မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, April 14, 2010

အညာ နဲ့ ကိုမျိုး (၂)

နေ့စဉ်ကျောင်းသွားတက်နေရတော့ လမ်းတလျောက်မှာ ရှိတဲ့သူတွေအားလုံးက သိနေကြပြီလေ။ ရှစ်တန်းတက်နေတဲ့ နှစ် ဆိုပါစို့။ လူကောင်က နဲနဲထွားတော့ လူပျိုပေါက်အရွယ်လို့ ထင်စရာပေါ့။ လမ်းတလျောက်က ကောက်စိုက်သမလေးတွေ၊ ကျောင်းသူလေးတွေကြားမှာ တိုးတိုးတိတ်တိတ် ရင်ခုန်တတ်တဲ့ အရွယ်ပေါ့။ ကောက်စိုက်သမလေးတွေရဲ့ လယ်တောနား ရောက်ပြန်ရင်လဲ အကြောင်းမရှိ အကြောင်းရှာပြီး စက်ဘီးစီးရလို့ မောလိုက်တာ ဆိုပြီး ရေတောင်းသောက်။ ကြံဖန်ပြီး စကားတွေ စပြီးပြော။ သူတို့လေးတွေကလဲ ခေသူတွေမဟုတ်။ အုပ်စုတောင့်တော့ သူတို့ကို အရမ်းမပိုးရဲ။ မသိမသာ ပိုးရတာပေါ့။
.
တစ်နေ့တော့..ကျောင်းကအပြန် ကောက်စိုက်သမ အဖွဲ့ထဲက ခပ်ချောချော ကောက်စိုက်သမတစ်ယောက်က နေမကောင်းလို့ သူ့ကို စက်ဘီးပေါ်တင်ပြီး အိမ်ပြန်ပို့ပေးပါပြောလို့ လိုက်ပို့ပေးလိုက်တယ်။ ကျနော့်ကိုကြတော့ နေမကောင်းဘူးလို့ ပြောတယ်။ သူတို့ ကောက်စိုက်သမ အချင်းချင်းကြတော့ ကိုမျိုး နဲ့ စက်ဘီးစီးပြီး အိမ်ပြန်တော့မယ်လို့ ပြောခဲ့တယ်တဲ့။ စကားတွေက တဖြည်းဖြည်းနဲ့ တစ်ယောက်စကား တစ်ယောက်နား ကြားဖန်များလာတော့ စကားဆိုတဲ့အတိုင်း ကားကားလာလိုက်တာ ကိုမျိုး နဲ့ အဲဒီကောက်စိုက်သမလေး ကြိုက်နေကြပြီတဲ့ဗျာ။ ရှစ်တန်းရှိသေးတာနော်။
.
တစ်နေ့တော့ အမေတို့က ထမင်းဝိုင်းမှာ ထမင်းစားနေကြတယ်။ ကျနော်က ကျောင်းကပြန်လာချင်း ထမင်းစားအုံးမယ် ဆိုပြီး စက်ဘီးလေးပေါ်ကဆင်းပြီး လက်ဆေးရင်း ဘာရယ်မဟုတ် သူ့အလိုလိုပေါ်လာတဲ့ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းနေမိတယ်လေ။
.
xxx ကောက်စိုက်သမလေးတွေ သံပြိုင်ဆို...
xxx ထမီတိုတို...ရွှဲလို့စို.. ရွှဲလို့စို...
.
