကြောင့် Right ဟု ဖြေလိုက်ရာ ကားသမားသည် ညာဘက်လမ်းသို့ ကွေ့ဝင်သွားခြင်း။
.
Comments
Comments ပေးကြမည့် ခင်မင်သူ ဘလော့ဂါ အပေါင်းအား လေးစားစွာ အသိပေး အပ်ပါသည်။ မိမိကိုယ်တိုင် ဖြစ်ခဲ့သည့်၊ ကြုံခဲ့ရသည့် ရယ်စရာ အဖြစ်အပျက်လေးများအား ဝေမျှ တင်ပြပေးရင်း အပျင်းပြေအဖြစ် ရေးသားပေးကြပါလို့ တင်ပြတောင်ခံ အပ်ပါသည်။ :)... အလည်ရောက်ကြောင်းလေး ရယ်စရာ အတွေ့အကြုံလေးနဲ့ အပျင်းပြေ လိုက်ကြရအောင်နော်။ :) ::)
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Monday, January 25, 2010

အောင်စည်ဗျောသံကြားရင်ဖြင့် ပြည်တော်ဝင်မယ်


အခုတလော အလုပ်ကလဲ တနင်္ဂနွေ တစ်ရက်ကိုပါ မအားလပ်ရအောင် လုပ်နေရတာဆိုတော့ ဘလော့လေးနဲ့ နဲနဲအလှမ်းဝေးနေပါတယ်။ တစ်ပတ်လုံးမှ တနင်္ဂနွေတစ်ရက်ဘဲ ပိတ်ရက်ရှိတာ။ အဲဒီ တစ်ရက်ကလေးကိုပါ မအားလပ်ရအောင် လုပ်နေရပြီဆိုတော့ တော်တော်လေးကို ပင်ပန်းတယ်လို့ ပြောရတော့မှာပေါ့။
.
အလုပ်ကလဲ အစိုးရအလုပ်နဲ့ ဆက်နွယ်နေတဲ့ အလုပ်ဆိုတော့ Tender ခြောက်ခု တပြိုင်နက်တည်း တစ်လအတွင်း အချိန်ပေးပြီး အပြီး တင်ရတာဆိုတော့ မလုပ်လို့ကလဲ မဖြစ်။ အားလုံး ၀ိုင်းဝိုင်းဝန်းဝန်းနဲ့ တက်ညီလက်ညီလုပ်နိုင်မှ အချိန်မှီ ပြီးစီးအောင်မြင်တော့မှာဖြစ်လို့ အားလုံး စုပေါင်းပြီး တက်ညီလက်ညီ လုပ်ကြတာ အားရစရာပါ။ အထူးသဖြင့် ရုံးမှာရှိတဲ့ မြန်မာတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ စေတနာထား လုပ်ပေးကြတာ အားရ၀မ်းသာ ရှိလှပါတယ်။ မောတယ်လို့ သဘောမထားနိုင်ဘူးလေ။ Tender ခြောက်ခု တင်တဲ့အထဲက အနည်းဆုံး ၂ ခုလောက် အဆင်ပြေတယ်ဆိုရင်ကို လက်ရှိလူအင်အားနဲ့ အခြေမပျက် လည်ပတ်သွားနိုင်မှာမို့ သူဌေးဖြစ်သူကလဲ အားရပါးရ ခိုင်းလိုက်တာလေ။
.
ဘာတွေ Tender တင်နေကြတာလဲလို့ သိချင်ပေလိမ့်မယ်။ ဒီလိုပါ။ ကျွန်တော်တို့ ရုံးက လုပ်ငန်းက အစိုးရက ချပေးတဲ့ လမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ သုံးနှစ်တစ်ကြိမ် Contract ယူပြီး လုပ်တဲ့ လုပ်ငန်းပါ။ စင်ကာပူမှာ ရှိတဲ့ လမ်းအားလုံး၊ တံတားအားလုံး၊ ဆိုင်းဘုတ်အားလုံး နဲ့ Tennel အားလုံး အတွက် Inspection & Repair Works တွေအတွက် Contract ယူပြီး လုပ်ပါတယ်။ လုပ်တတ်ရင် လုပ်တတ်သလောက် အကျိုးအမြတ် ရှိတာမို့ သူဌေးကလဲ တစ်ခုမှ လက်လွတ်မခံဘဲ အားလုံးကို Tender တင်ချင်ပါတယ်။ ယခု လက်ရှိ Contract က လာမည့် မတ်လကုန်မှာ ပြီးမှာမို့ အဲဒီအတွက် အပြီးသတ် လုပ်ဆောင်ရတာအပြင် နောက်ထပ်လာမည့် အတွက်ပါ လုပ်နေရတာဆိုတော့ အားလပ်ရက် မရှိလောက်အောင်ပါဘဲ။
.
လမ်းတွေ Inspection လုပ်ကြပုံလည်း နဲနဲဝေမျှချင်ပါတယ်။ စင်ကာပူ အစိုးရက ငွေကြေးတတ်နိုင်တော့ လမ်းအားလုံးကို Major & Minor ဆိုပြီး နှစ်ခု ခွဲလိုက်ပါတယ်။ နဲနဲ ရှည်တဲ့လမ်းကို Major နဲ့ တိုတဲ့လမ်းကို Minor ပေါ့။ Major လမ်းများကို ၂ ပတ်တစ်ခါ inspection ကားနဲ့ စစ်ပါတယ်။ Minor လမ်းတွေကိုတော့ ၈ ပတ်တစ်ခါ စစ်ပါတယ်။ ကားနဲ့တစ်ယောက်၊ လမ်းလျောက်ရင်းနဲ့ တစ်ယောက် စစ်ရပါတယ်။ လမ်းပေါ်က အဖြူ အ၀ါ လိုင်းလေးတွေ ဆေးမှိန်နေတာ၊ ဆိုင်းဘုတ်လေးတွေ စောင်းနေပြီး ဆေးမှိန်နေတာ၊ လမ်းတွေ မညီမညာ ဖြစ်နေတာတွေ၊ တံတားတွေပေါ်မှာ အပျက်အစီး ဖြစ်နေတာတွေ အပြင် လမ်းနဲ့ ပတ်သက်နေတဲ့ အရာအားလုံးကို စစ်ပြီး တင်ပြရပါတယ်။ အဲဒီ အပျက်အစီးတွေကို အလုပ်သမားအဖွဲ့တွေက တခါတည်း ပြုပြင်ပေးရပါတယ်။ စနစ်တကျ ငွေကြေးအစီအမံအပြင် လုပ်ငန်းပိုင်း အစီအမံပါ အလွန်စနစ်တကျ ရှိလှပါတယ်။ ပြည်သူလူထုက ဒီနားလေးမှာ လမ်းမကောင်းဘူး၊ ငါ့ အိမ်ပေါက်ဝမှာ လမ်းပျက်နေတယ် လာပြီး လုပ်ပေးပါအုံး ဆိုရင်လဲ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး တခါတည်း ပြုပြင်ပေးပါတယ်။
