မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, February 17, 2010

အလှူ ၊ အထင်မှားခြင်း နှင့် အပျင်းပြေ

အားလုံးမင်္ဂလာပါ။
မင်္ဂလာ တရုတ် နှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သပါတယ်။
မအားလပ်သည်က တစ်ကြောင်း၊ ရုံးပိတ်ရက်ကလေးမှာ အေးအေးဆေးဆေး နေချင်သည်က တစ်ကြောင်း၊ အကြောင်းကြောင်းဖြင့် ဘလော့လေးဘက်ကို လက်ဦးမလှည့်နိုင် ဖြစ်နေပါသည်။ ခင်မင်သူ သူငယ်ချင်း တွေရဲ့ ဘလော့လေးတွေဘက်ကိုလည်း မ၀င်ရောက်ဖြစ်၊ မဖတ်ဖြစ်၊ ကွန်မန့်လေးတွေ မပေးဖြစ်ခဲ့တာ အတော်ကြာပေါ့။ အားလုံးနဲ့ အလှမ်းဝေးသလို ဖြစ်နေလို့ မ၀င်ရောက်ဖြစ်၊ မဖတ်ဖြစ်ခဲ့ရတဲ့ ပို့စ်လေးတွေကို အေးအေးဆေးဆေး အချိန်ပေးပြီး အကြွေးရှင်းရပါအုံးမယ်။ သတင်းကြေငြာသလို အကျဉ်းချုပ်ပြီး အခုရက်ပိုင်း အဖြစ်အပျက်လေးတွေနှင့် လုပ်ဖြစ်ခဲ့တာလေးတွေကို တင်ပြချင်ပါတယ်။
.
သာသနာ့ရောင်ခြည်အဖွဲ့ ဆဌမအကြိမ်မြောက် အလှူတော်
31-01-2010 မှာ သာသနာ့ရောင်ခြည်အဖွဲ့၏ ဆဌမအကြိမ်မြောက် အလှူတော်အား Clementi ကျောင်းတော်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ထူးခြားမှု အဖြစ် ပြီးခဲ့တဲ့ စနေနေ့ (6-2-2010) တွင် မန္တလေးမြို့ရှမ်းဝိုင်းရပ်ဓမ္မာရုံတွင် ကြွရောက်လာသော လေးပြင်လေးရပ်မှ မြတ်စွာဘုရားအမှူးရှိသော ပရိယတ္တိ၊ ပရိပတ္တိဝန်ဆောင် ရဟန်း၊ သာမဏေ အပါး ၆၀၀ ကျော် တို့အား အာရုံဆွမ်း၊ ၀က်သားပိသာ ၃၀ နှင့် အာလူး၊ ပဲတိချဉ်၊ ပုဇွန်ခြောက်ကြော်၊ စားတော်ပဲသုတ်နှင့် ရေနွေးကြမ်း၊ ဆွမ်း ၄၀ ပြည် ဖြင့် သာသနာ့ရောင်ခြည်အဖွဲ့မှ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ အသေးစိတ် စာရင်း၊ မှတ်တမ်းဓါတ်ပုံအား အဖွဲ့ဝင် ကိုထွန်းထွန်းကျော် မန္တလေး မှ email ပို့လျှင် အားလုံးသော အဖွဲ့ဝင်အပေါင်းတို့ ကြည့်ရှု့ သာဓု ခေါ်ဆိုနိုင်ကြပါရန် ပေးပို့ပေးပါမည်။
.
အထင်မှားခြင်း
ရုံးတွင် မြန်မာတစ်ယောက် ကားသမားအဖြစ် အလုပ်ခန့်ထားခြင်း။ ထိုကားသမား အလုပ်စလုပ်ခြင်း လေးရက်မြောက်နေ့မှာ ကိုမျိုး အား ရုံးတွင် တောက်တိုမယ်ရ အလုပ်သမားအဖြစ်ဖြင့် အထင်မှားကာ ထိုသူခိုင်းသမျှ လုပ်ပေးခဲ့ရခြင်း။ ကားရေဆေးပေးခဲ့ခြင်း နှင့် အလုပ်နဲ့ပတ်သက်ပြီး Lecture ပေးသမျှ မညီးမညူ နားထောင်ပေးခဲ့ခြင်း။ ဘယ်နေရာရောက်ရောက် မြန်မာတွေ သခင်စိတ် မပျောက်သေးကြောင်း သိရှိရ၍ ၀မ်းမြောက်စွာ လုပ်ဆောင်ပေးခဲ့ပါသည်။
.
လက်ရှိအခြေအနေ
တရုတ်နှစ်သစ်ကူးအပြီး ရုံးပိတ်ရက်ရှည် မရှိတော့သဖြင့် MC ဖြစ်ဖြစ်၊ Annual Leave ခွင့်ရက်ရှည် ဖြစ်ဖြစ် ယူရန် အကြံရှိနေခြင်း။
.
အပျင်းပြေ
ကိုမျိုး Taxi စီးသည်။ ကားသမား နှင့် ဟိုပြောဒီပြော ပြောနေချိန်တွင် ကားသမားမှ ဘယ်ကွေ့ Left lah.. ဟု အင်္ဂလိပ်လို မေးသည်။ ဘယ်ကွေ့ရမည် ဖြစ်သောကြောင့် Right ဟု ဖြေလိုက်ရာ ကားသမားသည် ညာဘက်လမ်းသို့ ကွေ့ဝင်သွားခြင်း။
.
Comments
Comments ပေးကြမည့် ခင်မင်သူ ဘလော့ဂါ အပေါင်းအား လေးစားစွာ အသိပေး အပ်ပါသည်။ မိမိကိုယ်တိုင် ဖြစ်ခဲ့သည့်၊ ကြုံခဲ့ရသည့် ရယ်စရာ အဖြစ်အပျက်လေးများအား ဝေမျှ တင်ပြပေးရင်း အပျင်းပြေအဖြစ် ရေးသားပေးကြပါလို့ တင်ပြတောင်ခံ အပ်ပါသည်။ :)... အလည်ရောက်ကြောင်းလေး ရယ်စရာ အတွေ့အကြုံလေးနဲ့ အပျင်းပြေ လိုက်ကြရအောင်နော်။ :) ::)
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

