မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Saturday, July 21, 2012

ဖြစ်မှ ဖြစ်ရလေ တော်.....


     လက်သမားဆရာကြီး ဦးဖိုး ရုတ်တရက် ကွယ်လွန်တော့ သူ့မိန်းမ ဒေါ်စော ငိုချင်းချပုံလေးက ကျုပ်တို့ရွာမှာ ငိုအားထက် ရယ်အားသန်ပြီး ပြောစမှတ်ဖြစ်စရာ။
      အသုဘ လာသူများက တခြားတွေးပြီး ပြုံးစိစိ။ တကယ်တော့ ဦးဖိုးက နေ့လည်ပိုင်းမှာ အိမ်က တံခါးပေါက်အပိတ်လေး လုပ်နေခဲ့တာ။ ညနေပိုင်းကြတော့ ရုတ်တရက်ကွယ်လွန်ရှာ။ ပြီးတော့ ဒေါ်စော အသက်က ၄၀ ကျော်ဆိုတော့ နောက်ယောင်္ကျားယူဖို့ မသင့်တော်တဲ့ ဇကောဇက အရွယ်။ ကိုယ်တိုင်ကလဲ ဘာမှ မလုပ်တတ် မကိုင်တတ် အသက်ကြီးပြီး ဇကောဇက အရွယ်။ အဲဒါလေးကို ထည့်ငိုလိုက်တာပါ။
ဒေါ်စော ငိုချင်းလေးက ဒီလို....
      “ အမလေး ကိုဖိုး ရဲ့ ဖြစ်မှဖြစ်ရလေ.. ရုတ်တရက်ကြီးတော်။ နေ့ခင်းတုန်းကမှ ကျုပ်နဲ့ တံခါးပေါက်ပိတ် လုပ်ခဲ့ကြသေးတာ။ ကျုပ်ကို ဇကောဇက ကြီးနဲ့ ထားခဲ့ပြီလား တော့။

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, July 14, 2010

အသွင်မတူ..

ညီမငယ် shwezinu တက်ဂ်ထားတဲ့ အသွင်မတူ ဆိုတဲ့ တက်ဂ်ပို့စ်လေး တင်ပေးလိုက်ပါတယ် ညီမငယ်။ ပျော်ရွှင်ချမ်းမြေ့ သာယာစွာဖြင့် ဖတ်ရှု့အမောပြေနိုင်ကြပါစေကွယ်။

အသွင်မတူ
အိမ်သူမဖြစ် တဲ့
ဆိုရိုးစကား ရှိခဲ့ငြားလဲ
သူမနဲ့ ကျနော့်ဘဝ
ဖြစ်ခဲ့ကြ။
...
သူမက စိတ်ရှည်သူ
ကျနော်က စိတ်တို ဒေါသကြီးတတ်သူ။
...
သူမက စားသောက်မက်
အိပ် မမက်။
ကျနော်က စားသောက်မမက်
အအိပ် မက်။
...
ကိုကို မောင်မောင် တီတာချင်သူ
ကျနော်က နင် နဲ့ ငါ နဲ့ပြောမှ
အားရတတ်သူ။
...
အ၀တ်အစားဆို စတိုင်ကျ
အသစ်မြင်တိုင်း ၀ယ်ချင်လှ
အိမ်ရောက်ရင် လူတိုင်းပြ။
ကျနော်က ထိုမတူ
စတိုင် မကျ
စကောစက။
...
စိုင်းစိုင်း လေးဖြူ
ခေတ်ဆန်သူ။
ကိုအံ့ကြီး တွံတေး
မာမာအေး။
...
နတ်သမီးတပါးလို
လှပ နူးညံ့
ကြော့ရှင်းတတ်သူ။
တောသား ငပိချက်
အလှမမက်။
....
ဘုရားသွား ကျောင်းတက်
ဒါနတူတူ
စိတ်ကိုယ်တူ။
...
ခရီးသွား စုံမက်
တွဲဖက်တူတူ
မငြီးငြူ။
...
လက်မပါ စိတ်မကောက်
သစ္စာမဖောက်
တို့နှစ်ယောက်။
...
ဖောက်သည့်သစ္စာ
တွေ့မြင်ကြားသော်.....
ရှေးကဗျာ တပိုင်းတစ
သူငါ အမှတ်ရ။
...
ကဲ..ရှင်မ၊ နားထောင်
အိမ်ရှိ တောင်း..ပလုံး..နှီး..ဖျာ
ညည်းက အကုန်ယူ
ငါ နှီးဖြာတတ်သူ။
.
အိမ်ရှိ အထည်အလိပ်..ခေါင်းအုံး...မွေ့ရာ
ငါက အကုန်ယူ
ညည်းက ရက်ကန်းတတ်သူ။
.
ဘူးစင်အောက်က နွားတစ်ယှဉ်း
ညည်းကြိုက်တာ ရွေးယူ။
.
အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ ငါနဲ့ ပြတ်စဲစေ....။
.
.
အသွင်တူ..အချစ်တူပြီး ရာသက်ပန် ပေါင်းဖက် ပျော်ရွှင်နိုင်ကြပါစေ။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, June 20, 2010