သီချင်းတောင်မပြီးသေးဘူး။ နားထဲမှာ ၀ှီးကနဲ့ အသံကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ထမင်းခူးတဲ့ သစ်သားယောင်းမကြီး အနားကနေ ဖြတ်ပြေးတာ။ တဆက်တည်းမှာဘဲ ဒီကောက်စိုက်သမကို ဒီလောက်တောင် စွဲနေပြီလား။ "ငါတော့..သေချင်တာပါဘဲ။ လူကဖြင့် ရှစ်တန်းရှိသေး။ လူပျိုစိတ်က ၀င်နေပြီ။ မိန်းမက လိုချင်နေပြီ။ ပြောမပြော ချင်ပါဘူး..." တဲ့။ ဘယ်သူတွေက ဘယ်စကားတွေပြောပြီး..အမေက ဘာတွေကြားထားသလဲ မသိပါဘူး။ အဲဒီ ကောက်စိုက်သမလေးနဲ့ ကိုမျိုးကို အတင်းကို သမုတ်ကြတော့တာ။ တကယ်ကို ဘာဆို ဘာမှ မဟုတ်ရပါကွယ်။ သူနေမကောင်းလို့ ယာတောကနေ အိမ်ပြန်ပို့ပေးပါဆိုလို့ စက်ဘီးပေါ်တင်ပြီး သူ့အိမ်ထိ ပြန်ပို့ပေးခဲ့မိတာ။ နာမည်ကြီးချင်တော့ ကြံဖန်ကြီးတာပေါ့လေ။
.
ဒါနဲ့ စကားမစပ်.. ရွာထဲက ကာလသား လူငယ်တွေကလဲ အထင်ကြီးစိတ်နဲ့ ကြည့်လာကြတယ်လေ။ ကိုမျိုးက ရွာထဲမှာ အလှဆုံး ကောင်မလေးနဲ့ ကြိုက်နေတယ်ပေါ့။ ကဲ..အထင်ခံရ နည်းသလား။ ခပ်တည်တည်နဲ့ နေလိုက်တယ်။ ပိုပြီး ထင်နေကြပြီပေါ့။ ဘယ်လိုလုပ်ပြီး အဲဒီကောင်မလေးနဲ့ ကြိုက်သွားလဲပေါ့။ လူစုံရင် မေးကြတာလေ။ ရှစ်တန်းကျောင်းသား လူငယ်ဆိုတော့ ဘာရယ်ညာရယ်မသိဘဲ အထင်ကြီးနေကြတာ ခံရတော့ အကုန်လုံး မဟုတ်က ဟုတ်ကတွေ လျောက်ပြောတော့တာ။ ရည်းစားစာပေးပြီးမှ အဖြေတောင်းလိုက်တာ။ အဲဒီကစပြီး ရွာထဲကလူငယ်တွေ ရဲ့ ရည်းစားစာရေးတဲ့ စာရေးကြီး စဖြစ်တော့တာပါဘဲ။ တစ်နေ့တော့ ညီဝမ်းကွဲ တစ်ယောက်က ရည်းစားစာ ရေးခိုင်းလို့ အခုလိုလေး ရေးပေးလိုက်တယ်ဗျာ။ တောသားတွေ အဲဒီတုန်းက ဘယ်လိုရေးကြတယ် ဆိုတာလေး ဝေမျှရင်းနဲ့ပေါ့။
.
ချစ်မိနေတဲ့ ညီမငယ်..
ပပ၀တီက အလွန်ချောသူ ဖြစ်ခဲ့သတဲ့။ ညီမကို မြင်ဘူးနေတဲ့ အကိုကတော့ ပပ၀တီဟာ ဘယ်လောက်ချောချော ညီမရဲ့ အချောအလှလို မမှီနိုင်ဘူးလို့ မိုးကြိုးပစ်ခံထိပြီး ပြောရဲပါတယ်။ ခုနှစ်ဆောင်အခန်းမှာ မီးမထွန်းဘဲ အရောင်လင်းတယ်တဲ့။ အဲဒီ အလင်းရောင် နဲ့အတူ အလွန်လှသတဲ့။ မယုံပါဘူး။ ဘာဖြစ်လို့လဲ သိလား။
.
