မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Monday, January 25, 2010

အောင်စည်ဗျောသံကြားရင်ဖြင့် ပြည်တော်ဝင်မယ်


အခုတလော အလုပ်ကလဲ တနင်္ဂနွေ တစ်ရက်ကိုပါ မအားလပ်ရအောင် လုပ်နေရတာဆိုတော့ ဘလော့လေးနဲ့ နဲနဲအလှမ်းဝေးနေပါတယ်။ တစ်ပတ်လုံးမှ တနင်္ဂနွေတစ်ရက်ဘဲ ပိတ်ရက်ရှိတာ။ အဲဒီ တစ်ရက်ကလေးကိုပါ မအားလပ်ရအောင် လုပ်နေရပြီဆိုတော့ တော်တော်လေးကို ပင်ပန်းတယ်လို့ ပြောရတော့မှာပေါ့။
.
အလုပ်ကလဲ အစိုးရအလုပ်နဲ့ ဆက်နွယ်နေတဲ့ အလုပ်ဆိုတော့ Tender ခြောက်ခု တပြိုင်နက်တည်း တစ်လအတွင်း အချိန်ပေးပြီး အပြီး တင်ရတာဆိုတော့ မလုပ်လို့ကလဲ မဖြစ်။ အားလုံး ၀ိုင်းဝိုင်းဝန်းဝန်းနဲ့ တက်ညီလက်ညီလုပ်နိုင်မှ အချိန်မှီ ပြီးစီးအောင်မြင်တော့မှာဖြစ်လို့ အားလုံး စုပေါင်းပြီး တက်ညီလက်ညီ လုပ်ကြတာ အားရစရာပါ။ အထူးသဖြင့် ရုံးမှာရှိတဲ့ မြန်မာတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ စေတနာထား လုပ်ပေးကြတာ အားရ၀မ်းသာ ရှိလှပါတယ်။ မောတယ်လို့ သဘောမထားနိုင်ဘူးလေ။ Tender ခြောက်ခု တင်တဲ့အထဲက အနည်းဆုံး ၂ ခုလောက် အဆင်ပြေတယ်ဆိုရင်ကို လက်ရှိလူအင်အားနဲ့ အခြေမပျက် လည်ပတ်သွားနိုင်မှာမို့ သူဌေးဖြစ်သူကလဲ အားရပါးရ ခိုင်းလိုက်တာလေ။
.
ဘာတွေ Tender တင်နေကြတာလဲလို့ သိချင်ပေလိမ့်မယ်။ ဒီလိုပါ။ ကျွန်တော်တို့ ရုံးက လုပ်ငန်းက အစိုးရက ချပေးတဲ့ လမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ သုံးနှစ်တစ်ကြိမ် Contract ယူပြီး လုပ်တဲ့ လုပ်ငန်းပါ။ စင်ကာပူမှာ ရှိတဲ့ လမ်းအားလုံး၊ တံတားအားလုံး၊ ဆိုင်းဘုတ်အားလုံး နဲ့ Tennel အားလုံး အတွက် Inspection & Repair Works တွေအတွက် Contract ယူပြီး လုပ်ပါတယ်။ လုပ်တတ်ရင် လုပ်တတ်သလောက် အကျိုးအမြတ် ရှိတာမို့ သူဌေးကလဲ တစ်ခုမှ လက်လွတ်မခံဘဲ အားလုံးကို Tender တင်ချင်ပါတယ်။ ယခု လက်ရှိ Contract က လာမည့် မတ်လကုန်မှာ ပြီးမှာမို့ အဲဒီအတွက် အပြီးသတ် လုပ်ဆောင်ရတာအပြင် နောက်ထပ်လာမည့် အတွက်ပါ လုပ်နေရတာဆိုတော့ အားလပ်ရက် မရှိလောက်အောင်ပါဘဲ။
.
