မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, April 7, 2010

အညာ နဲ့ ကိုမျိုး

အညာဒေသက ရွာလေးတစ်ရွာ။ 1977 ခုနှစ် မှာ ကျနော် မွေးဖွားတယ်။ ရွာမှာ အခြေခံပညာ မူလတန်း အောင်မြင်ပြီး ရွာနှင့် ခြောက်မိုင်မျှဝေးသော အရပ်သို့ နေ့စဉ်သွားပြီး အလယ်တန်း နှင့် အထက်တန်း ပညာ ဆည်းပူးခဲ့ရသည်။ ငယ်ငယ်တုန်းက ရွာက မူလတန်းကျောင်းဆိုတာ ထန်းရွက်မိုး၊ ထန်းရွက်ကာ။ မိုးရွာလျှင် ကျောင်းပိတ်။ အကာ ကောင်းကောင်းမရှိတော့ မိုးပက်တာကိုး။ ငယ်သေးပေမယ့် မှတ်မှတ်ရရ ရွာက လူကြီးတွေ ပြောတာ မှတ်မိနေသေးတယ်။ မင်းတို့ကျောင်းက ကျားကိုးစီး နဲ့ တဲ့။ ယိုင်နေလို့ ကျားကန်ထားရတာကို ပြောကြတာ။
.
လေးတန်းအောင်ပြီး တစ်ခြားရွာကို နေ့စဉ် အသွားအပြန် ၁၂ မိုင်နီးပါး စက်ဘီးနင်းပြီး ကျောင်းသွားတက်ရတာ။ လေးတန်းအောင်တော့ ကျောင်းသား ၆ ယောက်ရှိတယ်။ ဘယ်သူမှ တစ်ခြားရွာကို သွားပြီး ကျောင်းမတက်ချင်ကြ။ မိဘတွေကလဲ ကျောင်းမထားကြ။ တော်ပြီပေါ့.. သေစာ ရှင်စာ ဖတ်တတ်ရင်။ ဒီလို အတွေးနဲ့ ကျောင်းမတက်ဖြစ်ကြ။
.
ကိုမျိုးကတော့ မိဘတွေက ကျောင်းဆက်ပြီး တက်စေချင်။ အဘိုးအဘွားတွေကလဲ ကျောင်းဆက်တက်စေချင်တာနဲ့ ၁၂ မိုင် ခရီးကို ငါးတန်းကနေ ဆယ်တန်းအထိ နေ့စဉ် စက်ဘီးစီးပြီး ကျောင်းတက်ခဲ့တာ။ တစ်ရွာနဲ့ တစ်ရွာ ၁၂ မိုင်ခရီးဆိုပေမယ့် ဝေးတယ် မထင်မိ။ လမ်းတလျောက်မှာလဲ တောတဲလေးတွေ အများသား။ တောတဲ ဆိုတာက ရွာထဲက လူတွေ ယာတောမှာ အလုပ်များချိန်ဆို အိမ်မပြန်ကြတော့ဘဲ တောထဲမှာဘဲ တဲထိုးပြီး နေကြတာ ကိုဆိုလိုတာ။
.
တောတဲအားလုံးက ကိုမျိုး ရဲ့ အိမ်လိုပါဘဲ။ စက်ဘီးပေါက်လဲ ၀င်ပြီးဖာ။ ရေဆာလဲ ၀င်ပြီးသောက်။ ထမင်းစာလဲ ၀င်ပြီးစား။ အိမ်ကိုတော့ ကျောင်းဆိုပြီး အထွက်ပြ။ ကျောင်းမသွားဘဲ တောတဲ မှာဘဲ ညနေစောင်းထိနေ။ ခပ်တည်တည်နဲ့ ကျောင်းကပြန်လာတာလိုလို ဟန်ပြပြီး အိမ်ပြန်ဝင်။ ဒီလို လုပ်ခဲ့တဲ့ ရက်ပေါင်းလဲ မရေတွက်နိုင်တော့။
.
ထမင်းချိုင့်ကလေး စက်ဘီးမှာ ချိတ်ပြီး မနက်စောစောစီးစီး ကျောင်းသွား။ ရွာထဲကလူတွေကလဲ ထမင်းချိုင့်နဲ့ စက်ဘီးထိသံ ဂလောက်.. ဂလောက်ဆိုရင်.. ထကြဟေ့..တောသွားကြစို့။ မောင်မျိုးကလေးတောင် ကျောင်းသွားပြီ။ အဲဒီလို အချိန်မှန် ထမင်းချိုင့် ခေါင်းလောင်းလေး တီးပေးခဲ့တာ။ ညနေ ကျောင်းကပြန်လာပြီဆိုရင် ထမင်းချိုင့်သံက အခွန်ဆိုတော့ (အခွန်ဆိုတာနဲ့ လန့်မသွားကြနဲ့အုံး) ပိုပြီးတော့ မြည်သေး။ ဟ..အချိန်တောင် တော်တော်နောက်ကြနေပြီ။ မောင်ကျောင်းသားလေးတောင် ပြန်လာပြီ။ အိမ်ပြန်ကြစို့ဟေ့ ဆိုပြီး ပြောကြတာလေ။ ရွာကလူတွေကတော့ ကျနော့်ကို အချိန်မှန် ခေါင်းလောင်းလေးလို့ ထင်မှတ်နေကြတာ။
.
