မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, December 16, 2009

လိုက်ကြမလား ကိုမျိုးတို့ အညာမြေ (၇)

"ဦးလေး...မုံရွာမှာ ညအိပ်မယ်လေ.. မိုးချုပ်တော့မယ်

"အေး..ကောင်းပါ့ကွယ်။ ညပိုင်းမှာ မုံရွာမြို့တွင်းလှည့်ပြီး ဘုရားဖူးကြတာပေါ့။
"ဟုတ်ကဲ့ ဦးလေး။ ပြီးရင်.. ဘယ်လိုက်ပို့အုံးမလဲ
"မုံရွာမှာ ဦးလေးရဲ့ ထွန်ဂျဲဒိုးကြီး ထားခဲ့ပြီး.. ကားတစ်စီးငှား.. ပြီးတော့ အလောင်းတော် ကဿပ သို့ လိုက်ပို့မယ်
"ဦးလေး က ရောက်ဖူးလို့လား
"အေး .. ရောက်ဖူးတယ်.. ငါ့တူတွေ..တူမတွေ လဲ ရောက်ဖူးအောင်လို့ လိုက်ပို့မှာ
"ကျေးဇူးတင်ပါတယ် ဦးလေး
"ကျေးဇူးမတင်ပါနဲ့ကွာ.. ဦးလေးကလဲ အဲဒီဘက်ကို ရောက်ဖူးချင်နေတာ ဆိုတော့ အဆင်ပြေတာပေါ့။ ပုံပြင်လေးနဲ့ ပြောရရင်.. ခုံဖိနပ်ပြတ် နဲ့ ခွေးငတ် တွေ့သလိုပေါ့..
"လုပ်ပြီး ဦးလေးကတော့.. ရေငတ်တုန်း ရေတွင်းထဲကျ လို့ လုပ်ပါ..
...
မုံရွာမှာ ကားတစ်စင်း ငှားပြီး အလောင်းတော် ကဿပ သို့ သွားကြမယ်။ ယင်းမာပင်မြို့ဘက်ကို အရင်သွားရမယ်။ ယင်းမာပင် ကထွက်လို့ သုံးမိုင်လောက် အကွာမှာ အလောင်းတော်ကဿပ သို့ဆိုတဲ့ လမ်းခွဲရှိပါတယ်။ အညာ တမာ နှင့် ထနောင်းပင်များ ပေါများသည့် လမ်းမှာ ၁၀ မိုင်လောက် မောင်းပြီးရင် ရွာသစ်ရွာကို ရောက်ပါတယ်။ ရွာသစ်လွန်လာရင် မြောက်ယမားချောင်းကို ဖြတ်ကြရပါ့မယ်။ ခြေချင်း ၀တ်သာသာ လောက် ချောင်းကလေးပေါ့။ အရိုင်းစိတ်ဝင်လာလို့ ရေကြီးလာရင်တော့ အနီးအနားက ရွာတွေ မြန်မြန်ရွှေ့ပေတော့။ ရေစီးအား အလွန်သန်တဲ့ ချောင်းပေါ့။
...
ချောင်းတစ်ဘက်ကမ်းမှာ ရင်ပေါင်တိုင်ရွာ။ ထန်းပင်တွေ အလွန်ပေါတဲ့ ရွာပေါ့။ ပြီးရင်တော့ မုံရွာ ငရုပ်သီးဈေးကွက်အတွက် ငရုပ်သီးပင်တွေ ပေါများတဲ့ ဆယ်စွယ်တောင်ရွာ၊ အလယ်ရွာ၊ မြောက်ရွာ။ ပြီးရင်တော့ ကပိုင်ရွာ။ ကပိုင်ရွာအထိ မုံရွာကနေ မိုင် ၄၀ နီးပါး ခရီးပေါက်ခဲ့ပြီ။ လွင်ပြန့်တွေ မဟုတ်တော့ဘူး။ တောင်ကမူ၊ တောင်စွယ်လေးတွေဘက်ကို ရောက်ပါပြီ။ အလောင်းတော်ကဿပ အထိ ၂၁ မိုင်နီးပါး ခရီးဆက်ရန် ကျန်ပါသေး။ တောင်ကလဲ မြင့်သထက်မြင့်လာပါပြီ။ ပွင့်ကြီးစခန်းတို့ ခုံညှင်းပင်စခန်းတို့ ကျော်လွန်ပြီးရင်တော့ နတ်ထိပ်လို့ ခေါ်တဲ့ မဟူတောင်ထိပ်ကို ရောက်ပါပြီ။ စကားအပြောအဆို၊ အပြုအမူ၊ အနေအထိုင်တွေ ဆင်ခြင်ကြပါ။ အလွန်နတ်ကြီးသည့် နေရာတစ်ခုဖြစ်ပါသည်။ အလွန်ရိုသေကြရပါမည်။ တိတ်တိတ်နေကြနော်။ နတ်ကိုင်လိုက်လို့ ကွိ့ခနဲ့ နေမယ်။ နတ်ကိုင်တာ အဲဒီလို အသံမြည်လားတော့ မသိဘူး။
.
တည်းခိုစရာ ဇရပ်တွေ၊ သောက်ရေတွေ လဲ လှူဒါန်းမှု ပြုထားတာ တွေ့မြင်ကြရမှာ ဖြစ်ပါသည်။ အလောင်းတော် ကဿပ အမျိုးသားဥယာဉ် ကိုလဲ တွေ့ကြရမှာ ဖြစ်ပါသည်။ အဲဒီကနေ ဆက်ထွက်လာရင် ကွေ့ကွေ့ကောက်ကောက် တောင်ပေါ်လမ်းတွေ ကျော်လာရင်တော့ ချောင်းမကြီးချောင်းလို့ ခေါ်တဲ့ ပုထိုးလုံးချောင်းကို ရောက်ရှိမှာ ဖြစ်ပါတယ်။ အလောင်းတော်ရှိရာ ချောင်းလက်တက်ကလေးတွေထဲက စီးလာပြီး မင်းကင်းမြို့အောက်ဘက်နားမှာ ချင်းတွင်းမြစ်ထဲကို စီးဝင်သွားတဲ့ ချောင်းဖြစ်ပါတယ်။ ဒီနားက စားသောက်ဆိုင်တန်းမှာ ကားထားခဲ့ပြီး ခြေလျင်ခရီး စရပါတော့မယ်။ တစ်မိုင်သာသာလောက် တောင်တက်ခရီးပေါ့။
.
အလောင်းတော်ကဿပ တောင်ထိပ်ကို ဆင်စီးပြီး သွားမယ်ဆိုရင်လဲ စီးကြပေါ့။ တဟောဟော..တဟဲဟဲ နဲ့ တက်မယ်ဆိုရင်လဲ တက်ကြတာပေါ့။
"ဦးလေး..
"ဟေ...
"ဘာသံလဲ မသိဘူး.. သေချာနားထောင်
"နေဦးဟ.. မောလွန်းလို့ နားထဲက လေထွက်နေတာ..ဘာသံမှ မကြားရသေးဘူး
"သေချာဖြေးဖြေး နားထောင်လိုက် ဦးလေး
"ဟေ.. ဟေ... ခေါင်းလောင်းထိုးသံ ဟ။ ကြေးစည်သံ ဟ။
အလောင်းတော် ကဿပ သို့ ရောက်ပါပြီ။
.
မြန်မာ့စွယ်စုံကျမ်း အတွဲ ၁၄ မှာတော့ အလောင်းတော်ကဿပ ရဲ့ အကြောင်းကို ဒီလို ရေးထားလေရဲ့။
အလောင်းတော်သည် တောင်သုံးလုံးဆုံရာ အကြား အနိမ့်ကွက်လပ် တွင် တည်ရှိသည်။ အနောက်တောင်ဘက်တွင် မဟူတောင်၊ အနောက်ဘက်နှင့် အနောက်မြောက်ဘက်တွင် ပုံတောင် ပုံညာတောာင်၊ မြောက်ဘက်တွင် အလောင်းတော် နှင့် အကပ်ဆုံးမှာ ပုံတောင်ပုံညာအဆက် ခေါက်လောက်တောင် ရှိသည်။ အချို့က စိတ်ကူး နှင့် မဇ္ဈိမဒေသရှိ ရာဇဂြိုဟ်ပြည်ကို ၀ိုင်းနေသော ဝေပုလ္လတောင်၊ ဝေဘာရတောင် နှင့် ၀ိဇ္ဈကုဋ်တောင် ဟု ဆိုကြသည်။
.