လမ်းတွေ Inspection လုပ်ကြပုံလည်း နဲနဲဝေမျှချင်ပါတယ်။ စင်ကာပူ အစိုးရက ငွေကြေးတတ်နိုင်တော့ လမ်းအားလုံးကို Major & Minor ဆိုပြီး နှစ်ခု ခွဲလိုက်ပါတယ်။ နဲနဲ ရှည်တဲ့လမ်းကို Major နဲ့ တိုတဲ့လမ်းကို Minor ပေါ့။ Major လမ်းများကို ၂ ပတ်တစ်ခါ inspection ကားနဲ့ စစ်ပါတယ်။ Minor လမ်းတွေကိုတော့ ၈ ပတ်တစ်ခါ စစ်ပါတယ်။ ကားနဲ့တစ်ယောက်၊ လမ်းလျောက်ရင်းနဲ့ တစ်ယောက် စစ်ရပါတယ်။ လမ်းပေါ်က အဖြူ အ၀ါ လိုင်းလေးတွေ ဆေးမှိန်နေတာ၊ ဆိုင်းဘုတ်လေးတွေ စောင်းနေပြီး ဆေးမှိန်နေတာ၊ လမ်းတွေ မညီမညာ ဖြစ်နေတာတွေ၊ တံတားတွေပေါ်မှာ အပျက်အစီး ဖြစ်နေတာတွေ အပြင် လမ်းနဲ့ ပတ်သက်နေတဲ့ အရာအားလုံးကို စစ်ပြီး တင်ပြရပါတယ်။ အဲဒီ အပျက်အစီးတွေကို အလုပ်သမားအဖွဲ့တွေက တခါတည်း ပြုပြင်ပေးရပါတယ်။ စနစ်တကျ ငွေကြေးအစီအမံအပြင် လုပ်ငန်းပိုင်း အစီအမံပါ အလွန်စနစ်တကျ ရှိလှပါတယ်။ ပြည်သူလူထုက ဒီနားလေးမှာ လမ်းမကောင်းဘူး၊ ငါ့ အိမ်ပေါက်ဝမှာ လမ်းပျက်နေတယ် လာပြီး လုပ်ပေးပါအုံး ဆိုရင်လဲ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး တခါတည်း ပြုပြင်ပေးပါတယ်။
.
ကျွန်တော်တို့ မြန်မာပြည်အနေအထားနဲ့ အလွန်ကို ကွားခြားလှတာ မြင်တွေ့နိုင်ပါတယ်။ မြန်မာပြည်က လမ်းတွေ မကောင်းဘူး။ စင်ကာပူကလမ်းတွေ ကောင်းတယ် ဆိုတာ အခုလို စနစ်တကျ ထိန်းချုပ်မှုနဲ့ စီမံခံ့ခွဲမှု ကောင်းလွန်းလို့ ကွာခြားရတာ ဖြစ်ပါတယ်။ နိုင်ငံ ဧရိယာ ကွာခြားချက်လဲ ပါတာပေါ့လေ။ မြန်မာပြည်မှာက ရန်ကုန်-မန္တလေး လမ်းမကြီး တစ်ခုတည်းနဲ့တင် မိုင် ၄၀၀ ကျော်နေတာကို မြင်တွေ့ရတော့ ပြုပြင်ဘို့ ငွေကြေးအမြောက်အများ လိုအပ်မယ်ဆိုတာလဲ နားလည်ပါတယ်။ ဆိုလိုချင်တာက စင်ကာပူက သေးတယ်။ မြန်မာပြည်က ကျယ်တယ်။ လမ်း ဧရိယာ အဆမတန် ပိုများနေတာဆိုတော့လဲ အလွန်ကြီး ကောင်းမွန်အောင် ပြုပြင်နိုင်ဘို့ နိုင်ငံတော်မှာ ငွေကြေးအမြောက်အများ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် လမ်းတွေ မကောင်းသေးတာလဲ ဖြစ်နိုင်ပါတယ်။ လမ်းအသုံးပြုခ ငွေကြေးကောက်ခံမှုမှာလည်း မြန်မာပြည်က စင်ကာပူထက် အများကြီး သက်သာတယ်လို့ ထင်ပါတယ်။
.