.
ကျွန်တော်တို့ မြန်မာပြည်အနေအထားနဲ့ အလွန်ကို ကွားခြားလှတာ မြင်တွေ့နိုင်ပါတယ်။ မြန်မာပြည်က လမ်းတွေ မကောင်းဘူး။ စင်ကာပူကလမ်းတွေ ကောင်းတယ် ဆိုတာ အခုလို စနစ်တကျ ထိန်းချုပ်မှုနဲ့ စီမံခံ့ခွဲမှု ကောင်းလွန်းလို့ ကွာခြားရတာ ဖြစ်ပါတယ်။ နိုင်ငံ ဧရိယာ ကွာခြားချက်လဲ ပါတာပေါ့လေ။ မြန်မာပြည်မှာက ရန်ကုန်-မန္တလေး လမ်းမကြီး တစ်ခုတည်းနဲ့တင် မိုင် ၄၀၀ ကျော်နေတာကို မြင်တွေ့ရတော့ ပြုပြင်ဘို့ ငွေကြေးအမြောက်အများ လိုအပ်မယ်ဆိုတာလဲ နားလည်ပါတယ်။ ဆိုလိုချင်တာက စင်ကာပူက သေးတယ်။ မြန်မာပြည်က ကျယ်တယ်။ လမ်း ဧရိယာ အဆမတန် ပိုများနေတာဆိုတော့လဲ အလွန်ကြီး ကောင်းမွန်အောင် ပြုပြင်နိုင်ဘို့ နိုင်ငံတော်မှာ ငွေကြေးအမြောက်အများ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် လမ်းတွေ မကောင်းသေးတာလဲ ဖြစ်နိုင်ပါတယ်။ လမ်းအသုံးပြုခ ငွေကြေးကောက်ခံမှုမှာလည်း မြန်မာပြည်က စင်ကာပူထက် အများကြီး သက်သာတယ်လို့ ထင်ပါတယ်။
.
အခုအလုပ်ကို လုပ်နေတာ လေးနှစ်ကျော်လာပြီဆိုတော့ လမ်းလုပ်ငန်းတွေ စနစ်တကျ နဲ့ ပြုပြင် လုပ်ဆောင်နေတာကို တွေ့မြင်ရတော့ ငါ့ နိုင်ငံမှာ ဒီလိုလေး လုပ်ပေးနိုင်ရင်၊ စီမံပေးနိုင်ရင် အတိုင်းထက်အလွန် ကောင်းမှာ လို့ တမ်းတမိတာ အမှန်ပါ။ ငါတို့ နိုင်ငံက လမ်းတံတားတွေ အခုလို အခြေအနေမျိုးဖြစ်အောင် ပြုပြင်နိုင်တဲ့ ငွေကြေးအလုံအလောက်ရှိရင် စင်ကာပူက အလုပ်သမားတွေကို ခေါ်ပြီး လုပ်ပြချင်လိုက်တဲ့ စိတ်ကလည်း နေ့စဉ်နဲ့ အမျှပါဘဲ။ ငါ့ နိုင်ငံ တိုးတက်ပြီး မိသားစုအတွက် မပူမပင်ရတဲ့ လစာလေး ရနေတယ်ဆိုရင်ဘဲ ငါ့ နိုင်ငံကို ပြန်ပြီး အလုပ် လုပ်ဖြစ်မှာပါ။
.
ငွေကြေးမျက်နှာ တစ်ခုတည်းကြည့်ပြီး မိဝေး၊ ဖဝေး၊ ဆွေမျိုးဝေး ၊ သူငယ်ချင်းဝေး နေတဲ့ အခုလို တခြားတိုင်းပြည်မှာ အလုပ်လုပ်ဘို့ ဆိုတာ မနက်အိပ်ယာနိုးတိုင်း မတွေးချင်တဲ့ အရာတစ်ခုပါ။ ပျော်ရာမှာ မနေရ၊ တော်ရမှာ နေ နေရတဲ့ ဘ၀မှာ အထိုက်အလျောက်လေး စေတနာထား လုပ်နေတယ် ဆိုပေမယ့် တစ်နေ့မှာ မြန်မာနိုင်ငံကို ပြန်ပြီး အခြေချဘို့ နေ့စဉ် အတွေးရှိနေပါတယ်။ ဒီလိုအတွေးနဲ့ နေလာလိုက်တာ ဆယ်စုနှစ်ထဲကို ရောက်လာပါပြီ။ ဘယ်တော့မှ မြန်မာပြည်ပြန်နိုင်မယ်ဆိုတာလည်း မရေရာသေး။
.
ရွှေပြည်တော် ပြန်ဘို့ မျှော်တိုင်းဝေး နေတဲ့ အဖြစ်က ဘယ်တော့မှ လွတ်မယ်ဆိုတာလဲ မသေချာသေး။ "ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ ကို အိမ်ပြန်ပို့ကြပါတော့" ဆိုတဲ့ ဆရာတင်မိုးရဲ့ ကဗျာလေးကို အခါခါ ရွတ်ရင်း နေ့စဉ်နှင့် အမျှ ပြည်တော်ပြန်ဘို့ စိတ်ကူးလေးဘဲ ရှိနေသေးတာ အလွန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။
.
ဆေးလိပ်လည်း အလိပ်ပေါင်းများစွာ တိုခဲ့ပြီ။ နေညိုတိုင်းလည်း ရွှေဘိုကို လွမ်းခဲ့ရတာ အကြိမ်ရေ မနည်းတော့။ ငါ့ကိုယ် ငါလဲ အိမ်ပြန်ဘို့ အတွေးဝင်တာ ဆယ်စုနှစ်ရှိခဲ့ပြီ။ လူတိုင်းက အကောင်းဆုံးကို မျှော်လင့်နေကြတာမို့ နိုင်ငံရေးမဟုတ်တဲ့ စကားလေး တစ်ခွန်းလောက် ပြောရင်း နားပါရစေ။ 2010 ပြီးလို့ 2011 က နေညိုချိန်တွေကို အညာက ထနောင်းပင်အောက်မှာ ကွမ်းလေးဝါးရင်း ရေနွေးကြမ်းအိုးလေးနဲ့ အညာလေ ပူပူတွေကို ယပ်ခပ်ပြီး စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဘို့ အခွင့်အလမ်း ရောင်ခြည်လေးတော့ မ၀ံ့မရဲ မျှော်လင့်မိပါ၏
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Friday, January 15, 2010