ကိုမျိုး တို့ အညာ

မှိုင်းရီလို့မှောင်
တောတောင်ညာတသိမ်က
သာဂိမှေ နွေရတုငယ်မို့
ကြွေလုဟန်စော
(မြင်ကွန်းမင်းသားကြီး)
.
ကျွန်တော်တို့ အိမ်ရှေ့က မန်ကျည်းပင်ကြီးလည်း အကျီင်္အဟောင်းကို လဲပြီ။ ရွက်နုထိုးစပြုနေသော အရွက်စိမ်းနုလေးများလည်း ခြုံနေကြပြီ။
.
"ဟေ့မိသန်းရေ.. ငါဖို့ရော မန်ကျည်းရွက်နု တလက်စာလောက် ပိုပြီး ခူးလိုက်စမ်းပါအေ..
"အင်းပါတော်..ခူးလိုက်ပါ့မယ်.. ဆွမ်းခံကိုယ်တော်တွေ ကြွလာတော့မှာမို့ မြန်မြန်ခူးနေတာတော့..
"အေးပါအေ.. လိမ့်ကျနေပါအုံးမယ်
"ရပါတယ်တော်.. ဒီအပင်က ကျုပ်တက်ခူးနေကြပါတော်..
"အေးအေး.. အဲဒါဆိုလဲ ပြီရော..
အန်တီသန်းတို့ မန်ကျည်းရွက်ခူးနေစဉ်

ကိုမျိုးရဲ့ ညီမ၀မ်းကွဲလဲ မန်ကျည်းပင်ပေါ်မှာ (ဒီနေ့တော့ မန်ကျည်းရွက်သုတ် နဲ့ မန်ကျည်းရွက်ချဉ်ရည်)
.
ဒီစကားသံတွေကြားတော့မှ အိပ်ယာကလန့်နိုးပြီး သံဃာတော်တွေတောင် ဆွမ်းခံကြွချိန်ရောက်နေပြီ ဆိုတာ သတိထားမိတော့တယ်။ သံဃာတော်များအား ဆွမ်းလောင်းမည်ဟု မနေ့ညကတည်းက ပြောထားတာ သတိရမိ။ အိမ်ယာကမြန်မြန်ထပြီး ပြင်ထားတဲ့ ဆွမ်းဟင်းတွေကို ထိုင်ကိုယ်တော်လေးများအား လောင်းလှူ။

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်

ထိုင်ကိုယ်တော်လေးများ ကြွလာစဉ်


သံဃာတော်များ ဆွမ်းခံကြွမလာမီ သန့်ရှင်းထားကြစဉ်
ကြည်ညိုဖွယ်ရာ ဆွမ်းလောင်းလှူနေကြစဉ်
နေ့စဉ် နေ့တိုင်း ဒီအတိုင်း ဆွမ်းလောင်းလှူကြတယ်
သံဃာတော်များအား ဆွမ်းလောင်းလှူနေကြစဉ်

အမေက မှာလိုက်တယ်။ ငါ့သား စင်ကာပူပြန်ရောက်ရင်လဲ နေ့တိုင်း၊ မနက်တိုင်း ဆွမ်းလောင်းနော်တဲ့။ အိမ်ယာထ မပျင်းနဲ့တဲ့။ အမေရယ်.. ကျွန်တော်ရောက်နေတဲ့ စင်ကာပူက အခုလို ဆွမ်းလောင်းဖို့ သံဃာတော်တွေ အိမ်ပေါက်ဝထိ ကြွမလာဘူးဗျ။ ဖြစ်ရလေ ငါ့သားရယ်။ 


ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, June 13, 2010

မွေးရပ်မြေအညာ ရဲ့ သဘာဝ အလှ

မွေးရပ်မြေအညာ တစ်ခေါက် အလည်ရောက်ခဲ့ပြန်ပေါ့။ ငယ်ငယ်တုန်းက ပြေးလွှားစော့ကစားခဲ့တဲ့ နေရာလေးတွေ မြင်မိတိုင်း ဒီနေရာ ဒီဒေသလေးတွေကို ဓာတ်ပုံမရိုက်ဘဲ မနေနိုင်လောက်အောင်ကို အရမ်းရိုးစင်း လှပလွန်းလို့ ရိုက်ယူခဲ့မိတယ်။
.
ဓာတ်ပုံထဲမှာ တွေ့ရတဲ့ အပင်ကြီးတိုင်းလိုလို တက်ပြီး စော့ကစားဘူးခဲ့တာ။ ဒီအပင်ကြီးတွေကို အကာအကွယ်ယူပြီး သေနတ်ပစ်တန်း၊ သစ်ပင်တက်တန်း၊ တူတူပုန်းတန်း၊ သစ်ပင်ပေါ်လာတဲ့ စာကလေးတွေကို လောက်လေးခွနဲ့ ထိုင်စောင့်ပြီး ပစ်ခဲ့၊ ကစားခဲ့ကြတာ။ သစ်ပင်ကြီးတွေက အိုနေပေမယ့် မိုးဦးရာသီအစမှာ နုပျိုလန်းဆန်းစွာနဲ့ ကြိုဆိုနေဆဲ။