အခုအလုပ်ကို လုပ်နေတာ လေးနှစ်ကျော်လာပြီဆိုတော့ လမ်းလုပ်ငန်းတွေ စနစ်တကျ နဲ့ ပြုပြင် လုပ်ဆောင်နေတာကို တွေ့မြင်ရတော့ ငါ့ နိုင်ငံမှာ ဒီလိုလေး လုပ်ပေးနိုင်ရင်၊ စီမံပေးနိုင်ရင် အတိုင်းထက်အလွန် ကောင်းမှာ လို့ တမ်းတမိတာ အမှန်ပါ။ ငါတို့ နိုင်ငံက လမ်းတံတားတွေ အခုလို အခြေအနေမျိုးဖြစ်အောင် ပြုပြင်နိုင်တဲ့ ငွေကြေးအလုံအလောက်ရှိရင် စင်ကာပူက အလုပ်သမားတွေကို ခေါ်ပြီး လုပ်ပြချင်လိုက်တဲ့ စိတ်ကလည်း နေ့စဉ်နဲ့ အမျှပါဘဲ။ ငါ့ နိုင်ငံ တိုးတက်ပြီး မိသားစုအတွက် မပူမပင်ရတဲ့ လစာလေး ရနေတယ်ဆိုရင်ဘဲ ငါ့ နိုင်ငံကို ပြန်ပြီး အလုပ် လုပ်ဖြစ်မှာပါ။
.
ငွေကြေးမျက်နှာ တစ်ခုတည်းကြည့်ပြီး မိဝေး၊ ဖဝေး၊ ဆွေမျိုးဝေး ၊ သူငယ်ချင်းဝေး နေတဲ့ အခုလို တခြားတိုင်းပြည်မှာ အလုပ်လုပ်ဘို့ ဆိုတာ မနက်အိပ်ယာနိုးတိုင်း မတွေးချင်တဲ့ အရာတစ်ခုပါ။ ပျော်ရာမှာ မနေရ၊ တော်ရမှာ နေ နေရတဲ့ ဘ၀မှာ အထိုက်အလျောက်လေး စေတနာထား လုပ်နေတယ် ဆိုပေမယ့် တစ်နေ့မှာ မြန်မာနိုင်ငံကို ပြန်ပြီး အခြေချဘို့ နေ့စဉ် အတွေးရှိနေပါတယ်။ ဒီလိုအတွေးနဲ့ နေလာလိုက်တာ ဆယ်စုနှစ်ထဲကို ရောက်လာပါပြီ။ ဘယ်တော့မှ မြန်မာပြည်ပြန်နိုင်မယ်ဆိုတာလည်း မရေရာသေး။
.
ရွှေပြည်တော် ပြန်ဘို့ မျှော်တိုင်းဝေး နေတဲ့ အဖြစ်က ဘယ်တော့မှ လွတ်မယ်ဆိုတာလဲ မသေချာသေး။ "ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ ကို အိမ်ပြန်ပို့ကြပါတော့" ဆိုတဲ့ ဆရာတင်မိုးရဲ့ ကဗျာလေးကို အခါခါ ရွတ်ရင်း နေ့စဉ်နှင့် အမျှ ပြည်တော်ပြန်ဘို့ စိတ်ကူးလေးဘဲ ရှိနေသေးတာ အလွန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။
.
ဆေးလိပ်လည်း အလိပ်ပေါင်းများစွာ တိုခဲ့ပြီ။ နေညိုတိုင်းလည်း ရွှေဘိုကို လွမ်းခဲ့ရတာ အကြိမ်ရေ မနည်းတော့။ ငါ့ကိုယ် ငါလဲ အိမ်ပြန်ဘို့ အတွေးဝင်တာ ဆယ်စုနှစ်ရှိခဲ့ပြီ။ လူတိုင်းက အကောင်းဆုံးကို မျှော်လင့်နေကြတာမို့ နိုင်ငံရေးမဟုတ်တဲ့ စကားလေး တစ်ခွန်းလောက် ပြောရင်း နားပါရစေ။ 2010 ပြီးလို့ 2011 က နေညိုချိန်တွေကို အညာက ထနောင်းပင်အောက်မှာ ကွမ်းလေးဝါးရင်း ရေနွေးကြမ်းအိုးလေးနဲ့ အညာလေ ပူပူတွေကို ယပ်ခပ်ပြီး စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဘို့ အခွင့်အလမ်း ရောင်ခြည်လေးတော့ မ၀ံ့မရဲ မျှော်လင့်မိပါ၏
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