အလောင်းတော်ကဿပသို့ရောက်တာနဲ့အလောင်းတော်၏ အာရုံခံတိုက်ကြီးထဲမှာ ခဏ နားကြပါမည်။ အာရုံခံတိုက်ကြီး၏ အရှေ့ဘက်ပိုင်းမှာ အလောင်းတော်ကဿပအဖြစ် ရဟန္တာပုံလျောင်းတော်မူ ရုပ်ထုတော်ကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ လဲလျောင်းပြီး ပရိနိဗ္ဗာန်ပြုနေပုံပါ။ အလွန်ကျယ်ဝန်းသည့်ကျောင်းတော်ကြီးပါ။ တပေါင်းလပြည့်ပွဲတော်ရက် ဆိုရင်တော့ အပြင်ဘက် မြေကြီးပေါ်မှာတောင် ဘုရားဖူးပရိသတ်အတွက် နေရာမရှိ။ နဂါးဒေါ်ဦး ရဲ့ တိုက်ကျောင်း နှင့်အတူ အလှူရှင်များ၏ ဒါနကုသိုလ် များစွာကို တွေ့မြင်ကြည်နူးကြရမှာ ဖြစ်ပါတယ်။
.

"ကျယ်လိုက်တဲ့ ကျောင်းကြီးကွာ.. ဦးလေးက အညာလေသံနဲ့ ပြောပါတယ်။

"ဟုတ်ပ ဦးလေးရာ.. ကျယ်လိုက်လေ

"တို့ရွာက ကျောင်းကြီးကျယ်လှ မှတ်တယ်။ ဒီကျောင်းကြီးနဲ့ ယှဉ်လိုက်ရင် တမာသီးလောက်ပဲ ရှိတော့မယ်။
"ဘုရားဖူးတွေ ဘယ်လောက်များများ ဖိနပ်တွေ အပြင်မှာ ချွတ်ထားခဲ့ရင် မပျောက်ဘူးလို့ ပြောသံကြားဘူးတယ် ဦးလေး
"ဟေ.. ငါ့ ခုံဖိနပ်လေး ဘယ်ရောက်သွားပါလိမ့်
"ရှိမှာပါ ဦးလေးရယ်.. ပူမနေပါနဲ့
"နောက်တာပါကွာ.. ပျောက်သွားလဲ ဘာမှမဖြစ်ပါဘူး..ဒီနားမှာ ငါ့ဖိနပ်တဲ့ ကောင်းတဲ့ ဖိနပ်တွေ အများကြီးပါ
"လုပ်ပြီ ဦးလေးကတော့...
.
ခဏ နားပြီးရင်တော့ ရှင်မဟာကဿပ ကိုယ်တော်ကြီးရှိတဲ့ တောင်တော်ကြီးဘက်ကို သွားရအောင်။ ဒီတောင်တော်ကြီးအတွင်းမှာ ရှင်မဟာကဿပ ကိုယ်တော်ကြီးရဲ့ ရုပ်အလောင်းတော်ကြီးသည် အတွင်းသား ဂူထဲမှာ ရှိနေတယ်လို့ အစဉ်အလာအရ ယုံကြည်ကြပါတယ်။ မြတ်စွာဘုရားလက်ထက်တော်က တတိယ သာဝက ဓုတင်္ဂရဧတဒဂ် ရဟန္တာကြီး အရှင်မြတ်ကြီး ရှင်မဟာကဿပ သည် ယခုနေရာ ဝေဘာရတောင်၊ ဝေဘူလတောင် နှင့် ၀ိဇ္ဈကုဋ်တောင် သုံးလုံးဆုံရာ မြောက်ဘက်က ဝေဘာရတောင်ရဲ့အောက်ဘက် ၃၅ တောင် ကုဗရှိတဲ့ ဂူကြီးထဲမှာ ပရိနိဗ္ဗာန်ပြုခဲ့ပြီး ရုပ်အလောင်းတော်ဟာ အခုထိ ပကတိအတိုင်း တည်ရှိပြီး အရိမေတ္တယျ ဘုရားရှင်လက်ထက်တော်ရောက်မှ တေဇောဓာတ် လောင်လိမ့်မယ်လို့ မှတ်ယူကြပါတယ်။