ဘုရားပွဲ ဆီမီးကပ် အဖွဲ့ အတန်းလှည့်တုန်းက ညီမ ကိုင်ထားတဲ့ ဆီမီးခွက်ရဲ့ အလင်းရောင်ရယ်၊ အေးမြကြည်လင်တဲ့ ညီမရဲ့ မျက်နှာအလှကို ဘယ်သူပြိုင်လို့ နိုင်ပါ့မလဲကွယ်။ အကို့ဘ၀က အရုပ်ဆိုးသူ မင်းကုသ လိုဘ၀မို့ ညီမရဲ့ အချစ်ကိုရယူဘို့ မထိုက်တန်သူလို့ ဆိုချင်ဆိုပါတော့။ အသက်သေဆုံးသည့်တိုင် ညီမတစ်ယောက်ထဲကိုဘဲ ချစ်နေမယ်ဆိုတာ ယုံပါ။ ညီမလက်ထဲမှာ ကိုင်ထားတဲ့ ဆီမီးခွက်လို လောင်စာကုန်သွားရင် မီးငြိမ်းသွားမယ့် အချစ်မျိုး မဟုတ်ပါဘူး။ ဘ၀ဆက်တိုင်း ချစ်ခြင်းမေတ္တာတရားတွေ ထာဝရ သယ်ဆောင်လာမယ့် ရင်ထဲက အချစ်စစ်နဲ့ ထာဝစဉ် စီးဆင်းနေတဲ့ မေတ္တာစမ်းရေလို အချစ်မျိုးပါကွယ်။
.
မနေ့က အမေက ပြောတယ်။ ညီမနဲ့ဆို သဘောတူတယ်တဲ့။ သမီးရင်းပမာ ချစ်ပါ့မယ်တဲ့။ အကိုက လယ်ယာလုပ်ငန်းကို အသေအချာ လုပ်တတ်နေပြီမို့ ရိုးမြေကျ လုပ်ကျွေးပါ့မယ်လို့ ကတိပြုပါတယ်။ ၀ါတွင်း ကာလမို့ အကိုနဲ့ထပ်တူချစ်ပါတယ်လို့ ခေါင်းညိတ် အဖြေမပေးချင်သေးရင် ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်ညမှာတော့ အဖြေပေးပါနော်။ ချစ်တယ်ဆိုတဲ့ အဖြေလေးကြားချင်လှပါရဲ့ ညီမရယ်။ အဲဒီအချိန်မှာ အကို့လောက်ပျော်မယ့်သူ ဒီရွာမှာ ရှိမယ်လို့ မထင်ပါဘူး။
အချစ်များစွာဖြင့်
အကို
.
အဲဒီတုန်းက ၀ါတွင်းဆို ရွာကလုံမေတွေက အဖြေမပေးချင်ကြဘူးဗျ။ ငရဲကြီးမှာ ကြောက်လို့တဲ့လေ။ အခုတော့ အဲဒီလို အတွေးတွေ ရှိကြသေးရဲ့လား မသိပါ။ အဲဒီ ညီမငယ်ဆိုတဲ့ အပျိုလေးကို ရွာက ကာလသားတွေကလဲ ပိုးကြတာ အများသား။ သီတင်းကျွတ် လပြည့်ညမှာတော့ အဲဒီ ညီမငယ်က ကျနော့ရဲ့ ညီဝမ်းကွဲကို အဖြေပေးလိုက်ပါတယ်။ စာရေးပြီး သေချာပေးလိုက်တာပါ။ ညီဝမ်းကွဲက အဲဒီစာပြလို့ ဖတ်ကြည့်လိုက်ပါသေးတယ်။ မှတ်မိသလောက်တော့ ...
.
အကို..
ညီမ စာပြန်လိုက်ပါတယ်။ ၀ါကျွတ်ပြီမို့ အဖြေပေးလိုက်ပါတယ်။ ၀ါတွင်းကာလ တစ်လျောက်လုံး အမူအယာတွေပိုပြီး စောင့်ခိုင်းထားတာ မဟုတ်ရပါ။ အမေ့ကိုလဲ တိုင်ပင်ပါတယ်။ အမေကပြောတယ်။ အကိုနဲ့ဆိုလဲ သဘောတူတယ်။ ကိုရင်နိုင် ဆိုတဲ့သူနဲ့လဲ သဘောတူတယ်တဲ့။ ကိုရင်နိုင် ဘက်ကို အမေက အလေးသာတဲ့ သဘောမျိုး ပြောနေတယ်လေ။ ညီမလဲ အမေ့ သဘောလို့ ပြောထားပြီးသား ကတိရှိနေလို့ ကိုရင်နိုင် မိဘတွေလာပြီး မမှတ်ခင် အကို့မိဘတွေကို လာပြီး ပြောခိုင်းလိုက်နော်။ ညီမက ပြောခိုင်းတယ်လို့တော့ မပြောနဲ့နော်။
.