Monday to Saturday

6.45 am
အိပ်ယာထ
သွားတိုက်
မျက်နှာသစ်
ရေချိုး
အ၀တ်လဲ
ဘုရားရှိခိုး
ရုံးသွား။
....................................
7.00 pm
ရုံးပြန်
အ၀တ်လဲ
သွားတိုက်
ရေချိုး
မိန်းမ ကူ
ညစာစား
ကလေးချီ :)
အိပ်ယာဝင်။
.....................................
ကိုမျိုး ရဲ့ တစ်နေ့တာ အဖြစ်လေး ကဗျာအဖြစ် ပြောင်းထားတာ။ တနင်္ဂနွေ တစ်ရက်ပဲ ရုံးပိတ်တယ်။ မိသားစု နဲ့ နေရတဲ့ အချိန်က အလွန်ကို နည်းပါး ပါတယ်။ ရုံးစောစောသွား.. နောက်ကျမှ အိမ်ပြန်ရောက်။ ရုံးကအလုပ်တွေ ပိတဲ့ ရက်တွေဆို ခဏ နားအုံးမယ် ဆိုပြီး လှဲလိုက်ရင် တခါတည်း အိပ်ပျော်သွားရော။ အင်း လေ.. ငယ်တုန်း..ရွယ်တုန်း ကြိုးစားပြီး ပိုက်ဆံလေး စုထားနိုင်မှ ဆိုတဲ့ စိတ်နဲ့ ပင်ပန်းတယ် မထင်မိပါဘူးလေ။ အခုအချိန် ပင်ပန်းတယ် ထင်ရင် အသက်ကြီးလာရင် ပိုပင်ပန်းမှာလဲ စိုးရိမ်စိတ်ကလေးနဲ့ပေါ့။
...
ကိုမျိုး.. ပိုပြီးတော့ ၀ လာတယ်တဲ့။ လေ့ကျင့်ခန်းလေး ဘာလေး လုပ်ပါအုံးတဲ့။ အိမ်ရောက်ရင် မိန်းမက ပြောရှာတယ်။ အေး..အေး.. လာ.. ပန်းခြံထဲ သမီးလေးနဲ့ ခဏ သွားရအောင် ဆိုပြီး ပန်းခြံထဲလဲ ရောက်ရော မိန်းမ နဲ့ သမီးက အတူကစားနေ။ ကိုမျိုးတို့ကတော့ ပန်းခြံက ခုံလေးတွေမှာ နေရာကောင်းရှာပြီး မှေး တော့တာပါဘဲ။ ၀ိတ်တော့ ကျ တော့မှာ။ 180 ပေါင် ကနေ 190 ထိ :) ။
...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, January 3, 2010