11 comments:

ဒဏ္ဍာရီ said...

အကိုရေ.... ပိုစ့်လေး တက်လာလို့ အပြေးအလွှား လာဖတ်လိုက်တာ။
(၁) အလှူအတွက် သာဓု (၃) ကြိမ် ခေါ်ဆိုပါတယ်။
(၂) သခင်စိတ် အပြည့်နဲ့ သူတပါးကို ကူညီပေးတာ သိရလို့ လေးစား ဂုဏ်ယူမိပါတယ်။
(၃) ခွင့်ရက်ရှည်ယူပြီး ပိုစ့်တွေ ပြန်ရေးစေချင်ပါသည်။း)
(၄) Taxi မစီဘူး၊ ဈေးကြီးတယ်လေ..။ ဒါပေမယ့် အကို့ရဲ့ အဖြေလေးကို မှတ်သားသွားပါတယ်။း)

comment: ကိုယ်တိုင်ဖြစ်ခဲ့တာကတော့ အိမ်ထဲမှာ စီးတဲ အ၀တ်ဖိနစ်နဲ့ work market ထဲအထိ ရောက်သွားလို့ ခြေတောက်ကို ရေတွေစိုမှ သိပါတော့တယ်။း) $2 တန် ဖိနပ်တရံ ပြန်ဝယ်စီးပြီး ပြန်ခဲ့ ရပါတယ်။း))

ခင်မင်လေးစားလျှက်

ခရေညို said...

ကိုမျိုး ရဲ့ စာတွေမဖတ်ရတာကြာပေါ့ ဖတ်ရတော့လည်း တကယ်ကို ရယ်စရာလေးဖြစ်နေတဲ့အတွက် ကျေနပ်ပါတယ်
ကားသမားကလည်း အူကြောင်ကြောင်နဲ့နော်
ကိုမျိုီးလိုဥပဓိရုပ်ကိုများ( TTMA) လို့ အောက်မေ့ရတယ်လို့နော် (ခံပြင်းသံဖြင့်ရေးသည်)
တက္ကစီ စီးရင်း အတွေးမများပါနဲ့လို့ အကြံပေးပါရစေ..:)

မြစ်ကျိုးအင်း said...