ရွာသူတွေ ဘယ်လောက် တော်ကြလဲနော်။ ကိုရင်နိုင် နဲ့လဲ သဘောတူ တယ်တဲ့။ မိဘရဲ့အထိန်းအကွပ်အောက်မှာ ပြားပြားဝပ်နေရသူတွေမို့ မိဘတွေရဲ့ သဘောထားတွေ အပြည့်ပါမှာပေါ့လေ။ ညီဝမ်းကွဲလဲ သူ့အမေကို အပူကပ်ပြီး ပြောခိုင်းတော့တာ။ ဘယ်လောက်တင်မယ်..ဘယ်လောက်လက်ဖွဲ့မယ်က အစ အကုန်ပြောပြီး ဆွဲဆောင်ရတာ။ ကိုရင်နိုင် မိဘတွေ ပေးနိုင်တာထက် ပိုပြီးပေးနိုင်မှ အဆင်ပြေမှာမို့ လျော့ပေးလို့မရ။ အညာဓလေ့၊ အညာဘ၀ တွေပဲလေ။
.
ကိုရင်နိုင် မိဘတွေလာပြီး မ မှတ်ခင် လို့ စာပြန်လိုက်တယ်နော်။ အဲဒီစကား မ မှတ်ခင် ဆိုတာ ကျနော်တို့ရွာရဲ့ အခေါ် အဝေါ် ဓလေ့ပေါ့။ မိန်းကလေးတစ်ယောက်ကို နှစ်ဖက်မိဘ လူကြီးဆုံရာနဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကို မှတ်တယ် လို့ ပြောကြတယ်။ မိန်းကလေးတစ်ယောက်..ယောကျာင်္လေးတစ်ယောက်နဲ့ မှတ်ထားတယ် ဆိုရင် တခြားလူပျိုတွေအတွက် အခွင့်မရှိတော့။ အဲဒီကောင်မလေးက အမှတ်ကြီးနဲ့လို့ ပြောလိုက်ရင် တစ်ယောက်ယောက်နဲ့ စေ့စပ်ပြီးသားပေါ့။
.
သီးနှံမပေါ်ခင် မှတ်ထား။ သီးနှံပေါ် ငွေရွှင်တော့မှ ရွာအခေါ် စရန်ပေး တယ်လို့ ပြောကြတယ်။ ဒါလဲ ဓလေ့တစ်ခုပေါ့။ စရန်ပေးတယ်ဆိုတာ မင်္ဂလာ မဆောင်ခင် ပြုလုပ်တဲ့ပွဲပေါ့။ တစ်ခြားရွာက အသိမိတ်ဆွေတွေ မဖိတ်ကြားသေးဘဲ မိမိရွာအတွင်းမှာဘဲ ပြုလုပ်တဲ့ပွဲပေါ့။ စရန်ပေးပြီးပြီဆိုရင် ယောင်္ကျားလေးဘက်က မိန်းကလေးအိမ်ကို တံခါးမရှိ ၀င်ထွက်ခွင့်ရသွားပြီလေ။ ညအိပ်လို့တော့မရ။ စရန်ပေးပြီး အတော်လေးကြာမှ မင်္ဂလာဆောင်ကြတာ။ မင်္ဂလာဆောင်ပွဲ ကျင်းပပြီ ဆိုရင်တော့ တနယ်လုံးကို ဖိတ်ကြားပြီပေါ့။ မင်္ဂလာဆောင်ပြီးရင်တော့ ကိုယ့်အိုး ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ ရိုးမြေကျ လုပ်ကိုင်စားသောက်ကြပေတော့။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)