ထို... စာအိတ်

ကိုမျိုးသည် သက်မကြီး ချလိုက်မိသည်။
"ဟင်း......"
.
ရင်ထဲတွင် သက်သာလိုသက်သာညား "ဟင်း..ခနဲ့" သက်ပြင်းကို ထပ်မံချမိပြန်သည်။ လမ်းကတည်းက ကြားခဲ့ရတဲ့ စာအိတ် တစ်အိတ်ကြောင့် လူမှာ နုံးချိ မောဟိုက် နေပေတော့သည်။ ရုံးသို့ ရောက်ရောက်ခြင်း ပက်လက်ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ကြီးထိုင်လျက် ဟင်းချ ချပြီး ရင်ထဲတွင် ဖုတ်လိုက်ဖုတ်လိုက် မောနေပုံမှာ ဒီနေ့အပင်ပန်းဆုံးဖြစ်သည်။
.
မောမောဖြင့် ဇောချွေးတွေထွက်လာပြီး နှဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်တို့ တဖြိုက်ဖြိုက် ကျဆင်းလျက်ရှိ၏။ ကုလားထိုင်ပေါ်တွင် ခေါင်းကိုဘယ်ပြန်ညာပြန်လူးပြီး အသက်ကိုမချိမဆံ့ ရှုနေရကာ စိတ်ထဲတွင် အတောမသတ်ကြိတ်ပြီး ညည်းညူမိပါသည်။ ဘာများ စိတ်တိုင်းမကျဖြစ်လို့လဲဟု အဖုံဖုံအထွေထွေ အလိုစမ်းပြီး စိတ်အလိုလိုက် တွေးကြည့်မိသည့်တိုင် ထူးခြားချက်မရှိ။
.
အတွေးရခက်ပြီး ရင်ထဲမှာ မောနေရသည့်အပြင် ရင်ထဲ၌ မတင်မကျကြီး ဖြစ်နေသည်။ ငယ်ထိပ်ထဲ သွေးရောက်သလို ခံစားရပြီး မူးဝေေ၀ပင် ဖြစ်လာလျက် ရင်တုန်ပန်းတုန်တွေပါ ဖြစ်လာလေသည်။ အတွင်းစိတ်မှ နှလုံးခုန်သံ မြန်လာသည်ကိုပင် သတိထားမအားဘဲ ကိုယ့်အတွေးနှင့်ကိုယ် တစိမ့်စိမ့် တွေးနေတုန်းမှာပင် ကျနော့ရင်တွင်း၌ နာဂစ်မုန်တိုင်းကြီး ဆင်နေပေတော့သည်။
.
အသက်ရှုကြပ်ကာ မျက်လုံးကို ဖွင့်လိုက် မှိတ်လိုက် လုပ်ကြည့်ပြီး သတိထားကာ အစွမ်းကုန် ဖွင့်လိုက်လေသည်။ ရင်တွင်း၌ ဗလောင်ဆူပွက်နေသည်။ မောပန်းလွန်းသဖြင့် ဦးခေါင်းကို ကုလားထိုင်ပေါ်ပြန်လည်မှီရင်း ကျနော့လက်များမှာ တဆတ်ဆတ်တုန်နေလေသည်။ ကွန်ပြူတာစားပွဲပေါ်မှ စာအိတ်တစ်အိတ်ဆီသို့ လက်မရောက်ခင်မှာပင် ကျနော့ခေါင်းမှာ ချာချာလည်ကာ မူးနောက်နေလေသည်။
.
ထိုစာအိတ်အကြောင်း စိတ်အတွေးရောက်သည်နှင့် ရင်ထဲ၌ တဖျင်းဖျင်းဖြင့် ပိုပြီး နာကြင် မောပန်းလာလေသည်။ မှုန်ဝါးဝါးထင်နေရင်း တစ်မိနစ်လောက် ကြောက်လန့်မူးဝေနေရင်း လက်တုန်တုန်ချိချိဖြင့် ထိုစာအိတ်အား ယူကာ စွန့်စားပြီး ဖောက်ဖတ်ဖြစ်လိုက်လေသည်။
.
သက်မကြီးအကြိမ်ကြိမ်ချပြီး မှုန်ဝါးဝါးထင်နေသော အရာအားလုံးတို့သည် ၀င်းဝင်း လက်လက်ဖြင့် တောက်ပနေပေတော့သည်။ ထိုစာအိတ်သည်ကား တစ်နှစ်တစ်ခါ ကုမ္ပဏီမှ ခံစားခွင့်ပေးသော Bonus ချက်လက်မှတ် စာအိတ် ဖြစ်ပေတော့သတည်း။ :) :)
.
ဟီး..ဟီး.. နဲနဲ မောပန်းသွားရင် ခွင့်လွှတ်နော်။ ပုံစံတစ်မျိုးပြောင်းပြီး စာကို ရေးကြည့်တာ။ စာရေးဆရာ ဆရာသာဓု ရဲ့ စာရေးနည်း စာအုပ်ကို ဖတ်ပြီး ပုံစံတစ်မျိုးနဲ့ ဒီနေ့ရရှိတဲ့ စာတစ်အိတ် အကြောင်း လက်တည့်စမ်းပြီး ရေးကြည့်တာ။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, December 30, 2009

ကိုမျိုး (1977 - ....... )

လူအဖြစ် စခဲ့တာက 1977
အခုကုန်တော့မယ့် နှစ်က 2009
ခုနှစ်တွေ ဖြတ်သန်းလာခဲ့တာ များခဲ့ပြီ..
ငါဘာမှ မသိခဲ့။
မိုက်မြဲ မိုက်လျက်။
.........
ခုနှစ်တွေ များစွာ လာဘို့ ရှိသေးပေမယ့်
ထိုအထဲက တစ်ခုသော ခုနှစ်မှာတော့
ငါဟာ.. ဒီလူသားဘ၀ကနေ
အပြီးတိုင် စွန့်ခွါရမှာတော့
မပြောဘဲ သိပါ၏
........

ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, December 16, 2009

လိုက်ကြမလား ကိုမျိုးတို့ အညာမြေ (၇)