ဒီမှာလည်း နှစ်ကူးသာ ပိတ်တာပါဗျာ
မိုးရွာတာ ၃ ရက်ဆက်တိုက် မနားတမ်း ဆိုတော့ အိမ်ထဲကကို မထွက်ရဘူး ဖြစ်နေတယ်
ညဘက်ဘော်လုံးပွဲကြည့်လိုက် အိပ်လိုက်နဲ့ နေ့နဲ့ညတောင် မှားတော့မယ်။

အားလပ်ရက်တော့ စာတွေ ရေးစေချင်တယ်။

maylay said...

ဟဟား ကိုမျိုးလူလည် ပြန်ရေးခိုင်းသွားတယ်။ ဒီမှာကျ အပျင်းပြေ မရှိဘူးလေ။ နှစ်သစ်ကူးလေး တစ်ရက်လေးပိတ်ပြီး ထုံးစံအတိုင်း ပြန်လုပ်နေရတာပါပဲ၊ အလှူလေးကို သာဓုခေါ်သွားပါတယ်နော။ သတိထားပေါ့။ ကော်မန့်ပေးရင်းနဲ့ကိုမျိုး MC ခွင့်ရက်ရှည် ယူမှာသိသွားကြလို့ ညှင်းခံနေရဦးမယ်နော်။ စ တာ ။ ကားသမားအသစ်နှယ် ကိုမျိုးကို တီတီအမ်အေ မှတ်စရာလားအေ။ ။ ဟဟားး ရယ်လည်းရယ်သွားရလို့ ကျေးဇူးပါနော့်။ ကျန်းမာပျော်ရွှင်ပါစေ။

နွေဆူးလင်္ကာ said...

ဟားဟား သခင်မျိုးဟေ့ ဒို့ဗမာ ပေါ့ဗျာ။ ရယ်စရာ ပြောဖို့တော့ မရှိပါဘူး။ ကောင်မလေးတစ်ယောက်ကို ပြောဖူးတဲ့ ဟာသလေးတော့ ရှိတယ်။ အွန်လိုင်းကပြောတာဆိုတော့ ပါးရိုက်ခံရမှာ မကြောက်လို့ပေါ့ဗျာ။ ရင်းနှီးလို့ ပြောမိတာလဲ ပါတာပေါ့။ ဒီလိုဗျ ..
မန်ကျည်းသီး သီးရင် မန်ကျည်းပင်၊ ဇီးသီးသီးရင် ဇီးပင်နော် .. ဒါပေမယ့် ကျုပ်တို့ လမ်းထိပ်က မီးသီးကြီး သီးနေတဲ့ဟာကျ ဓါတ်တိုင်တဲ့ ....
ပြီးတော့ ရှိသေးတယ် ဟို အသီးသီးနေတဲ့ဟာကိုကျ လူ(မိန်းမ) တဲ့ ... ဟီးဟီး

ရွှေရတုမှတ်တမ်း said...

ကိုမျိုး...ပေါ်လာပြန်သေးသကိုး၊ ကားရေဆေးပေးနေရလို့ မအားဘူးဖြစ်နေတာပေါ့...

slym said...

I thought you have been out of lion city. To me, CNY holidays were nth more than a house arrest as I spent a lot time by studying @ room. Glad to know you are back on track.

moemoestar said...

ကိုမျိုးရေ...
ပျောက်နေတာကြာလို့ ရွှေပြည်ကြီးကို ပြန်တယ်ထင်နေတာ...

subuueain said...

အလှူအတွက်သာဓုပါ ကိုမျိုးရေ။ ကားရေဆေးရတာလည်းမောနေရောပေါ့ နားလိုက်ပါဦး :)

Myanmar Good Knowledg Co., Ltd said...