ကိုမျိုး တို့ ရွာအ၀င် လမ်းမကြီး


သံဃာတော်များ ဆွမ်းခံကြွရာလမ်း (ဦးလေးမှုံ သန့်ရှင်း ကုသိုလ်ယူနေစဉ်)


ကျောင်းမဖွင့်ခင် နွေရာသီ ကျူရှင်တက်ရန်သွားနေတဲ့ ကျောင်းသားလေးများ



မိုးဦးစမို့ သီးနှံစိုက်ပျိုးရန် မိုးမလုံလောက်သေးလို့ နွားများလည်း နားနားနေနေ




ရွာဦးကျောင်းသို့ သွားရာလမ်း



ရေထမ်းသူထမ်း.. ကျောင်းသွားသူသွား





ကိုမျိုး တို့ အိမ်ရောက်ပြီ။ မိဘ၊ ဆွေမျိုးသားချင်း ၊ ငယ်ပေါင်းတွေလဲ ၀မ်းသာအားရ လာရောက်ပြီး နှုတ်ဆက်ကြ၊ လဘက်ရည်သောက်ခေါ်ကြ။ ထမင်းစားခေါ်ကြ။ ဒီမြေ၊ ဒီရေ၊ ဒီအညာ၊ ဒီရွာမှာ ကြီးပြင်းခဲ့သူမို့ တစ်ရွာလုံးကလည်း မိသားစု ဆွေမျိုးရင်းများ ကဲသို့ ဖြစ်နေပါသည်။ ဒီပို့စ်လေးကို တင်ရင်းနဲ့ ရွာကို အရမ်းသတိရနေတယ်။ မွေးရပ်မြေဇာတိ ချက်မြှပ်ရာနေရာမို့ မလွမ်းဘယ်သူ ရှိပါ့မလဲကွယ်။



.



ခင်မင်လေးစားစွာဖြင့်



ကိုမျိုး (အညာမြေ)

Thursday, June 3, 2010

အညာမြေမှ ယက်ကန်းခတ်သံ

အညာမြေမှ ယက်ကန်းခတ်သံလေးနဲ့ နှုတ်ခွန်းဆက်သပါရစေ။ မွေးရပ်မြေရွာသို့ အလည်တစ်ခေါက် ပြန်ပြီး ဆွေမျိုးသားချင်း ငယ်ပေါင်းတွေနဲ့ တ၀ကြီး စိတ်ရှိသလောက် မနေခဲ့ရပေမယ့် ပျော်ရာကိုခွါပြီး တော်သင့်ရာနေရာကို ပြန်ခဲ့ရလို့ အလွမ်းတွေ တပွေ့တပိုက်ကြီးနဲ့ မျက်နှာညှိးနေတုန်းပါ။ အညာလက်ဆောင်တွေတော့ တပွေ့တပိုက်ကြီးနဲ့ပါ။ အခု ယက်ကန်းခတ်သံလေးနဲ့နှုတ်ဆက်ပါတယ်။
.
ကျနော် ငယ်ငယ်တုန်းကတော့ လက်ယက်ကန်းစင်တွေ အိမ်ပေါက်စိ ရှိသလောက်ပါ။ အခုတော့ တစ်ရွာလုံးမှ နှစ်ခု သုံးခုဘဲ တွေ့ပါတော့တယ်။ အညာချည်ထည်လေးတွေ ၀တ်ရတာ ဘယ်လောက်နေပူပူ ကျန်းမာရေးနဲ့ ညီညွတ်မျှတစေတော့ လွမ်းမိသား။ အရင်တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ နေခဲ့တာဆိုတော့ ချည်ထည်တစ်ခု ရဘို့ ခက်ရခက်ဆစ် လုပ်ခဲ့ရတာကို သတိမထားမိ။ အခုတော့ အညာချည်ထည်လေးတွေ တန်ဘိုးထားမိလာတော့ တကူးတက မေးပြီး ၀ါဂွမ်းမှ ချည်ထည်အချောအထိ ဘယ်လောက်လက်ဝင်ပြီး ယက်ခတ်ရတယ်ဆိုတာ သိခဲ့ရတယ်။
.
ယောင်္ကျား စာမတတ်တော့ အကန်း။ မိန်းမ ယက်ကန်းမတတ်တော့ အကျိုးတဲ့။ ရွာမှ အဒေါ်ကြီးက သူတို့ ငယ်ငယ်တုန်းက သုံးနှုန်းကြတဲ့ စကားကို ဆိုပါတယ်။ မျိုးဝါစေ့လေးတွေကို မိုးရွာတဲ့အခါ လယ်တောထဲမှာ ပက်ကျဲရပါတယ်။ အဆင်ပြေပြေမို့ဝါအပင် ရပြီး ၀ါသီးလေးတွေ ရပြီဆိုပါစို့။ ရင့်မှည့်လာပြီဆိုရင် ၀ါပွင့် ဖွေးဖွေးလေးတွေအဖြစ် ကြည်နူးရပြီပေါ့။ ၀ါပွင့် လေးတွေ ကို ခူးဆွတ်ပြီး နေလှန်း။ ပြီးတော့ ၀ါသန့်။ ဆိုလိုတာက အပွင့်မလှဘူး။ အမှိုက်ရောနေတဲ့ ၀ါပွင့် လေးတွေကို ရွေးထုတ်ပြီး သန့်တဲ့ ၀ါပွင့် လေးတွေကို ရွေးခြင်းပါ။
.
ဝါသန့်လေးတွေကို ကြိတ်ရပါတယ်။ ၀ါကြိတ်တယ်ဆိုတာက ပွင့်ဖတ်နဲ့ ၀ါစေ့ကို ခွဲထုတ်ခြင်းပါ။ ရွာမှာတော့ ပွတ်လုံးနှစ်ခုပါ လက်လှည့်ဘီးထဲ ၀ါပွင့်ကို ထိုးထည့်ပြီး အစေ့နဲ့ ပွင့်ဖတ် ခွဲထုတ်တာပါ။ ၀ါကြိတ်ပြီးပြီ ဆိုရင် ၀ါ ဖတ် ရပါတယ်။ ၀ါဖတ်တယ် ဆိုတာက ၀ါဂွမ်းလေးတွေကို ပိုပြီး နုညံ့ညက်ညောသွားအောင် ပြုလုပ်ခြင်းပါ။ အဲဒီ ၀ါညက်ကို တဖတ်ခြင်းယူပြီး ဒုတ်တန်အချောလေးနဲ့ လိပ်ယူရပါတယ်။ ဗိုင်းတောင့် လုပ်တယ်လို့ ဆိုပါတယ်။