17 comments:

ခရေညို said...

ကိုမျိုး ကအလုပ်တွေရှုပ်နေလို့ ကိုး။
ဒီလိုပါပဲ ပျော်ရာမှာမနေ ရ တော်ရာမှာနေရတဲ့။
တနေ့တလံ ပုဂံ ဘယ်မရွေ့ ဆိုတဲ့စကားအတိုင်း တစ်နေ့တော့
ခရေညို တို့အားလုံး ကိုယ်ချစ်တဲ့ ၊ ကိုယ်ပျော်တဲ့ အမိမြေကို ပြန်ရမှာပေါ့
တစ်နေ့နေ့ ပေါ့။

subuueain said...

ကိုမျိုးအလုပ်ရှုတ်နေတာကိုး။ ဒီလိုပါဘဲကိုမျိုးရယ် ပျော်လို့မှမဟုတ်တာ တော်လို့နေ နေရတာကိုး ....

ရေတမာ said...

ကြိုးစားထားအကိုရေ....... အကိုတို့လို ပညာတတ်တွေ နိုင်ငံခြားမှာ အတတ်ပညာတွေနဲ့ ငွေကြေးရှာဖွေရင်း တချိန်ချိန် မြန်မာပြည်အတွက် ပြန်လည် အကျိုးပြုနိုင်ပါစေလို့ မျှော်လင့်ရင်းးးးးးးးးး

ဒဏ္ဍာရီ said...

တနေ့တော့ ဖြစ်လာမှာပေါ့ အကိုရယ်........ တကယ်ဖြစ်လာတဲ့ အချိန်မျိုးမှာ အကိုတို့လို အသိပညာရှင်တွေ အတတ်ပညာရှင်တွေ တကယ် လိုအပ်လာမှာပါ။ အဲဒီအခါတော့လည်း ဒီလိုပဲ ကြိုးစားလိုက်ကြတာပေါ့နော်။ အညာလမ်းက တမာတောမှာ ဖြစ်ဖြစ် ထနောင်းရိပ်အောက်မှာပဲ ဖြစ်ဖြစ် အကိုပြောသလို ကွမ်းလေးဝါးရင်း နေနွေးကြမ်းလေးနဲ့ တခုထပ်ဖြည့်ပေးမယ်လေ.. မြေးလေးပါ ထိန်းရင်းပေါ့။း)

ခင်မင်လေးစားလျှက်

နှင်းဟေမာ said...

ဖတ်လို့လဲကောင်းပ ကိုမျိုးရေ...ဆုံးသွားမှာတောင် ကြောက်တယ်း)
ပြည်တော်များ ၀င်ကြရရင်ဖြင့် ကိုမျိုးက လမ်းတံတားတာဝန်ယူပေါ့... မနှင်းက အဆောင်အဦး တွေ လမ်းတွေ မြို့တွေမှာ အသုံးပြုမဲ့ ပိုက်လိုင်းနဲ့ ပတ်သတ်တဲ့ System တွေကို စနစ်တကျ
တာဝန်ယူမယ်းD
စိတ်ကူးနဲ့ပဲ ကြိတ်ပြီး ရူးကြတာပေါ့ ကိုမျိုးရေ...
အဆင်ပြေပျော်ရွှင်ပါစေ ...
နေညိုချိန်တွေရောက်လို့ တိမ်တောင်တဲ့အခါ... အညာက ထနောင်းပင်အရိပ်လေးအောက်
ကွမ်းလေးဝါးရင်း ရေနွေးကြမ်းအိုးလေးနဲ့ အညာလေ ပူပူတွေကို ယပ်ခပ်ပြီး စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်မယ့် အခွင့်အလမ်း ရောင်ခြည်လေးတွေ
တစ်နေ့နေ့ဆိုတဲ့ တစ်နေ့နေ့ကို ရောက်လာဖို့ မျှော်လင့်ကြဦးစို့ ကိုမျိုးရေ....
ခင်မင်လေးစားလျှက်
နှင်း