"ဦးလေး...မုံရွာမှာ ညအိပ်မယ်လေ.. မိုးချုပ်တော့မယ်

"အေး..ကောင်းပါ့ကွယ်။ ညပိုင်းမှာ မုံရွာမြို့တွင်းလှည့်ပြီး ဘုရားဖူးကြတာပေါ့။
"ဟုတ်ကဲ့ ဦးလေး။ ပြီးရင်.. ဘယ်လိုက်ပို့အုံးမလဲ
"မုံရွာမှာ ဦးလေးရဲ့ ထွန်ဂျဲဒိုးကြီး ထားခဲ့ပြီး.. ကားတစ်စီးငှား.. ပြီးတော့ အလောင်းတော် ကဿပ သို့ လိုက်ပို့မယ်
"ဦးလေး က ရောက်ဖူးလို့လား
"အေး .. ရောက်ဖူးတယ်.. ငါ့တူတွေ..တူမတွေ လဲ ရောက်ဖူးအောင်လို့ လိုက်ပို့မှာ
"ကျေးဇူးတင်ပါတယ် ဦးလေး
"ကျေးဇူးမတင်ပါနဲ့ကွာ.. ဦးလေးကလဲ အဲဒီဘက်ကို ရောက်ဖူးချင်နေတာ ဆိုတော့ အဆင်ပြေတာပေါ့။ ပုံပြင်လေးနဲ့ ပြောရရင်.. ခုံဖိနပ်ပြတ် နဲ့ ခွေးငတ် တွေ့သလိုပေါ့..
"လုပ်ပြီး ဦးလေးကတော့.. ရေငတ်တုန်း ရေတွင်းထဲကျ လို့ လုပ်ပါ..
...
မုံရွာမှာ ကားတစ်စင်း ငှားပြီး အလောင်းတော် ကဿပ သို့ သွားကြမယ်။ ယင်းမာပင်မြို့ဘက်ကို အရင်သွားရမယ်။ ယင်းမာပင် ကထွက်လို့ သုံးမိုင်လောက် အကွာမှာ အလောင်းတော်ကဿပ သို့ဆိုတဲ့ လမ်းခွဲရှိပါတယ်။ အညာ တမာ နှင့် ထနောင်းပင်များ ပေါများသည့် လမ်းမှာ ၁၀ မိုင်လောက် မောင်းပြီးရင် ရွာသစ်ရွာကို ရောက်ပါတယ်။ ရွာသစ်လွန်လာရင် မြောက်ယမားချောင်းကို ဖြတ်ကြရပါ့မယ်။ ခြေချင်း ၀တ်သာသာ လောက် ချောင်းကလေးပေါ့။ အရိုင်းစိတ်ဝင်လာလို့ ရေကြီးလာရင်တော့ အနီးအနားက ရွာတွေ မြန်မြန်ရွှေ့ပေတော့။ ရေစီးအား အလွန်သန်တဲ့ ချောင်းပေါ့။
...
ချောင်းတစ်ဘက်ကမ်းမှာ ရင်ပေါင်တိုင်ရွာ။ ထန်းပင်တွေ အလွန်ပေါတဲ့ ရွာပေါ့။ ပြီးရင်တော့ မုံရွာ ငရုပ်သီးဈေးကွက်အတွက် ငရုပ်သီးပင်တွေ ပေါများတဲ့ ဆယ်စွယ်တောင်ရွာ၊ အလယ်ရွာ၊ မြောက်ရွာ။ ပြီးရင်တော့ ကပိုင်ရွာ။ ကပိုင်ရွာအထိ မုံရွာကနေ မိုင် ၄၀ နီးပါး ခရီးပေါက်ခဲ့ပြီ။ လွင်ပြန့်တွေ မဟုတ်တော့ဘူး။ တောင်ကမူ၊ တောင်စွယ်လေးတွေဘက်ကို ရောက်ပါပြီ။ အလောင်းတော်ကဿပ အထိ ၂၁ မိုင်နီးပါး ခရီးဆက်ရန် ကျန်ပါသေး။ တောင်ကလဲ မြင့်သထက်မြင့်လာပါပြီ။ ပွင့်ကြီးစခန်းတို့ ခုံညှင်းပင်စခန်းတို့ ကျော်လွန်ပြီးရင်တော့ နတ်ထိပ်လို့ ခေါ်တဲ့ မဟူတောင်ထိပ်ကို ရောက်ပါပြီ။ စကားအပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေ ဆင်ခြင်ကြပါ။ အလွန်နတ်ကြီးသည့် နေရာတစ်ခုဖြစ်ပါသည်။ အလွန်ရိုသေကြရပါမည်။ တိတ်တိတ်နေကြနော်။ နတ်ကိုင်လိုက်လို့ ကွိ့ခနဲ့ နေမယ်။ နတ်ကိုင်တာ အဲဒီလို အသံမြည်လားတော့ မသိဘူး။
.
တည်းခိုစရာ ဇရပ်တွေ၊ သောက်ရေတွေ လဲ လှူဒါန်းမှု ပြုထားတာ တွေ့မြင်ကြရမှာ ဖြစ်ပါသည်။ အလောင်းတော် ကဿပ အမျိုးသားဥယာဉ် ကိုလဲ တွေ့ကြရမှာ ဖြစ်ပါသည်။ အဲဒီကနေ ဆက်ထွက်လာရင် ကွေ့ကွေ့ကောက်ကောက် တောင်ပေါ်လမ်းတွေ ကျော်လာရင်တော့ ချောင်းမကြီးချောင်းလို့ ခေါ်တဲ့ ပုထိုးလုံးချောင်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အလောင်းတော်ရှိရာ ချောင်းလက်တက်ကလေးတွေထဲက စီးလာပြီး မင်းကင်းမြို့အောက်ဘက်နားမှာ ချင်းတွင်းမြစ်ထဲကို စီးဝင်သွားတဲ့ ချောင်းဖြစ်ပါတယ်။ ဒီနားက စားသောက်ဆိုင်တန်းမှာ ကားထားခဲ့ပြီး ခြေလျင်ခရီး စရပါတော့မယ်။ တစ်မိုင်သာသာလောက် တောင်တက်ခရီးပေါ့။
.
အလောင်းတော်ကဿပ တောင်ထိပ်ကို ဆင်စီးပြီး သွားမယ်ဆိုရင်လဲ စီးကြပေါ့။ တဟောဟော..တဟဲဟဲ နဲ့ တက်မယ်ဆိုရင်လဲ တက်ကြတာပေါ့။
"ဦးလေး..
"ဟေ...
"ဘာသံလဲ မသိဘူး.. သေချာနားထောင်
"နေဦးဟ.. မောလွန်းလို့ နားထဲက လေထွက်နေတာ..ဘာသံမှ မကြားရသေးဘူး
"သေချာဖြေးဖြေး နားထောင်လိုက် ဦးလေး
"ဟေ.. ဟေ... ခေါင်းလောင်းထိုးသံ ဟ။ ကြေးစည်သံ ဟ။
အလောင်းတော် ကဿပ သို့ ရောက်ပါပြီ။
.
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄ မှာတော့ အလောင်းတော်ကဿပ ရဲ့ အကြောင်းကို ဒီလို ရေးထားလေရဲ့။
အလောင်းတော်သည် တောင်သုံးလုံးဆုံရာ အကြား အနိမ့်ကွက်လပ် တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ပုံတောင် ပုံညာတောာင်၊ မြောက်ဘက်တွင် အလောင်းတော် နှင့် အကပ်ဆုံးမှာ ပုံတောင်ပုံညာအဆက် ခေါက်လောက်တောင် ရှိသည်။ အချို့က စိတ်ကူး နှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ၀ိုင်းနေသော ဝေပုလ္လတောင်၊ ဝေဘာရတောင် နှင့် ၀ိဇ္ဈကုဋ်တောင် ဟု ဆိုကြသည်။
.