ရစ်ခုံ အမျိုးမျိုး
.
ဗိုင်းတောင့်လိပ်ကလေးတွေကို လေလွင့်မသွားအောင် တောင်းလေးထဲမှာ ထည့်ပြီးဖိထားရပါတယ်။ ဗိုင်းကောင်း ကျောက်ဖိ တဲ့ဗျာ။ ပိပိရိရိ သေသေသပ်သပ် ကလေး နေတတ်ထိုင်တတ်ခြင်းကိုလည်း ဒီစကားနဲ့ ခိုင်းနှိုင်းကြတာပေါ့။ ဗိုင်းလိပ်တောင့် ကလေးတွေကို ၀ါချည်မျှင်ဖြစ်အောင် ရစ်ခုံ ကလေးမှာ တစ်မျှင်ခြင်း ရစ်ယူရပါတယ်။ ဗိုင်းငင်တယ်လို့ ခေါ်ဆိုကြတယ်။ ဗိုင်းငင်ပြီးရင် ချည်မျှင်ရပြီ ဆိုပါစို့။ အဲဒီချည်မျှင်ကို ခြားရစ်ရပါတယ်။ ချည်ခင် ရမယ်။ ချည်ခင် ကို လိုရာအရောင်ဆိုး။ ဆေးဆိုးပြီး ချည်စာနင်း။ ချည်စာနင်းတယ်ဆိုတာ ဆေးဆိုးပြီး ချည်ခင်ကို ဆေးသားဝင်သွားအောင် ချည်ခင်ကို ထမင်းပျော့ပျော့နဲ့ နယ်ပြီး ခြေဖ၀ါး နဲ့အားထည့်ပြီး နင်းရပါတယ်။

အဖွားသီ ချည်ခင် နေစဉ် (အပြုံးလေးနဲ့ :)


ပြီးတော့ နေလှန်း။ ချည်စာသတ်။ ချည်စာသတ်က ချည်မျှင်လေးတွေကို တစ်ပင်ခြင်း ရှင်းသွားအောင် ချည်စာသီး နဲ့ ခြစ်ရပါတယ်။ အဲဒီ ရှင်းပြီးသား ချည်မျှင်လေးတွေကိုမှ ယောက်လုံးတွင် ရစ်ယူရပါတယ်။ ရက်ဖောက်တယ်လို့ ခေါ်တယ်။ ယက်ကန်းစင်ပေါ်ရောက်ဖို့ အဆင်သင့်ပြီ။ ၀ါဂွမ်းကနေ ချည်ထည်အချောအထိ တဆင့်ချင်း လုပ်ဆောင်ရတာတွေက အများသား။ တချို့အဆင့်တွေက အညာအခေါ်အဝေါ်တွေနဲ့ တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကွဲပြားလို့ ချန်လှပ်ထားခဲ့ပါတယ်။