နွေးနေခြည် said...

ကိုမျိုး Tender တင်ရင် သတိထားပါ။ နေခြည်တို့ရုံးက အစိုးရပရောဂျက် tender က estimation လိုသွားတာ နေ့ရောညရော လုပ်နေရတယ်။း) သူငယ်ချင်းရုံးကကျတော့ tender ရချင်လို့ estimation ကိုလျော့လိုက်တာ တရက်မှ မနားပဲလုပ်နေရတယ်။း)

မြန်မာပြည် အကြောင်းတော့ အထူးတလည် မဆွေးနွေးတော့ပါဘူး။ သဘောချင်းတူနေလို့

Anonymous said...

ကိုမျိုးရေ့ 
ဖတ်ပြီးတော့လေ ကိုယ့်တိုင်းပြည်ကို အကျိုးပြန်ပြုချင်တဲ့ စိတ်ရှိတဲ့ ကိုမျိုးကို လေးစားမိပါတယ်။ ဒီလိုပဲ ကျွန်မအားလုံး အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ ပါဝင်ခွင့်ရအောင် ကြိုးစားကြတာပေါ့နော်။
ခင်မင်တဲ့
လုလု

moemoestar said...

ကိုမျိုးရေ...
တစ်နေ့ တော့ ဖြစ်လာမှာပါ...

thawzin said...

အကိုရဲ့စိတ်ဓါတ်လေးကို လေးစားမိပါတယ်အကိုရေ...။ မြန်မာနိုင်ငံက လမ်းခွန်က နည်းတာလဲမပြောပါနဲ့ တစ်ဦးချင်းဝင်ငွေနဲ့ယှဉ်လိုက်ရင် ဈေးကြီးတာပဲလေ။ နိုင်ငံကြီးကျယ်သလို သဘာဝအရင်းအမြစ်တွေကလဲ ပေါများပါတယ်။ ကျွန်တော်လဲစစ်သားဆိုပေမယ့် ၂၀၁၀ကို အရမ်းမျှော်လင့်မိတယ်။ မြန်မာနိုင်ငံသားတွေ ဘယ်လောက် ထူးချွန်ကြသလဲဆိုတာကိုလဲ မြင်ချင်တယ်။ အရှေ့တောင်အာရှမှာ မြန်မာဟာ ထိပ်တန်းမဟုတ်ဘူး ထိပ်ဆုံးနိုင်ငံဖြစ်ချင်တယ်။ ဂျာနယ်တစ်ခုမှာဖတ်လိုက်ရတယ် စင်္ကာပူကငွေကြေးအခက်ခဲဖြစ်လို့တဲ့ ဆီးဂိမ်းအတွက် ဘောကွင်းတွေဆောက်ကြတာ ဟီးနေတာပဲ။ ဒါပေမယ့် တက္ကသိုလ်နဲ့ အထက်တန်းကျောင်းတွေမှာ လက်တွေ့ခန်းအတွက် ဘယ်သူမှ ဘာမှမလုပ်ပေးသလိုဖြစ်နေတော့ တလွဲဆံပင်ကောင်းနေတာမြင်မိတော့ စိတ်မကောင်းစရာပဲဗျာ။ အကောင်းမြင်တတ်တဲ့အကိုစိတ်လေးကို လေးစားပါတယ်ဗျာ။ စိတ်ညစ်စရာတွေ ပြောလဲစိတ်ညစ်ယုံပါပဲဗျာ။ ကောင်းသောနေ့လေးပါဗျာ

ရွှေရတုမှတ်တမ်း said...

ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲလိုက်သလိုပါလားကိုမျိုးရာ..

ကောင်းမွန်ဝင်း said...

ကိုမျိုးရေ။ မင်္ဂလာပါ။
အလုပ်အတွေ့အကြုံနဲ့ စင်္ကာပူနိုင်ငံရဲ့ အခြေအနေ တစ်စိတ်တစ်ပိုင်းကို ဖတ်ရတာ ဗဟုသုတရပါတယ်။
အထူးသဖြင့် ၊ ရောက်ရဘ၀မှာ ကျရာအလုပ်လုပ်ရင်းက အမြဲလိုလို မြန်မာနိုင်ငံကို ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် သတိရနေကြပြီး၊ ကိုယ့်တိုင်းပြည်အတွက် ဆိုတာကို စဉ်းစားကြတဲ့ သူအားလုံးကို ကိုယ်စားပြုတဲ့ ပို့စ်တခုကို ရေးတဲ့အတွက် ကျေးဇူးတင်ဂုဏ်ယူပါတယ်။

slym said...

This, too, shall pass away brother...Lets believe in one saying that "the darkest clouds has a silver lining" and try to be optimistic upon all matters on which we are unable to control. :D

kaungkinpyar said...

တချိန်ချိန် တော့ ပြန်နိုင်မှာပါ ကိုမျိုး ...ခု မအားပေမဲ့ ပို့စ်လေး ရေးပြီး ခန လွမ်းလိုက်ရတာကိုက အရသာ တခုလို့ မှတ်ထားပါနော်...း)

မျှော်လင့်သူ said...

ကိုမျိုးရေ...
ကြိုးစားထားဗျို့..
ဘယ်လိုပဲပြောနေပြောနေ အားကျတယ်ဗျာ..
တစ်နေ့တော့ ပြည်တော်ပြန်ဝင်ရမှာပေါ့ဗျာ..
ကျွန်တော် ကိုမျိုးတို့ မိသားစု အစဉ်ကျန်းမာစေကြောင်း
ဆုတောင်မေတ္တာပို့သပါတယ်..

လင်းဒီပ said...

ကျွန်တော်လည်း အိမ်ပြန်ချင်တယ်ဗျာ..။
အခုဒီမှာ သူတို့ နိုင်ငံအတွက် လာလုပ်ပေးနေရတဲ့ အလုပ်မျိုးတွေ ကိုယ့်ဆီမှာ ပြန်လုပ်ချင်နေပြီ..။
ဒါပေမယ့်လည်း...ဒါပေမယ့်လည်းပေါ့ဗျာ..။

မြစ်ကျိုးအင်း said...

ဖတ်မှတ်သွားပါတယ်
ဖိနှိပ်ထားတဲ့ အိမ်ပြန်ချင်စိတ် ပြန်ဝင်လာတယ်

Talkii said...

မြန်မာပြည်က လမ်းတွေက စင်ကာပူလောက်သာ မကောင်းတာ လမ်းတံတားကြေးကတော့ နိုင်ငံတကာ မီမီလာပာပြီ။ ရန်ကုန် နေပြည်တှော အမြန်လမ်းဆို ကားလေး ၄၀၀၀ ပေးရတယ်။ ကြားကြီးတော့ မပြောတတ်ဘူး။ တံတားသေးသေးလေး မဖြတ်လိုက်နဲ့ ဖြတ်ပြီဟေ့ဆိုတာနဲ့ ၂၀၀ ပဲ။ ဆိုင်းဘုတ်မှာတော့ မှိမှိန်လေး ရေးထားရှာတယ် ၁တန်အောင်ယာဉ် ၂၅ ကျပ်တဲ့။ ဒာတွေပြောရင် ဒောတွေပာတယ်။ ပြောတော့ဘူး။