အဲဒီအစဉ်အလာ ယုံကြည်မှုကြောင့် ဒီအလောင်းတော် ကဿပတည်ရှိရာကို ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ အထွက်အမြတ်ပြု ရိုသေပြီး အခက်အခဲ အမျိုးမျိုးကို ကျော်ဖြတ်ပြီး ဘုရားဖူးလာကြတာပါ။ ဘယ်လောက်ပင်ပန်းသည်ဖြစ်စေ အလောင်းတော်ကဿပရောက်ရင် အားလုံးဟာ မောသမျှပြေပြီး ကုသိုလ်တရားထူးကို ခံစားရရှိကြမှာ မလွဲပါ။

.
တံခါးရွက်နဲ့ တူတဲ့ ရွှေအပြည့်ချထားသည့် ဂူပေါက်ဝမှာ မဟာအကျင့်သီလနှင့် ပြည့်စုံသော ရဟန္တာအရှင်မြတ်ကြီးကို ရည်မှန်းပြီး ကန်တော့ခွင့် ရကြမှာ ဖြစ်ပါတယ်။ မကြာသေးခင်က ဂျာနယ်တစ်ဆောင်ထဲမှာ တပို့တွဲလပြည့်နေ့ (၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက် နေ့) မှာ အဲဒီ ဂူပေါက်ဝကြီး ရုတ်တရက်ပွင့်သွားတာကို ဘုရားဖူးများ ထူးဆန်းစွာ တွေ့မြင်ကြရလို့ အံ့မခန်း ကြည်ညိုဖွယ်ရာ အဖြစ် မျက်မြင်တွေ့ကြသူတွေ မနည်းလှပါဟု ဖတ်လိုက်ရပါသေးတယ်။
.
''တပို့တွဲလပြည့်နေ့ မွန်းလွဲ ၁ နာရီခွဲလောက်မှာ ရုတ်တရက်ပွင့် သွားခဲ့တာ။ ၁၅ မိနစ်လောက်ပဲကြာပါတယ် ဟု ဘုရားဖူးများကဆိုကြပါသည်။ ထူးဆန်းပေစွ။ အနီးအနားမှာပဲ အဇာတသတ်မင်း တည်ထား ခဲ့တာလို့အသိအမှတ်ပြုကြသည့် လွမ်းစေတီ ကိုလည်း ရှာဖွေ ဖူးတွေ့ကြပါလို့ တင်ပြရင်း နားပါရစေဗျာ။
.
ရည်ညွှန်း..
“မြန်မာ့စွယ်စုံကျမ်း CD”
“အလောင်းတော်ကဿပ သမိုင်းအကျဉ်းချုပ် - ဆရာတော် ဘဒ္ဒန္တ ဥတ္တရ”
"ဆရာ အံ့မောင် ၏ အညာဘုရားဖူး စာအုပ်
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

8 comments:

Talkii said...

ပြန်ရတော့မယ် ဟေ့ဟေ့ဟေ့ :) ကိုမျိုးရေးတဲ့ ပို့စ်တွေ print ထုတ်သွားပြီး လည်လိုက်ဦးမယ်။ ကိုမျိုးရွာတောင် သွားချင်သား။

ဒဏ္ဍာရီ said...

