မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, June 3, 2010

အညာမြေမှ ယက်ကန်းခတ်သံ

အညာမြေမှ ယက်ကန်းခတ်သံလေးနဲ့ နှုတ်ခွန်းဆက်သပါရစေ။ မွေးရပ်မြေရွာသို့ အလည်တစ်ခေါက် ပြန်ပြီး ဆွေမျိုးသားချင်း ငယ်ပေါင်းတွေနဲ့ တ၀ကြီး စိတ်ရှိသလောက် မနေခဲ့ရပေမယ့် ပျော်ရာကိုခွါပြီး တော်သင့်ရာနေရာကို ပြန်ခဲ့ရလို့ အလွမ်းတွေ တပွေ့တပိုက်ကြီးနဲ့ မျက်နှာညှိးနေတုန်းပါ။ အညာလက်ဆောင်တွေတော့ တပွေ့တပိုက်ကြီးနဲ့ပါ။ အခု ယက်ကန်းခတ်သံလေးနဲ့နှုတ်ဆက်ပါတယ်။
.
ကျနော် ငယ်ငယ်တုန်းကတော့ လက်ယက်ကန်းစင်တွေ အိမ်ပေါက်စိ ရှိသလောက်ပါ။ အခုတော့ တစ်ရွာလုံးမှ နှစ်ခု သုံးခုဘဲ တွေ့ပါတော့တယ်။ အညာချည်ထည်လေးတွေ ၀တ်ရတာ ဘယ်လောက်နေပူပူ ကျန်းမာရေးနဲ့ ညီညွတ်မျှတစေတော့ လွမ်းမိသား။ အရင်တုန်းကတော့ အမှုမဲ့ အမှတ်မဲ့ နေခဲ့တာဆိုတော့ ချည်ထည်တစ်ခု ရဘို့ ခက်ရခက်ဆစ် လုပ်ခဲ့ရတာကို သတိမထားမိ။ အခုတော့ အညာချည်ထည်လေးတွေ တန်ဘိုးထားမိလာတော့ တကူးတက မေးပြီး ၀ါဂွမ်းမှ ချည်ထည်အချောအထိ ဘယ်လောက်လက်ဝင်ပြီး ယက်ခတ်ရတယ်ဆိုတာ သိခဲ့ရတယ်။
.
ယောင်္ကျား စာမတတ်တော့ အကန်း။ မိန်းမ ယက်ကန်းမတတ်တော့ အကျိုးတဲ့။ ရွာမှ အဒေါ်ကြီးက သူတို့ ငယ်ငယ်တုန်းက သုံးနှုန်းကြတဲ့ စကားကို ဆိုပါတယ်။ မျိုးဝါစေ့လေးတွေကို မိုးရွာတဲ့အခါ လယ်တောထဲမှာ ပက်ကျဲရပါတယ်။ အဆင်ပြေပြေမို့ဝါအပင် ရပြီး ၀ါသီးလေးတွေ ရပြီဆိုပါစို့။ ရင့်မှည့်လာပြီဆိုရင် ၀ါပွင့် ဖွေးဖွေးလေးတွေအဖြစ် ကြည်နူးရပြီပေါ့။ ၀ါပွင့် လေးတွေ ကို ခူးဆွတ်ပြီး နေလှန်း။ ပြီးတော့ ၀ါသန့်။ ဆိုလိုတာက အပွင့်မလှဘူး။ အမှိုက်ရောနေတဲ့ ၀ါပွင့် လေးတွေကို ရွေးထုတ်ပြီး သန့်တဲ့ ၀ါပွင့် လေးတွေကို ရွေးခြင်းပါ။
.
ဝါသန့်လေးတွေကို ကြိတ်ရပါတယ်။ ၀ါကြိတ်တယ်ဆိုတာက ပွင့်ဖတ်နဲ့ ၀ါစေ့ကို ခွဲထုတ်ခြင်းပါ။ ရွာမှာတော့ ပွတ်လုံးနှစ်ခုပါ လက်လှည့်ဘီးထဲ ၀ါပွင့်ကို ထိုးထည့်ပြီး အစေ့နဲ့ ပွင့်ဖတ် ခွဲထုတ်တာပါ။ ၀ါကြိတ်ပြီးပြီ ဆိုရင် ၀ါ ဖတ် ရပါတယ်။ ၀ါဖတ်တယ် ဆိုတာက ၀ါဂွမ်းလေးတွေကို ပိုပြီး နုညံ့ညက်ညောသွားအောင် ပြုလုပ်ခြင်းပါ။ အဲဒီ ၀ါညက်ကို တဖတ်ခြင်းယူပြီး ဒုတ်တန်အချောလေးနဲ့ လိပ်ယူရပါတယ်။ ဗိုင်းတောင့် လုပ်တယ်လို့ ဆိုပါတယ်။


ရစ်ခုံ အမျိုးမျိုး
.
ဗိုင်းတောင့်လိပ်ကလေးတွေကို လေလွင့်မသွားအောင် တောင်းလေးထဲမှာ ထည့်ပြီးဖိထားရပါတယ်။ ဗိုင်းကောင်း ကျောက်ဖိ တဲ့ဗျာ။ ပိပိရိရိ သေသေသပ်သပ် ကလေး နေတတ်ထိုင်တတ်ခြင်းကိုလည်း ဒီစကားနဲ့ ခိုင်းနှိုင်းကြတာပေါ့။ ဗိုင်းလိပ်တောင့် ကလေးတွေကို ၀ါချည်မျှင်ဖြစ်အောင် ရစ်ခုံ ကလေးမှာ တစ်မျှင်ခြင်း ရစ်ယူရပါတယ်။ ဗိုင်းငင်တယ်လို့ ခေါ်ဆိုကြတယ်။ ဗိုင်းငင်ပြီးရင် ချည်မျှင်ရပြီ ဆိုပါစို့။ အဲဒီချည်မျှင်ကို ခြားရစ်ရပါတယ်။ ချည်ခင် ရမယ်။ ချည်ခင် ကို လိုရာအရောင်ဆိုး။ ဆေးဆိုးပြီး ချည်စာနင်း။ ချည်စာနင်းတယ်ဆိုတာ ဆေးဆိုးပြီး ချည်ခင်ကို ဆေးသားဝင်သွားအောင် ချည်ခင်ကို ထမင်းပျော့ပျော့နဲ့ နယ်ပြီး ခြေဖ၀ါး နဲ့အားထည့်ပြီး နင်းရပါတယ်။

