မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, July 14, 2010

အသွင်မတူ..

ညီမငယ် shwezinu တက်ဂ်ထားတဲ့ အသွင်မတူ ဆိုတဲ့ တက်ဂ်ပို့စ်လေး တင်ပေးလိုက်ပါတယ် ညီမငယ်။ ပျော်ရွှင်ချမ်းမြေ့ သာယာစွာဖြင့် ဖတ်ရှု့အမောပြေနိုင်ကြပါစေကွယ်။

အသွင်မတူ
အိမ်သူမဖြစ် တဲ့
ဆိုရိုးစကား ရှိခဲ့ငြားလဲ
သူမနဲ့ ကျနော့်ဘဝ
ဖြစ်ခဲ့ကြ။
...
သူမက စိတ်ရှည်သူ
ကျနော်က စိတ်တို ဒေါသကြီးတတ်သူ။
...
သူမက စားသောက်မက်
အိပ် မမက်။
ကျနော်က စားသောက်မမက်
အအိပ် မက်။
...
ကိုကို မောင်မောင် တီတာချင်သူ
ကျနော်က နင် နဲ့ ငါ နဲ့ပြောမှ
အားရတတ်သူ။
...
အ၀တ်အစားဆို စတိုင်ကျ
အသစ်မြင်တိုင်း ၀ယ်ချင်လှ
အိမ်ရောက်ရင် လူတိုင်းပြ။
ကျနော်က ထိုမတူ
စတိုင် မကျ
စကောစက။
...
စိုင်းစိုင်း လေးဖြူ
ခေတ်ဆန်သူ။
ကိုအံ့ကြီး တွံတေး
မာမာအေး။
...
နတ်သမီးတပါးလို
လှပ နူးညံ့
ကြော့ရှင်းတတ်သူ။
တောသား ငပိချက်
အလှမမက်။
....
ဘုရားသွား ကျောင်းတက်
ဒါနတူတူ
စိတ်ကိုယ်တူ။
...
ခရီးသွား စုံမက်
တွဲဖက်တူတူ
မငြီးငြူ။
...
လက်မပါ စိတ်မကောက်
သစ္စာမဖောက်
တို့နှစ်ယောက်။
...
ဖောက်သည့်သစ္စာ
တွေ့မြင်ကြားသော်.....
ရှေးကဗျာ တပိုင်းတစ
သူငါ အမှတ်ရ။
...
ကဲ..ရှင်မ၊ နားထောင်
အိမ်ရှိ တောင်း..ပလုံး..နှီး..ဖျာ
ညည်းက အကုန်ယူ
ငါ နှီးဖြာတတ်သူ။
.
အိမ်ရှိ အထည်အလိပ်..ခေါင်းအုံး...မွေ့ရာ
ငါက အကုန်ယူ
ညည်းက ရက်ကန်းတတ်သူ။
.
ဘူးစင်အောက်က နွားတစ်ယှဉ်း
ညည်းကြိုက်တာ ရွေးယူ။
.
အိမ်ရှိ ခွေးနက်ကျော်
သူပျော်ရာနေ
ညည်းနဲ့ ငါနဲ့ ပြတ်စဲစေ....။
.
.
အသွင်တူ..အချစ်တူပြီး ရာသက်ပန် ပေါင်းဖက် ပျော်ရွှင်နိုင်ကြပါစေ။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)