ကျနော့် ထမင်းချိုင့်သံ ဂလောက် ဂလောက် မကြားမချင်း အိပ်ယာက မထကြ။ ကျနော့်တို့ အိမ်က ရွာရဲ့ အနောက်မြောက်ပိုင်းမှာ ရှိတော့ ရွာလည်လမ်းမကြီး အတိုင်း စက်ဘီးစီးပြီး ထွက်ရတော့ ကျောင်းသွားတက်နေတာ တစ်ရွာလုံးကသိ။ ထမင်းချိုင့်သံလေး မကြားရင်..ဒီကောင်လေး နေမကောင်းဘူးလား မသိဘူး။ ကျောင်းမသွားဘူးနဲ့ တူတယ်။ အဲဒီလို ထိ ထမင်းချိုင့်သံလေးက လွှမ်းမိုးခဲ့တာ။
.
အလယ်တန်း ငါးတန်းကစပြီး တခြားရွာသွားပြီး ကျောင်းတက်ရတာကို မြို့သွားပြီး တက္ကသိုလ်တက်နေတဲ့ ကျောင်းသားကြီးပမာ။ တစ်ရွာလုံးမှာ တစ်ယောက်တည်းကိုး။ ငါးတန်း စာမေးပွဲမှာ ထူးထူးခြားခြား ပထမဆု ရတယ်ဗျာ။ တခြားရွာက ကျောင်းအုပ်ကြီးကိုယ်တိုင် အိမ်ထိလိုက်လာပြီး လာပြောတာ။ ကျနော် ပထမ ရတယ်တဲ့။ တစ်ရွာလုံးလဲ ပြောမဆုံး။ ဆုပေးပွဲ လုပ်မယ်တဲ့။ အမယ်လေး... မိဘတွေ ဆွေမျိုးတွေဆို တပြုံးပြုံးနဲ့။ ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး။
.
ဆုသွားယူကြတော့ ရွာကလူတွေ အကုန်လုံးနီးပါး လိုက်လာကြတာဗျာ။ လှည်းတွေဆို မနည်းဘူး။ ပထဦးဆုံး လှည်းဆို အသံချဲ့စက်ကြီးနဲ့။ အဆိုတော် သန်းထွန်းလေး ရဲ့ ကျနော့် ရည်မှန်းချက် ဆိုတဲ့ သီချင်းကို ဖွင့်လို့။ အခုထိ နားထဲမှာ ကြားယောင်မိပါသေးဗျာ။
.
xxx ကျနော့် ရည်မှန်းချက် တွေးလျှက်နဲ့ ပျော်သည်ပျော်သည်..
xxx ညီလေး ညီမလေးများကို သွန်သင်ကာ ဆုံးမပေးမည်...
xxx ဆရာဝန် ဖြစ်ဘို့ ကျနော် ကြိုးစားမည်..
xxx လူရည်ချွန်ဖြစ်ဘို့ ကျနော်ကြိုးစားမည်..
xxx မြန်မာ့သားကောင်း ဇာနည်..
......... ကြီးကို ကျနော် မျှော်မှန်းသည်။
.
အဲဒီသီချင်းကို အခုထိ ကြားယောင်မိတုန်း။ ရွာကလူတွေကလဲ ငါ့တို့ရွာသားကွ ဆိုပြီး ဂုဏ်ယူလိုက်ကြတာ။ ကျနော် ဆုရတာကို ဂုဏ်ယူရတာ အပြင်.. ငါတို့ ရွာသားကွ ဆိုတာတွေက လွှမ်းလွှမ်းမိုးမိုး။ တစ်ရွာနဲ့ တစ်ရွာ အပြိုင်အဆိုင်ပေါ့လေ။ ဘောလုံးပွဲရှုံးကြွေးလိုက်ဆပ်တာလို့တောင် ပြောသူက ပြောနေကြပြီ။ ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲမှာ ကျနော်တို့ ရွာက ရှုံးထားတာကိုး။
.
ဘောလုံးပွဲ ဆိုလို့ ကျနော်တို့ ရွာ ဘောလုံးပွဲမှာ လူရွေးပုံလေး ဝေမျှချင်ပါတယ်။ ကိုဖြိုး ဆိုတဲ့ ကာလသားဂေါင်းက ဘောလုံးကန်လဲ မကောင်း။ ညစ်လဲညစ်တော့ တစ်ရွာလုံး တစ်နယ်လုံးက သူ့ကို ဘောလုံးပွဲမှာ မပါစေချင်ဘူးလေ။ အဲဒီတော့.. ဒီဘောလုံးပွဲမှာ ကိုဖြိုး ကိုလူရွေးခိုင်းလိုက်ကွာ။ အဲဒါဆို သူ့ကိုယ်သူ ရွေးမှာ မဟုတ်ဘူး။ ကိုဖြိုး ကလဲ လူကြီးတွေက အရွေးခိုင်းတဲ့အထိ ဖြစ်လာတော့ ဘ၀င် မြင့်ပြီး ရွေးပါတယ်။ ဘယ်လိုရွေးလဲဆိုတော့...စစချင်း..
ငါရယ်.. ငတိုးရယ်..
အာ..မကြိုက်သေးဘူးကွာ..ထပ်ပြီးရွေး..
ငါရယ်..ငတိုးရယ်..ငမြင့် ရယ်..
ကိုဖြိုး ကို မပါစေချင်လို့ အရွေးခိုင်းပါတယ် ဆိုနေမှ.. ငါ ရယ်..ငါရယ်..ဆိုပြီး သူ့ကိုယ်သူ ထပ်ကာ ထပ်ကာ ရွေးနေတော့တာ။
.
စကားချပ်။ ရွာအနေအထားက အရင်ပို့စ်တွေမှာ တင်ထားပြီး ဖြစ်သလို ကျနော် ငယ်ငယ်တုန်းကနဲ့ မတူတော့။ ငါးတန်းကနေ ကိုးတန်းအထိ နှစ်စဉ် ပထမဆု ရခဲ့တာ။ ဆယ်တန်းမှာတော့ အထူးခြားဆုံး ပေါ့လေ။ ဆက်ပါဦးမည်။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)