အကိုရေ ... အလောင်းတော်ကဿပကို သွားဖူးချင်နေတာ။ ရောက်ဖူးတဲ့သူတွေကပြောတယ် တောကြမ်းတယ်တဲ့။ ဆင်ကြီး စီးပြီး သွားရတာလို့လည်း ပြောတယ်နော်။ နောင်ပွင့်တော်မူမယ့် ဘုရားလို့လည်း ပြောကြတယ်။ အခုတော့ အကို့ပိုစ့်လေးနဲ့ ဦးလေးလည်း လိုက်ပို့တာနဲ့ ရောက်ခဲ့ပြန်ပြီနော်။း)
ဦးလေးက ဒီကြားထဲ ဖိနပ်လဲမလို့ အကြံရှိလား မသိဘူး။ သူများမကြည့်နဲ့ ကိုယ့်ဦးလေး ကိုပြန်ကြည့်ထားကြနော်။း)

ကျေးဇူးပဲ အကို....

ခင်မင်လေးစားလျှက်

ကောင်းကင်ပြာ said...

မရောက်ဖူးဘူး..သွားဖို့ ကံမပါသေးလို့ထင်ပါတယ်၊ အခုကြို ဖူးထားလိုက်တယ်..း)

thawzin said...

အလောင်းတော် ကဿပ ရှိပါတယ်ဆိုကြတဲ့ နေရာကတော့ နာမည်ကြီးပဲဗျနော်။ ကျနော်တော့ ရောက်ဖူးဘူး။ ကိုမျိုးရေးထားတဲ့အတိုင်း သွားရင် တကယ်ရောက်မှာနော်။ ယုံကြည်လိုက်မယ်။ နောက်မှ တယောက်တည်းသွားလို့ လမ်းမှားသွားရင်တော့ တရားခံ ကိုမျိုးပဲဗျာ။
စိတ်ကူးနဲ့ အရောက်ဖူးမျှော်လိုက်ရပါသည် အရှင်မြတ်ကြီးအား။

ရွှေရတုမှတ်တမ်း said...

ကိုကြီးကျောက်တို့ ငယ်ငယ်က တောထဲမှာတညအိပ်ပြီး
ခြေလျင်တက်ခဲ့ရတာ..သိတ်ပျော်စရာကောင်းတာပဲ..
လမ်းမှာတဖွဲ့နဲ့တဖွဲ့ ဟင်းတွေပေးကြ..စားရလို့လဲ သိတ်ကောင်း.. ပဲပြုတ်နေတဲ့ကောင်မလေးတွေကို ပဲမပြတ်သေးဘူးလားလို့ မေးလို့မျက်စောင်းထိုးခံရသေး..း)))
(ပဲပြတ်= ? )

ရေတမာ said...

အလောင်းတော်ကဿပတော့ မရောက်ဘူးသေးဘူးဗျာ။ ခရီးသွားလေးကို မပျင်းရအောင် ဟာသလေးတွေနဲ့ ရေးပေးတဲ့ ကိုမျိုး စေတနာကို လေးစားပါတယ်။

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ။ မင်္ဂလာပါ။
အခုမှကော်မန့်ရေးဖြစ်တယ်၊ ခဏခဏ အချိန်ရသလိုတော့ နည်းနည်းစီဝင်ဖတ်ပါတယ်။
့ရည်ညွှန်းစာတွေရှိပေမယ့်လည်း၊ ရေးပုံက အကွက်စိပ်တယ်။ တောက်လျှောက်သွားနေတဲ့ အတိုင်း “မောလွန်းလို့ နားကလေတောင် ထွက်တယ်”လို့ရေးထားတာ ပို့စ်က တကယ် အသက်ဝင်တယ်။
ဗဟုသုတတွေနဲ့ စိတ်ဝင်စားစာကောင်းသလို ထုံးစံမပျက် ရီရတယ်နော်။

Unknown said...

အကိုကောင်းတယ်ဗျာ