မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, January 3, 2010

ထို... စာအိတ်

ကိုမျိုးသည် သက်မကြီး ချလိုက်မိသည်။
"ဟင်း......"
.
ရင်ထဲတွင် သက်သာလိုသက်သာညား "ဟင်း..ခနဲ့" သက်ပြင်းကို ထပ်မံချမိပြန်သည်။ လမ်းကတည်းက ကြားခဲ့ရတဲ့ စာအိတ် တစ်အိတ်ကြောင့် လူမှာ နုံးချိ မောဟိုက် နေပေတော့သည်။ ရုံးသို့ ရောက်ရောက်ခြင်း ပက်လက်ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ်ကြီးထိုင်လျက် ဟင်းချ ချပြီး ရင်ထဲတွင် ဖုတ်လိုက်ဖုတ်လိုက် မောနေပုံမှာ ဒီနေ့အပင်ပန်းဆုံးဖြစ်သည်။
.
မောမောဖြင့် ဇောချွေးတွေထွက်လာပြီး နှဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်တို့ တဖြိုက်ဖြိုက် ကျဆင်းလျက်ရှိ၏။ ကုလားထိုင်ပေါ်တွင် ခေါင်းကိုဘယ်ပြန်ညာပြန်လူးပြီး အသက်ကိုမချိမဆံ့ ရှုနေရကာ စိတ်ထဲတွင် အတောမသတ်ကြိတ်ပြီး ညည်းညူမိပါသည်။ ဘာများ စိတ်တိုင်းမကျဖြစ်လို့လဲဟု အဖုံဖုံအထွေထွေ အလိုစမ်းပြီး စိတ်အလိုလိုက် တွေးကြည့်မိသည့်တိုင် ထူးခြားချက်မရှိ။
.
အတွေးရခက်ပြီး ရင်ထဲမှာ မောနေရသည့်အပြင် ရင်ထဲ၌ မတင်မကျကြီး ဖြစ်နေသည်။ ငယ်ထိပ်ထဲ သွေးရောက်သလို ခံစားရပြီး မူးဝေေ၀ပင် ဖြစ်လာလျက် ရင်တုန်ပန်းတုန်တွေပါ ဖြစ်လာလေသည်။ အတွင်းစိတ်မှ နှလုံးခုန်သံ မြန်လာသည်ကိုပင် သတိထားမအားဘဲ ကိုယ့်အတွေးနှင့်ကိုယ် တစိမ့်စိမ့် တွေးနေတုန်းမှာပင် ကျနော့ရင်တွင်း၌ နာဂစ်မုန်တိုင်းကြီး ဆင်နေပေတော့သည်။
.
အသက်ရှုကြပ်ကာ မျက်လုံးကို ဖွင့်လိုက် မှိတ်လိုက် လုပ်ကြည့်ပြီး သတိထားကာ အစွမ်းကုန် ဖွင့်လိုက်လေသည်။ ရင်တွင်း၌ ဗလောင်ဆူပွက်နေသည်။ မောပန်းလွန်းသဖြင့် ဦးခေါင်းကို ကုလားထိုင်ပေါ်ပြန်လည်မှီရင်း ကျနော့လက်များမှာ တဆတ်ဆတ်တုန်နေလေသည်။ ကွန်ပြူတာစားပွဲပေါ်မှ စာအိတ်တစ်အိတ်ဆီသို့ လက်မရောက်ခင်မှာပင် ကျနော့ခေါင်းမှာ ချာချာလည်ကာ မူးနောက်နေလေသည်။
.
ထိုစာအိတ်အကြောင်း စိတ်အတွေးရောက်သည်နှင့် ရင်ထဲ၌ တဖျင်းဖျင်းဖြင့် ပိုပြီး နာကြင် မောပန်းလာလေသည်။ မှုန်ဝါးဝါးထင်နေရင်း တစ်မိနစ်လောက် ကြောက်လန့်မူးဝေနေရင်း လက်တုန်တုန်ချိချိဖြင့် ထိုစာအိတ်အား ယူကာ စွန့်စားပြီး ဖောက်ဖတ်ဖြစ်လိုက်လေသည်။
.
သက်မကြီးအကြိမ်ကြိမ်ချပြီး မှုန်ဝါးဝါးထင်နေသော အရာအားလုံးတို့သည် ၀င်းဝင်း လက်လက်ဖြင့် တောက်ပနေပေတော့သည်။ ထိုစာအိတ်သည်ကား တစ်နှစ်တစ်ခါ ကုမ္ပဏီမှ ခံစားခွင့်ပေးသော Bonus ချက်လက်မှတ် စာအိတ် ဖြစ်ပေတော့သတည်း။ :) :)
.
ဟီး..ဟီး.. နဲနဲ မောပန်းသွားရင် ခွင့်လွှတ်နော်။ ပုံစံတစ်မျိုးပြောင်းပြီး စာကို ရေးကြည့်တာ။ စာရေးဆရာ ဆရာသာဓု ရဲ့ စာရေးနည်း စာအုပ်ကို ဖတ်ပြီး ပုံစံတစ်မျိုးနဲ့ ဒီနေ့ရရှိတဲ့ စာတစ်အိတ် အကြောင်း လက်တည့်စမ်းပြီး ရေးကြည့်တာ။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)