အလောင်းတော်ကဿပသို့ရောက်တာနဲ့အလောင်းတော်၏ အာရုံခံတိုက်ကြီးထဲမှာ ခဏ နားကြပါမည်။ အာရုံခံတိုက်ကြီး၏ အရှေ့ဘက်ပိုင်းမှာ အလောင်းတော်ကဿပအဖြစ် ရဟန္တာပုံလျောင်းတော်မူ ရုပ်ထုတော်ကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ လဲလျောင်းပြီး ပရိနိဗ္ဗာန်ပြုနေပုံပါ။ အလွန်ကျယ်ဝန်းသည့်ကျောင်းတော်ကြီးပါ။ တပေါင်းလပြည့်ပွဲတော်ရက် ဆိုရင်တော့ အပြင်ဘက် မြေကြီးပေါ်မှာတောင် ဘုရားဖူးပရိသတ်အတွက် နေရာမရှိ။ နဂါးဒေါ်ဦး ရဲ့ တိုက်ကျောင်း နှင့်အတူ အလှူရှင်များ၏ ဒါနကုသိုလ် များစွာကို တွေ့မြင်ကြည်နူးကြရမှာ ဖြစ်ပါတယ်။
.

"ကျယ်လိုက်တဲ့ ကျောင်းကြီးကွာ.. ဦးလေးက အညာလေသံနဲ့ ပြောပါတယ်။

"ဟုတ်ပ ဦးလေးရာ.. ကျယ်လိုက်လေ

"တို့ရွာက ကျောင်းကြီးကျယ်လှ မှတ်တယ်။ ဒီကျောင်းကြီးနဲ့ ယှဉ်လိုက်ရင် တမာသီးလောက်ပဲ ရှိတော့မယ်။
"ဘုရားဖူးတွေ ဘယ်လောက်များများ ဖိနပ်တွေ အပြင်မှာ ချွတ်ထားခဲ့ရင် မပျောက်ဘူးလို့ ပြောသံကြားဘူးတယ် ဦးလေး
"ဟေ.. ငါ့ ခုံဖိနပ်လေး ဘယ်ရောက်သွားပါလိမ့်
"ရှိမှာပါ ဦးလေးရယ်.. ပူမနေပါနဲ့
"နောက်တာပါကွာ.. ပျောက်သွားလဲ ဘာမှမဖြစ်ပါဘူး..ဒီနားမှာ ငါ့ဖိနပ်တဲ့ ကောင်းတဲ့ ဖိနပ်တွေ အများကြီးပါ
"လုပ်ပြီ ဦးလေးကတော့...
.
ခဏ နားပြီးရင်တော့ ရှင်မဟာကဿပ ကိုယ်တော်ကြီးရှိတဲ့ တောင်တော်ကြီးဘက်ကို သွားရအောင်။ ဒီတောင်တော်ကြီးအတွင်းမှာ ရှင်မဟာကဿပ ကိုယ်တော်ကြီးရဲ့ ရုပ်အလောင်းတော်ကြီးသည် အတွင်းသား ဂူထဲမှာ ရှိနေတယ်လို့ အစဉ်အလာအရ ယုံကြည်ကြပါတယ်။ မြတ်စွာဘုရားလက်ထက်တော်က တတိယ သာဝက ဓုတင်္ဂရဧတဒဂ် ရဟန္တာကြီး အရှင်မြတ်ကြီး ရှင်မဟာကဿပ သည် ယခုနေရာ ဝေဘာရတောင်၊ ဝေဘူလတောင် နှင့် ၀ိဇ္ဈကုဋ်တောင် သုံးလုံးဆုံရာ မြောက်ဘက်က ဝေဘာရတောင်ရဲ့အောက်ဘက် ၃၅ တောင် ကုဗရှိတဲ့ ဂူကြီးထဲမှာ ပရိနိဗ္ဗာန်ပြုခဲ့ပြီး ရုပ်အလောင်းတော်ဟာ အခုထိ ပကတိအတိုင်း တည်ရှိပြီး အရိမေတ္တယျ ဘုရားရှင်လက်ထက်တော်ရောက်မှ တေဇောဓာတ် လောင်လိမ့်မယ်လို့ မှတ်ယူကြပါတယ်။

အဲဒီအစဉ်အလာ ယုံကြည်မှုကြောင့် ဒီအလောင်းတော် ကဿပတည်ရှိရာကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အထွက်အမြတ်ပြု ရိုသေပြီး အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး ဘုရားဖူးလာကြတာပါ။ ဘယ်လောက်ပင်ပန်းသည်ဖြစ်စေ အလောင်းတော်ကဿပရောက်ရင် အားလုံးဟာ မောသမျှပြေပြီး ကုသိုလ်တရားထူးကို ခံစားရရှိကြမှာ မလွဲပါ။

.
တံခါးရွက်နဲ့ တူတဲ့ ရွှေအပြည့်ချထားသည့် ဂူပေါက်ဝမှာ မဟာအကျင့်သီလနှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ်ကြီးကို ရည်မှန်းပြီး ကန်တော့ခွင့် ရကြမှာ ဖြစ်ပါတယ်။ မကြာသေးခင်က ဂျာနယ်တစ်ဆောင်ထဲမှာ တပို့တွဲလပြည့်နေ့ (၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့) မှာ အဲဒီ ဂူပေါက်ဝကြီး ရုတ်တရက်ပွင့်သွားတာကို ဘုရားဖူးများ ထူးဆန်းစွာ တွေ့မြင်ကြရလို့ အံ့မခန်း ကြည်ညိုဖွယ်ရာ အဖြစ် မျက်မြင်တွေ့ကြသူတွေ မနည်းလှပါဟု ဖတ်လိုက်ရပါသေးတယ်။
.
''တပို့တွဲလပြည့်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ရုတ်တရက်ပွင့် သွားခဲ့တာ။ ၁၅ မိနစ်လောက်ပဲကြာပါတယ် ဟု ဘုရားဖူးများကဆိုကြပါသည်။ ထူးဆန်းပေစွ။ အနီးအနားမှာပဲ အဇာတသတ်မင်း တည်ထား ခဲ့တာလို့အသိအမှတ်ပြုကြသည့် လွမ်းစေတီ ကိုလည်း ရှာဖွေ ဖူးတွေ့ကြပါလို့ တင်ပြရင်း နားပါရစေဗျာ။
.
ရည်ညွှန်း..
“မြန်မာ့စွယ်စုံကျမ်း CD”
“အလောင်းတော်ကဿပ သမိုင်းအကျဉ်းချုပ် - ဆရာတော် ဘဒ္ဒန္တ ဥတ္တရ”
"ဆရာ အံ့မောင် ၏ အညာဘုရားဖူး စာအုပ်
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, December 13, 2009