အညာယက်ကန်းစင် (အသုံးဝင်ပုံများ.. ထမီလှန်းတယ်..ရေနံကြီးအိုးထားတယ်..ထင်းတွေပုံထားတယ်..အေးကျော် ဆိုတဲ့ နာမည်တောင်ပါလိုက်သေး)

ချည်ထည်အကွက်ဆန်း ပုဆိုးယက်ရန် ပြင်ဆင်ထားတယ်တဲ့

အကွက်ဆန်းဆင် ပုဆိုးကွက်ပုံပေါ်နေပြီ။
.
ယက်ကန်းစင်.. ကွက်ဆန်းထွင်
ပျို့မောင်ကြီး ကိုယ်ယောင်ပွနဲ့
အတော်လိုက်မယ့်အဆင် ယဉ်သလေး..
ပျော်လိုက်တဲ့ခင်..ခင် ရေ
အတော်လိုက်မယ့်အဆင် ယဉ်သလေး။
.
လက်ခတ်သံ လက်ခတ်သံ
မလေး လက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ
ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေး။
.
ရှေးစာဆိုကြီးတွေ ရေးစပ်သီကုံး ဖွဲ့ဆိုထားသည့် မလေး လက်ခတ်သံ ဆိုတဲ့ သီချင်းသံကလဲ နားထဲမှာ ကြားယောင်လာမိပါတယ်။ နိုင်ငံခြားဖြစ် အ၀တ်အထည်တွေကို အားမပေးဘဲ ပြည်ထွန်းဖြစ် လက်ယက်ကန်း အဆင်အကွက်လေးများကို အားပေး ၀တ်ဆင်ပြီး ၀ံသာနု ရက္ခိတ အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးထားတဲ့ သီချင်းစာသားလေးဆိုရင်လဲ မှားမည်မထင်ပါ။
.
တိုးတက်နေတဲ့ ခေတ်ထဲမှာ အထည်တစ်ခုကို အလွယ်တကူ ၀ယ်ယူဝတ်ဆင်နိုင်ပါလျှက် ဘာဖြစ်လို့ ဒီလောက်ခက်ခက်ခဲခဲ လက်ရက်ထည်လေးတွေကို အမြတ်တနိုး တနိုင်တပိုင် ယက်လုပ်ပြီး ၀တ်ဆင် နေကြသေးတာလဲလို့ အမေးရှိရင် ကျုပ်ကိုယ်တိုင် အဖြေကောင်းကောင်း မပေးတတ်။ ပေးတတ်တဲ့ အဖြေကတော့ ကျုပ်က မြန်မာဗျ။ မြန်မာ့ချည်ထည်လေးတွေကို တန်ဘိုးထားတယ်။ မြတ်နိုးတယ်။ မြန်မာ့ကျေးလက် အနုပညာကို လေးစားတယ်။ ဂုဏ်ယူတယ်။ ခေတ်နောက်ပြန်ဆွဲတယ်လို့ ဆိုချင်ဆို။ ကျုပ်ကတော့ ကျေးလက်အမွေအနှစ်မို့ နောက်တစ်ခေါက် ရွာပြန်ရင် ယက်ကန်းခတ်သံလေးတွေ မကြားရတော့မှာ နှမြောမိသဗျာ။
.




.

ခင်မင်လေးစားစွာဖြင့်

ကိုမျိုး (အညာမြေ)

Monday, May 3, 2010

ပျင်းရင် ဘာလုပ်

"ပျင်းရင် တောပြန်" တဲ့
ကိုမျိုးတို့ ဘဝ
ထင်ဟပ်လှပေါ့။
.
အညာ နေ
ကျစ်ကျစ်တောက်မို့
မိုးအရွာ စောင့်ပါအုံး တဲ့။
.
ငပူ ငအေး
ရွေးကောက် မနေတော့။
.
ပူပူ အေးအေး
အမေရှိရာ
အညာပြန်မယ်။


မွေးရပ်မြေအညာသို့ အလည် ၂ ပတ် ပြန်ပါဦးမည်။


ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Monday, April 26, 2010

အညာ နဲ့ ကိုမျိုး (၄) ( ၈၈ အရေးအခင်း ကာလ)