အဖွားသီ ချည်ခင် နေစဉ် (အပြုံးလေးနဲ့ :)


ပြီးတော့ နေလှန်း။ ချည်စာသတ်။ ချည်စာသတ်က ချည်မျှင်လေးတွေကို တစ်ပင်ခြင်း ရှင်းသွားအောင် ချည်စာသီး နဲ့ ခြစ်ရပါတယ်။ အဲဒီ ရှင်းပြီးသား ချည်မျှင်လေးတွေကိုမှ ယောက်လုံးတွင် ရစ်ယူရပါတယ်။ ရက်ဖောက်တယ်လို့ ခေါ်တယ်။ ယက်ကန်းစင်ပေါ်ရောက်ဖို့ အဆင်သင့်ပြီ။ ၀ါဂွမ်းကနေ ချည်ထည်အချောအထိ တဆင့်ချင်း လုပ်ဆောင်ရတာတွေက အများသား။ တချို့အဆင့်တွေက အညာအခေါ်အဝေါ်တွေနဲ့ တနေရာနဲ့တနေရာ အခေါ်အဝေါ်တွေ မတူကွဲပြားလို့ ချန်လှပ်ထားခဲ့ပါတယ်။


အညာယက်ကန်းစင် (အသုံးဝင်ပုံများ.. ထမီလှန်းတယ်..ရေနံကြီးအိုးထားတယ်..ထင်းတွေပုံထားတယ်..အေးကျော် ဆိုတဲ့ နာမည်တောင်ပါလိုက်သေး)

ချည်ထည်အကွက်ဆန်း ပုဆိုးယက်ရန် ပြင်ဆင်ထားတယ်တဲ့

အကွက်ဆန်းဆင် ပုဆိုးကွက်ပုံပေါ်နေပြီ။
.
ယက်ကန်းစင်.. ကွက်ဆန်းထွင်
ပျို့မောင်ကြီး ကိုယ်ယောင်ပွနဲ့
အတော်လိုက်မယ့်အဆင် ယဉ်သလေး..
ပျော်လိုက်တဲ့ခင်..ခင် ရေ
အတော်လိုက်မယ့်အဆင် ယဉ်သလေး။
.
လက်ခတ်သံ လက်ခတ်သံ
မလေး လက်ခတ်သံ
လက်ခတ်သံ လက်ခတ်သံ
ပျိုလေးလက်ခတ်သံ
လက်ခတ်သံ ကျွန်းဖိုသား
သောင်းတိုင်က ကြားသလေး။
.
ရှေးစာဆိုကြီးတွေ ရေးစပ်သီကုံး ဖွဲ့ဆိုထားသည့် မလေး လက်ခတ်သံ ဆိုတဲ့ သီချင်းသံကလဲ နားထဲမှာ ကြားယောင်လာမိပါတယ်။ နိုင်ငံခြားဖြစ် အ၀တ်အထည်တွေကို အားမပေးဘဲ ပြည်ထွန်းဖြစ် လက်ယက်ကန်း အဆင်အကွက်လေးများကို အားပေး ၀တ်ဆင်ပြီး ၀ံသာနု ရက္ခိတ အမျိုးသားရေး စိတ်ဓာတ်ကို မြှင့်တင်ပေးထားတဲ့ သီချင်းစာသားလေးဆိုရင်လဲ မှားမည်မထင်ပါ။
.
တိုးတက်နေတဲ့ ခေတ်ထဲမှာ အထည်တစ်ခုကို အလွယ်တကူ ၀ယ်ယူဝတ်ဆင်နိုင်ပါလျှက် ဘာဖြစ်လို့ ဒီလောက်ခက်ခက်ခဲခဲ လက်ရက်ထည်လေးတွေကို အမြတ်တနိုး တနိုင်တပိုင် ယက်လုပ်ပြီး ၀တ်ဆင် နေကြသေးတာလဲလို့ အမေးရှိရင် ကျုပ်ကိုယ်တိုင် အဖြေကောင်းကောင်း မပေးတတ်။ ပေးတတ်တဲ့ အဖြေကတော့ ကျုပ်က မြန်မာဗျ။ မြန်မာ့ချည်ထည်လေးတွေကို တန်ဘိုးထားတယ်။ မြတ်နိုးတယ်။ မြန်မာ့ကျေးလက် အနုပညာကို လေးစားတယ်။ ဂုဏ်ယူတယ်။ ခေတ်နောက်ပြန်ဆွဲတယ်လို့ ဆိုချင်ဆို။ ကျုပ်ကတော့ ကျေးလက်အမွေအနှစ်မို့ နောက်တစ်ခေါက် ရွာပြန်ရင် ယက်ကန်းခတ်သံလေးတွေ မကြားရတော့မှာ နှမြောမိသဗျာ။
.




.

ခင်မင်လေးစားစွာဖြင့်

ကိုမျိုး (အညာမြေ)