လိုက်ကြမလား ကိုမျိုးတို့ အညာမြေ (၆)

မွေးဌာနီ အညာအရပ်ဆီသို့
ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ
မှန်းဆကာရည် တမ်းတပါသည်
ဒီလိုပြောခဲ့သည်။
ကျွန်တော်ရောက်လေရာ နေရာတိုင်းက တမ်းတသည်
အောက်မေ့မိသည် သြော်အောက်မေ့မိသည်
ကျွန်တော့်မွေးဌာနီ။

မုံရွာအနီးက ဟို...ကျောက္ကာတောင်ရွာဆီ..မွေးဌာနီ နေရာဟောင်းကို ညီလေးအောက်မေ့သည်..
ဘူးခါးချောင်း ရေကြည်ကြည်..နေရီရီညနေချမ်းမှာ..ကျောက္ကာသူများ ရေချိုးလာသည်..
သောက်ရေအတွက် လက်ယက်တွင်းကလေးတွေ..ယပ်ကာ ခပ်ရသည်...ညီလေးတို့ဌာနီ
ကျောက္ကာတောင်ရွာ တစ်မျိုးတော့ သာယာသည်။

အဆိုတော် သန်းထွန်းလေးကျွန်တော့် မွေးဌာနီ သီချင်း မှ စာသားများ ဖြစ်ပါသည်။ အောက်မှာ သီချင်းလေးကို အမှတ်တရအဖြစ် တင်ပေးထားပါတယ်။ ကြည့်ရှု့တော်မူကြပါကုန်။ အဲဒီမှာ အဆိုတော် ဦးသန်းထွန်းလေး (ပိုးအိစံ ၏ ဖခင်)ရဲ့ ပုံရယ်၊ ကျောက္ကာရွာရယ်၊ ထန်းဇလုပ်ချောင်းရယ်၊ ယွန်းထည်လုပ်ငန်းလေးတွေရယ်၊ အစုံပါဘဲ။ ကြည့်လိုက်ကြပါအုံး။


"ဦးလေး သီချင်းတွေ ဆိုလို့ပါလား။ မုံရွာ ဘက်ကို အရင်သွားမယ်လေ။ ပြီးမှ ကျောက္ကာရွာဘက်ကို ၀င်မယ်။

"ဒီ ဗောဓိတစ်ထောင်ဘက်ကနေ ကျောက္ကာဘက်ကို အညာလမ်းလေးရှိတယ်။ အဲဒီကနေ ကျောက္ကာဘက်ကို အရင်သွားမယ်။ ပြီးမှ မုံရွာ။

" အေးကွာ...ကျောက္ကာဆိုတာနဲ့ စိတ်က ပြန်ငယ်သွားတာ။ ပြီးတော့ အဆိုတော် သန်းထွန်းလေး ကို သတိရလို့။
"အော်.. ဒီသီချင်းက ဦးသန်းထွန်းလေး ဆိုခဲ့တာလား။
"ဟုတ်ပကွာ.. အခုတော့ သူ့သမီး ပိုးအိစံ လဲ ပြန်ဆိုထားတယ်။

"ကျောက္ကာမှာ ဇတ်လမ်းတွေ ရှိခဲ့လို့လား ဦးလေး

"ရှိခဲ့တာပေါ့ကွာ။ အထွေအထူးတော့ မဟုတ်ပါဘူးကွာ။ ဦးလေးရဲ့အမ.. ကိုမျိုးရဲ့အမေ.. အပျိုတုန်းက.. ဦးလေးက ခပ်ငယ်ငယ်.. သူတို့က အပျိုရွယ်တွေပေါ့။ ဒီကျောက္ကာ ရွှေဂူနီဘုရားပွဲမှာ ဘုရားဖူး လာကြတုန်းက ဖြစ်ခဲ့တာ။

"လုပ်ပါအုံး ဦးလေး။ ကျနော် မမွေးခင်တုန်းက အဖြစ်ဆိုတော့ စိတ်ဝင်စားတယ်။

"ဒီလိုကွာ.. ဦးလေးရဲ့ အမတို့ အဖွဲ့ အပျိုရွယ်တွေကို.. ဘုရားဖူး လူပျိုတွေက နောက်ကြ..ပြောင်ကြ.. လူငယ်သဘာဝ ပိုးကြ ပန်းကြလုပ်တော့.. အမက.. ဦးလေးကို ပြောတယ်..

"ဘာပြောလဲ ဦးလေး..

"ဒီကောင်တွေ အမတို့နောက်က လိုက်လာပြီး ပိုးနေတယ်။ ငါ့မောင်.. ဒီကောင်တွေကို မောင်းထုတ်လိုက် ဆိုလို့..ဦးလေးက..ကလေးပီပီ ဆဲပြီး မောင်းထုတ်လိုက်တာ။ ကိုမျိုး အမေက ငါ့ကို ဂေါင်းခေါက်ပြီး ဆွဲစိတ်တယ်ဗျာ။ တော်တော်နာတယ်

"ဦးလေးက ဘယ်လိုဆဲပြီး မောင်းထုတ်လိုက်တာလဲ။

"ဦးလေးကလဲ ကလေးဆိုတော့.. ဆဲပြီး အော်ပြောလိုက်တာ။

"ဘယ်လို ဆဲပြီး အော်လိုက်လို့လဲ ဦးလေး။

"ဟေ့..ငါ့ အမတွေကို လိုက်ပြီးပိုးတဲ့ကောင်တွေ..ငါ့ယောက်ဖတွေ" ဆိုပြီး ဆဲလိုက်တာ။ အဲဒီတုန်းကတော့ ဘယ်သိမလဲ.. ငယ်သေးတာကိုး။

လုပ်ပြီ ဦးလေးကတော့။
..