ကိုမျိုးငယ်ငယ် လေးတန်း နှစ်က ဖြစ်ပါသည်။ ၈၈ အရေးအခင်းကာလ။ အဖေ နှင့် အမေ၊ ကိုမျိုး ရယ် အစ်ကိုဖြစ်သူ က အဘွားတို့နှင့် အတူနေစဉ် ဖြစ်ပါသည်။ တစ်နေ့။ ညနေစောင်းအချိန်။ ရွာဦး အရှင်ကြီးပင် အောက်မှ ဒိုင်း ကနဲ့ သေနတ်ဖောက်သံ ကြားလိုက်ရသည်။ ရွာသူရွာသားအားလုံး အထိတ်တလန့်နဲ့ ဒမြတွေ ၀င်လာပြီဟေ့။ မီးကွက်တွေ မှုတ်ထားကြ။
.
လူကြီးတွေရဲ့ ပြန်လည် ပြောပြချက်အရ ယခင်က ရွာတစ်ရွာမှာ ဒမြ တိုက်တော့မယ်ဆိုရင် ဒမြတိုက်မယ့် အဖွဲ့သား အနည်းဆုံး ခြောက်ဦးရှိတယ်လို့ သိရပါတယ်။ သုံးဦးက ရွာဦးမှာ။ ကျန်သုံးဦးက တိုက်မယ့် အိမ်အနားမှာ။ မတိုက်ခင် ရွာဦးကနေ သေနတ်ကို အစမ်းပစ် ရပါတယ်။ အဲဒီ သေနတ် ကျည်ထွက်ပြီးမှ ဒမြတိုက်လို့ အဆင်ပြေတယ်ဆိုတဲ့ အယူအဆ။ ရွာဦးက သေနတ် ကျည်မထွက်ဘဲ အဲဒီရွာကို ဒမြ ၀င်တိုက်ရင် အဆင်မပြေဘူးဆိုတဲ့ အယူအဆ။ အဲဒါကြောင့် ကျွန်တော်တို့ ရွာဦးကနေ ဒိုင်း ကနဲ့ သေနတ်သံ ကြားလိုက်ရတာပါ။
.
ထိုသေနတ်သံ အော်သံများနှင့်အတူ ကျွန်တော်တို့ အိမ်သို့ ဒမြ တိုက်ပါတော့သည်။ အဲဒီအချိန် အိမ်မှာ အဖေ၊ အမေ၊ ဦးလေး၊ အဘိုး နဲ့ အဘွား ရယ် ကျွန်တော်ရယ် ရှိနေပါသည်။ လူသုံးယောက် ရုတ်တရက် အိမ်ထဲသို့ ၀င်လာပြီး တစ်ယောက်က အဘိုးအား သေနတ်ဖြင့် ချိန်။ ဒူးတုတ် ထိုင်ခိုင်းပါသည်။ ကျန်နှစ်ယောက်က ဓားပြပြီး အဖေ နှင့် ဦးလေးကို ဒူးထောက် ထိုင်ခိုင်းပါသည်။ အဘွား ဘယ်ရောက်နေသည် မသိ။ ကျွန်တော်က အမေ့ ရင်ခွင်ထဲမှာ။ လှူပ်ရှားမှုအားလုံး မြင်နေရပါသည်။
.
အဘိုးက အညာယက်ကန်းစင် ရဲ့ နောက်ဖက်မှာ ဒမြတစ်ယောက်ရဲ့ရှေ့ ဒူးထောက်။ ကျွန်တော်ရယ် အဖေ၊ အမေ ရယ် ဦးလေး ရယ်က ယက်ကန်းစင် ရဲ့ ဘေးဖက် မျက်စောင်းထိုးမှာ ကျန်နှစ်ယောက်ရှေ့ ဒူးထောက်။
" အဘိုးကြီး။ ခင်ဗျားအိမ်ကို ကျုပ်တို့ ဒမြတိုက်တယ်။ လူမသတ်ချင်ဘူး။ အဲဒီတော့ ရှိတာတွေ အကုန်ပေး။
" ဟဲ့..သမီး စပါးပုတ်အောက်က ရွှေအိုးကို ပေးလိုက်။ ညည်း ဆွဲကြိုး နဲ့ လက်ကောက်ပါ ပေးလိုက်။
အမေက ကျွန်တော့ကို အဖေ့ရှေ့ တွန်းပို့ပြီး ထားခဲ့။ စပါးပုတ်သို့ အသွား ဒမြတစ်ယောက် အမေ့နောက်က ခပ်ခွာခွာ လိုက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာ အဖေက အနားမှာ ရှိနေတဲ့ သစ်သားဒုတ် တစ်ခုကို ရုတ်တရက်ဆွဲပြီး သေနတ်ကိုင်ထားတဲ့ ဒမြ တစ်ယောက်ရဲ့ဦးခေါင်းကို ဒူးထောက်ထိုင်နေရာက ခုန်ပြီး အားကုန်လွှဲ ရိုက်ချလိုက်ပါတော့သည်။ ရုတ်တရက်မို့ အငိုက်ခံ လိုက်ရတဲ့ အချိန်မှာ ဦးလေးဖြစ်သူက ဓားကိုင်ထားတဲ့ တစ်ယောက်ကို ၀င်ပြီး လုံးပါတယ်။