သခင် ကိုမျိုး ဟေ့ ဒို့ဗမာ။ မှားလို့။
ကိုမျိုးရေ၊
စပြီးဖတ်လိုက်ကတည်းကိုက ရယ်ရတာပဲနော်။
ကျွန်မလည်း လူကို သေချာမကြည့်ပဲ မှားလုပ်မိတာရှိတယ်။ ကျောင်းတက်တုန်းက အချိန်ပိုင်း အလုပ်လုပ် စရရချင်း ဆိုင်မဖွင့်ခင်အချိန် ၊ နမူနာပြတဲ့ စားစရာအတုပန်းကန်တွေ မှန်ဘီဒိုတွေထဲထဲ့ပြီး နေရာချ ပြင်ဆင်နေတဲ့ အချိန် အနားကို လာရပ်ပြီးမေးတဲ့ ပိုင်ရှင်သူဌေးကို လာစားတဲ့ ဧည့်သည်နဲ့ မှားဘူးတယ်။ ကျွန်မက ကုန်းကုန်းကွကွနဲ့ ဆိုင်အပြင်ဘက်ကနေ ကိုယ်ပြင်ထားတာကို ပြန်စစ်နေတုန်း လူတစ်ယောက်အနားလာပြီး “ဒီတစ်ပန်းကန်စားလိုက်ရင် ဗိုက်ဝသွားမှာပဲနော်” တဲ့။ ကျွန်မက လှည့်ကြည့်လိုက်တော့ တော်တော်၀၀ထောင်ထောင်မောင်းမောင်းနဲ့ ဂျပန်ကြီး ဖြစ်နေတယ်။ သူ့ကိုယ်လုံးနဲ့ဆို ဒီလောက်နဲ့ မ၀နိုင်ပါဘူးဆိုပြီး ဆိုင်လည်း ရောင်းကောင်းအောင် ပြန်ဖြေမိတာက “ အရသာကောင်းတော့ ဒီလောက်နဲ့ ၀မယ်မထင်ဘူး ပွဲကြီးမှာစားပြီး အအေးပါသောက်သင့်တယ်။ ဈေးလည်း သိပ်မကွာတဲ့ အတွက် စားမယ့်စား များများဝယ်စားပါ” လို့ပြောပြီး ဆိုင်ထဲပြန်ဝင်မယ်လုပ်တော့ သူက နောက်ကပါလာတယ်။ “ဆိုင်မဖွင့်သေးပါဘူးရှင်လို့ ပြောမယ့် အချိန်မှာ ပဲ အ၀က နေ ဆိုင်ဝန်ထမ်းတွေက သူဌေးကိုနှုတ်ဆက်ကြတယ်။ ကျွန်မ ဘာပြောပြီး ဘာဆက်လုပ်ရမှန်းတောင်မသိဘူး။ သူဌေးက “ဒီမိန်းခလေး အသစ်ဝင်လာတာလားတဲ့”
အလုပ်ခွင့်ယူတဲ့အကြောင်းကို လုံးဝမကြားချင်ဘူး ၊ ဧပြီလမြန်မြန်ရောက်ချင်ပြီ၊ ဒီနှစ်အတွက်ခွင့် က ကုန်နေပြီလေ။
မန္တလေးက အလှူဟင်းတွေကိုဖတ်ပြီး
ကျွန်မ သားလေးကို ကိုယ်ဝန်ရှိတုန်းက ချင်ခြင်းတက် တာတစ်ခုကို သတိရတယ်။
မြန်မာပြည်က အလှူထမင်းအလှူဟင်းကိုမှ စားချင်တာ။
ကော်မန့်နဲနဲရှည်သွားတယ်နော်။
ခင်မင်လျှက်။

ရွှေပြည်သူ (ShwePyiThu) said...

အထင်မှားခြင်း နဲ့ အပျင်းပြေ ကိုဖတ်ပြီး ပြုံးမိပါတယ်။ ညီမမှာတော့ လတ်တလော ရေးပြစရာ ဘာမှ မရှိလို့ အစ်ကိုရေးထားတာတွေပဲ သဘောတကျ ဖတ်သွားပါတယ်။