ကျောက္ကာရွာသည် မုံရွာမြို့အရှေ့ဘက် ၁၀မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရွာဦးတွင် တန်ခိုးကြီး ရွှေဂူနီဘုရားကြီး တည်ရှိပါသည်။ ရွှေဂူနီဘုရားသည် ရှေးခေတ်ကတည်းက တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါသည်။ ရွှေဂူနီဘုရားသည် ဓမ္မသောက မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားနှင့်ကျောင်းကန်များမှ တစ်ခုအပါအ၀င် ဖြစ်ပါသည်။ အဲဒီအချိန်ကာလတုန်းက မြို့ဦးအသောက ဘုရားရယ်လို့ တွင်ခဲ့ပါသည်။ နောက်ပိုင်း ရှင်ဘုရင်မင်း အဆက်ဆက် ပြုပြင်ထိန်းသိမ်းလာခဲ့ရာ ဘုရင်မင်းခေါင်ကြီး လက်ထက်မှာ ဘုရားအဟောင်းကို ပြန်လည်ပြုပြင်ခဲ့ပါသည်။ အဲဒီကာလမှာ ကျောက္ကာရွှေဂူ ဘုရားရယ်လို့ သမုတ်ခဲ့ပါသည်။ အဲဒီနောက် ဘိုးတော်ဖန်နန်းရှင်မင်း လက်ထက်တွင် ကျောက္ကဆရာတော် အရှင်ဥာဏ မှ ပြုပြင်ထိန်းသိမ်းပြီး တည်ထားကိုးကွယ် ခဲ့ရာ ယခုအချိန်အထိ ရှေးမူမပျက် တည်ရှိပါသည်။ (အမှတ်မှားရင် ပြင်ဆင်ပေးကြပါကုန်)။
အခုတော့ ဘုရားဖူးများမှ လှူဒါန်းထားသည့် ဘုရားကျောင်းဆောင်များနှင့် ဇရပ်များ၊ အ၀င်မုဒ်ဦးများဖြင့် အလွန်တရာမှ ကြည်ညိုဖွယ်ရာ စေတီတစ်ဆူဖြစ်ပါသည်။ ဘုရားအတွင်းရှိ ရုပ်ပွားတော်များမှာလည်း အလှူရှင်များ၏ စေတနာသဒ္ဓါတရားဖြင့် ရွှေသင်္ကန်းများ ကပ်လှူထားသည်မှာ ဘုရားဆင်းတုတော်ပင် ရွှေတုန်းကြီးပမာ ဖြစ်နေပါတော့သည်။

ဘုရားပွဲအားလည်း နှစ်စဉ်နှစ်တိုင်း မေလ ၁၂ ရက် မှ ၂၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ မုံရွာနယ်မှ ဘုရားဖူးများအပြင်၊ အရာတော်နယ်၊ မြင်းမူနယ် မှ ဘုရားဖူးများ၊ နိုင်ငံခြား ဧည့်သည်များဖြင့် အထူးစည်ကားသည့် ဘုရားပွဲတော် တစ်ခုဖြစ်ပါသည်။ မြန်မာ့ရိုးရာ လက်မှုပညာများ ပေါများစွာ ထွက်ရှိရာဒေသဖြစ်သည့်အပြင်၊ ကျောက္ကာတောင် နှင့် ထန်းဇလုပ်ချောင်းတို့မှာလည်း အထူးစည်ကားရာ၊ လည်ပတ်စရာ ဒေသတစ်ခုဖြစ်ပါသည်။ ကျောက္ကာမှ ထင်ရှားသည့် အနုပညာလက်ရာမှာတော့ ကျောက္ကာယွန်းအစ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါသည်။ ၀ယ်ဖြစ်အောင် ၀ယ်လိုက်ကြပါအုံးနော်။

ကျောက္ကာရွာ အရှေ့ဘက်မှ ထန်းဇလုပ်ချောင်း သည်လည်း ဘုရားဖူးများ နားခိုရာ၊ ရေချိုးရာ၊ ရေကစားရာ နေရာတစ်ခု အဖြစ် ထင်ရှားလှပါသည်။ အညာဒေသ မိုးခေါင်ရေရှား ရပ်ဝန်းမှာ အမြဲစိမ်းလန်းစွာဖြင့် စိမ့်စမ်းရေများ ထွက်ရှိရာ အေးမြသည့် ထန်းဇလုပ်ချောင်းကိုဖြင့် ကျောက္ကာရွာရောက်လျှင် မဖြစ်မနေသွားရမည့် အပန်းဖြေရာ နေရာတစ်ခုဖြစ်ပါသည်။

.

အခုတော့ ထန်းဇလုပ်ချောင်းကို ပိတ်ပြီး နိုင်ငံတော်အစိုးရမှ ဆယ့်နှစ်ရာသီ သီးနှံစိုက်ပျိုးရန် နှင့် သုံးရေအတွက် အဆင်ပြေအောင် ထန်းဇလုပ်ရေလှောင်တမံကြီး ကို တည်ဆောက်ပေးထားလျှက်ရှိပါသည်။ ထန်းဇလုပ် ရေလှောင်တမံ တာရိုးပေါ်မှ ဖြတ်ပြီး ထန်းဇလုပ်ချောင်းဘက်ကို သွားရသည့် လမ်းမှာလည်း (မောင်မိုးရေ..ဒီလမ်းမှာ ထန်းရည်ပေါဗျ။ လယ်ကြွက်ကင်လေးနဲ့ ၀င်ဆွဲလိုက်တော့ အ၀) အလွန်သာယာစွာ ရှိလို့ ကျောက္ကာရွာသို့ ရောက်လျှင်ဖြင့် ၀င်ဖြစ်အောင် ၀င်လိုက်ကြပါလို့။

ညနေပိုင်းမှာတော့ မုံရွာကျောက္ကာလမ်းပေါ်မှ မုံရွာစီးပွားရေးတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ် တို့သို့ လည်လည်ပို့ရင်း မောင်မောင်ညီနောင် လဘက်ရည်ဆိုင် မှာ လဘက်ရည်သောက်ရင်း အဆောင်သူလေးတွေကို ငေးကြတာပေါ့။

..............................................

ခင်မင်လေးစားစွာဖြင့်

ကိုမျိုး (အညာမြေ)