.
အဘိုးလဲ ဒူးထောက်နေရာကထပြီး ကျွန်တော့ကို ပွေ့ကာ အနားရှိ ပဲစင်းငုံ ထည့်ထားသည့် ပုတ်အတွင်းသို့ ထည့်လိုက်ပါသည်။ ခွပ်ကနဲ့ အသံကြားလို့ အမေ့နောက်က လိုက်သွားတဲ့ သူက ပြန်လှည့်လာပြီး နပန်းလုံးနေသည့် ဦးလေးအား ၀င်ပြီး ဓားဖြင့် ခုတ်ပါတော့သည်။ ဦးလေးကလဲ ခေသူမဟုတ်။ လူးလှိမ့်ပြီး လွတ်အောင်ရှောင်လိုက်နိုင်သည်။ အဘိုးက အမေ့နောက် လိုက်ပြီး ထွက်ပြေးပါသည်။
.
သေနတ်ကိုင်ထားသည့် ဒမြသည် အဖေ့ သစ်သားဒုတ် လက်ချက်ဖြင့် မှောက်နေပြီ။ ဦးလေးက လက်နက်မပါ။ အဖေက သစ်သားဒုတ်ဖြင့်။ ကျန်နှစ်ယောက်က ဓားကိုယ်စီဖြင့်။ ကျွန်တော်က ပဲပုတ်ထဲမှာ။ အဘိုးနှင့် အမေက လွတ်ရာပြေးပြီ။ အဘွားဘယ်ရောက်နေသည် မသိ။ အားလုံးတော့ သေကုန်တော့မှာဘဲ လို့ စိတ်အထင်ဖြင့် ပုတ်ထဲကနေပြီး ခေါင်းထောင်ပြီး ကြည့်မလို့ မော့လိုက်ကာ ရှိသေး။ ကျွန်တော့ ခေါင်းကို လက်တစ်ခုက ဖိပြီး ငြိမ်ငြိမ်နေ ဆိုပြီး ဖိထားပါသည်။ အလိုလေး။ အဘွား ပါလား။ ဘယ်အချိန်က ဒီပဲပုတ်ထဲ ရောက်နေသည် မသိ။
.
ဦးလေးက အိမ်အပြင် ထွက်ပြေး။ အဖေလဲ နောက်ကလိုက်ပြီး ပြေး။ ဒမြနှစ်ယောက်လဲ လိုက်ပြီးပြေး။ သေနတ်နဲ့ ဒမြတစ်ယောက် ယက်ကန်းစင်ဘေးမှာ မှောက်ရက်လဲနေခဲ့။ ဒမြ တစ်ယောက်က ဦးလေးရဲ့ နောက်ကနေပြေးလိုက်ပြီး ဓားဖြင့်ခုတ်လိုက်ရာ ဒီတစ်ခါတော့ ဦးလေး မလွတ်။ ခေါင်းတော့ မထိ။ ခြေကျင်းဝတ် ထိပြီး အား ကနဲ့ အိမ်ရှေ့မှောက်ရက် လဲကျပါတော့သည်။ အဖေက နောက်ပြန်လှည့်ပြီး ကိုင်ထားတဲ့ သစ်သားဒုတ်ဖြင့် ပေါက်လိုက်ရာ ဒမြဖြစ်သူ၏ မျက်နှာမှန်ပြီး နောက်သို့ လဲကျသွားပါသည်။ ကျန်ဒမြတစ်ယောက်က အိမ်အပြင်ရောက်တာနဲ့ လမ်းမပေါ်ထွက်ပြီး ပြေးပါတော့သည်။
.
" ဒမြတွေ ထွက်ပြေးပြီဟေ့။ လိုက်ကြ။ လိုက်ကြ။
ဦးလေးနဲ့ အဖေက သံပြိုင်အော်ကြတော့ အနီးမှာ ရှိတဲ့သူတွေ သတ္တိဝင်လာပြီး ကျွန်တော်တို့ အိမ်ဝင်းထဲသို့ အရပ်လေးမျက်နှာမှ ၀င်လာကြပါတော့သည်။ သစ်သားဒုတ်ဖြင့် မျက်နှာအမှန်ခံရတဲ့ ဒမြလည်း လမ်းမဘက်ထွက်ပြီး ပြေးပါတော့သည်။ ဦးလေးဖြစ်သူရဲ့ ခြေထောက်က သွေးတွေထွက်နေတာ မြင်လို့မကောင်း။
"ဘာတွေပါသွားသေးလဲ..
"ဒမြဘယ်နှစ်ယောက်လဲ..
"အဘွားနဲ့ မောင်မျိုးရော..
"အဘိုးနဲ့ အမေ ရော..
"အဖေရော ဘာဖြစ်သွားသေးလဲ..
"ဟိုလူနှစ်ယောက်နောက်ကို လိုက်ကြ။
"ဦးလေးကို ဆေးခန်းပို့ကြ။ ဆိုတဲ့ အသံတွေ ညံပွက်နေပြီး တစ်ရွာလုံးနီးပါး အိမ်အပြင်ထွက်လာ ကြပါတော့သည်။
