အန်တီသန်းတို့ မန်ကျည်းရွက်ခူးနေစဉ်
သံဃာတော်များ ဆွမ်းခံကြွမလာမီ သန့်ရှင်းထားကြစဉ်
ကြည်ညိုဖွယ်ရာ ဆွမ်းလောင်းလှူနေကြစဉ်
နေ့စဉ် နေ့တိုင်း ဒီအတိုင်း ဆွမ်းလောင်းလှူကြတယ်
သံဃာတော်များအား ဆွမ်းလောင်းလှူနေကြစဉ်
အမေက မှာလိုက်တယ်။ ငါ့သား စင်ကာပူပြန်ရောက်ရင်လဲ နေ့တိုင်း၊ မနက်တိုင်း ဆွမ်းလောင်းနော်တဲ့။ အိမ်ယာထ မပျင်းနဲ့တဲ့။ အမေရယ်.. ကျွန်တော်ရောက်နေတဲ့ စင်ကာပူက အခုလို ဆွမ်းလောင်းဖို့ သံဃာတော်တွေ အိမ်ပေါက်ဝထိ ကြွမလာဘူးဗျ။ ဖြစ်ရလေ ငါ့သားရယ်။ လူဖြစ်ရှုံးလိုက်လေတဲ့။ သံဃာတော်တွေကို မနက်တိုင်း ဆွမ်းမလောင်းရတာလောက် ဘ၀မှာ လူဖြစ်ရှုံးရတာ မရှိဘူးတဲ့။ ဘယ်လိုအရပ်ဒေသကိုများ ငါ့သားရောက်နေတာလဲတော်။ အဲဒီအရပ်ဒေသ ဘယ်လောက် ပိုက်ဆံရရ သွားမနေပါနဲ့တော့ ငါ့သားရယ်တဲ့။ အမေ့အိမ်မှာ နေလဲ ထမင်းမငတ်ပါဘူးတော် တဲ့။
အမေရယ်..ကျနော်လဲ ဒီအရပ် ဒီဒေသကို ပျော်လို့ နေတာမှ မဟုတ်တာ။ မနက်အိပ်ယာထတိုင်း အလုပ်.. အလုပ် လို့ပဲ နှလုံးသွင်းပြီး တနေကုန် အလုပ် လုပ်နေရတဲ့ ဘ၀မို့ တရက်ကလေးမှ မပျော်မိတာ အမှန်ပါ အမေရယ်။ ဒါပေမယ့် အမေရယ်.. မနက်အိပ်ယာထတိုင်း ဘုရားဝတ်ပြုတယ်။ သောက်တော်ရေ ကပ်တယ်။ ဘုရားပန်းအိုး ရေလဲတယ်။ သတ္တ၀ါတွေအားလုံး ကျန်းမာချမ်းသာကြပါစေလို့ နေ့စဉ်မေတ္တာပို့သနေပါတယ် အမေရယ်။ အမေ ကျေနပ်ပေးပါနော်။
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)