.
"ဘာမှတော့ ပါမသွားဘူး။
"ဒမြ သုံးယောက်။
"သေနတ်နဲ့ ဒမြ သေပြီ။
"ကျန်နှစ်ယောက် ပြေးပြီ။
"အဘွားနဲ့ မောင်မျိုး ပဲပုတ်ထဲမှာ။
"အဘိုး နဲ့ အမေ ဒီမှာ။
"အဖေ ဘာမှ မဖြစ်။
"ဟိုလူနှစ်ယောက် ဘယ်ရောက်သွားလဲ မသိ။
"ဦးလေးကို ဆေးခန်းပို့။ ခြေကျင်းဝတ် အကြောပြတ်သွားလို့ ဆေးရုံတင်ဘို့ စီစဉ်ရမည်။
.
မနက်မိုးလင်းတော့ မြို့နယ်စခန်းမှုးနှင့် အဖွဲ့ရောက်လာပြီး သေနေတဲ့ ဒမြကို သယ်ယူသွားကြပါသည်။ ဘယ်လောက်ထိများ ကြောက်အားလန့်အားနဲ့ ရိုက်ထားသည်မသိ။ ဒမြ၏ ခေါင်းမှာ ဖရဲသီးကို ရိုက်ခွဲထားသည့် ပမာ။ ကျန်နှစ်ယောက် အိမ်ရှေ့လမ်းအတိုင်း ထွက်ပြေးတာ အခုထိ ဘယ်ရောက်နေသည် မသိ။ ဦးလေးကို ဆေးရုံပို့လိုက်ကြပြီ။ ကိုမျိုး ကိုလဲ ဆေးရုံပို့ရန် ထပ်မံပြီး စီစဉ်ကြပါသည်။
.
အကြောင်းမှာ ကြောက်အားလန့်အားနဲ့ ပဲစင်းငုံထည့်ထားသည့် ပုတ်ထဲသို့ ပုန်းနေစဉ် ပဲစင်းငုံစေ့ နှစ်စေ့။ နားထဲတွင်တစ်စေ့။ နှားခေါင်းပေါက်ထဲတွင် တစ်စေ့။ ၀င်နေသောကြောင့် ဖြစ်ပါသည်။ နားထဲ ၀င်နေသည့် အစေ့ကလဲ ဘာနဲ့မှ ကော်ထုတ်လို့ မရ။ ကွက်တိလေး ၀င် နေပါသည်။ နှာခေါင်းပေါက်ထဲက တစ်စေ့ကလဲ ကွက်တိလေး ၀င်နေပြီး အပြင်မှ ဘယ်လိုမှ ထုတ်လို့မရ။ နှာခေါင်းတစ်ဖက်ပိတ်ပြီး နှပ်ချေးညှစ်သလို ညှစ်သော်လည်း မရ။ နားထဲက အစေ့ကလဲ ဘယ်လိုထုတ်ထုတ် မထွက်။ နောက်ဆုံးတော့ ကိုမျိုးကိုပါ ဆေးရုံပို့ဘို့ စီစဉ်ကြပါတော့သည်။
.
အခုရေးနေရင်းနဲ့ အဲဒီတုန်းက အဖေ ရဲ့ တဇွတ်ထိုး မိုက်ရဲမှုကို ကြောက်လန့်မိပါသည်။ သစ်သားဒုတ်နဲ့ အပိုင်ရိုက်လိုက်နိုင်လို့ မဟုတ်ရင် အဖေသေပြီ။ ဦးလေးလား။ ဦးလေးကိုတော့ အဖေ့ထက် ပိုပြီး စိတ်ချသည်။ ဦးလေးက ရွာမှာ ဗမာသိုင်းဆရာ။ ကျွန်တော် ခုနှစ်တန်းလောက်မှာ ဗမာ့သိုင်း ပညာကို ဦးလေးသင်ပေးလို့ တော်တော်စုံနေပေပြီ။ ဦးလေးပြောစကား အခုထိ မှတ်မိသေး။ ငါမို့လို့ကွ။ တခြားလူသာဆိုရင် ခေါင်းပြတ်ပြီတဲ့။ ဟုတ်ပါရဲ့။ ခြေကျင်းဝတ် အကြောပြတ်ပြီး အခုထိ ထော့နင်း ထော့နင်း နဲ့ ခါးလေးစောင်းပြီး အသက်ရှင်နေလို့။
.
အဘိုးပြောစကားအရ အဲဒီတုန်းက အမေ့ကို ယူခိုင်းလိုက်တဲ့ စပါးပုတ်အောက်က ရွှေအိုးက အစစ်မဟုတ်ဘူးတဲ့။ မြင်းမူပွဲတော်က ၀ယ်လာတဲ့ ရွှေရောင်သုတ်ထားတဲ့ ကြေးပြားတွေတဲ့။ အမေပြောတာ အခုထိ မှတ်မိသေး။ " ငါ့လက်ကောက်နဲ့ ဆွဲကြိုးကတော့ အစစ်ပါအေ" တဲ့။
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)