မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, April 14, 2010

အညာ နဲ့ ကိုမျိုး (၂)

နေ့စဉ်ကျောင်းသွားတက်နေရတော့ လမ်းတလျောက်မှာ ရှိတဲ့သူတွေအားလုံးက သိနေကြပြီလေ။ ရှစ်တန်းတက်နေတဲ့ နှစ် ဆိုပါစို့။ လူကောင်က နဲနဲထွားတော့ လူပျိုပေါက်အရွယ်လို့ ထင်စရာပေါ့။ လမ်းတလျောက်က ကောက်စိုက်သမလေးတွေ၊ ကျောင်းသူလေးတွေကြားမှာ တိုးတိုးတိတ်တိတ် ရင်ခုန်တတ်တဲ့ အရွယ်ပေါ့။ ကောက်စိုက်သမလေးတွေရဲ့ လယ်တောနား ရောက်ပြန်ရင်လဲ အကြောင်းမရှိ အကြောင်းရှာပြီး စက်ဘီးစီးရလို့ မောလိုက်တာ ဆိုပြီး ရေတောင်းသောက်။ ကြံဖန်ပြီး စကားတွေ စပြီးပြော။ သူတို့လေးတွေကလဲ ခေသူတွေမဟုတ်။ အုပ်စုတောင့်တော့ သူတို့ကို အရမ်းမပိုးရဲ။ မသိမသာ ပိုးရတာပေါ့။
.
တစ်နေ့တော့..ကျောင်းကအပြန် ကောက်စိုက်သမ အဖွဲ့ထဲက ခပ်ချောချော ကောက်စိုက်သမတစ်ယောက်က နေမကောင်းလို့ သူ့ကို စက်ဘီးပေါ်တင်ပြီး အိမ်ပြန်ပို့ပေးပါပြောလို့ လိုက်ပို့ပေးလိုက်တယ်။ ကျနော့်ကိုကြတော့ နေမကောင်းဘူးလို့ ပြောတယ်။ သူတို့ ကောက်စိုက်သမ အချင်းချင်းကြတော့ ကိုမျိုး နဲ့ စက်ဘီးစီးပြီး အိမ်ပြန်တော့မယ်လို့ ပြောခဲ့တယ်တဲ့။ စကားတွေက တဖြည်းဖြည်းနဲ့ တစ်ယောက်စကား တစ်ယောက်နား ကြားဖန်များလာတော့ စကားဆိုတဲ့အတိုင်း ကားကားလာလိုက်တာ ကိုမျိုး နဲ့ အဲဒီကောက်စိုက်သမလေး ကြိုက်နေကြပြီတဲ့ဗျာ။ ရှစ်တန်းရှိသေးတာနော်။
.
တစ်နေ့တော့ အမေတို့က ထမင်းဝိုင်းမှာ ထမင်းစားနေကြတယ်။ ကျနော်က ကျောင်းကပြန်လာချင်း ထမင်းစားအုံးမယ် ဆိုပြီး စက်ဘီးလေးပေါ်ကဆင်းပြီး လက်ဆေးရင်း ဘာရယ်မဟုတ် သူ့အလိုလိုပေါ်လာတဲ့ သီချင်းတစ်ပုဒ်ကို တိုးတိုးလေး ညည်းနေမိတယ်လေ။
.
xxx ကောက်စိုက်သမလေးတွေ သံပြိုင်ဆို...
xxx ထမီတိုတို...ရွှဲလို့စို.. ရွှဲလို့စို...
.
သီချင်းတောင်မပြီးသေးဘူး။ နားထဲမှာ ၀ှီးကနဲ့ အသံကြားလိုက်ရတယ်။ ကြည့်လိုက်တော့ ထမင်းခူးတဲ့ သစ်သားယောင်းမကြီး အနားကနေ ဖြတ်ပြေးတာ။ တဆက်တည်းမှာဘဲ ဒီကောက်စိုက်သမကို ဒီလောက်တောင် စွဲနေပြီလား။ "ငါတော့..သေချင်တာပါဘဲ။ လူကဖြင့် ရှစ်တန်းရှိသေး။ လူပျိုစိတ်က ၀င်နေပြီ။ မိန်းမက လိုချင်နေပြီ။ ပြောမပြော ချင်ပါဘူး..." တဲ့။ ဘယ်သူတွေက ဘယ်စကားတွေပြောပြီး..အမေက ဘာတွေကြားထားသလဲ မသိပါဘူး။ အဲဒီ ကောက်စိုက်သမလေးနဲ့ ကိုမျိုးကို အတင်းကို သမုတ်ကြတော့တာ။ တကယ်ကို ဘာဆို ဘာမှ မဟုတ်ရပါကွယ်။ သူနေမကောင်းလို့ ယာတောကနေ အိမ်ပြန်ပို့ပေးပါဆိုလို့ စက်ဘီးပေါ်တင်ပြီး သူ့အိမ်ထိ ပြန်ပို့ပေးခဲ့မိတာ။ နာမည်ကြီးချင်တော့ ကြံဖန်ကြီးတာပေါ့လေ။
.
ဒါနဲ့ စကားမစပ်.. ရွာထဲက ကာလသား လူငယ်တွေကလဲ အထင်ကြီးစိတ်နဲ့ ကြည့်လာကြတယ်လေ။ ကိုမျိုးက ရွာထဲမှာ အလှဆုံး ကောင်မလေးနဲ့ ကြိုက်နေတယ်ပေါ့။ ကဲ..အထင်ခံရ နည်းသလား။ ခပ်တည်တည်နဲ့ နေလိုက်တယ်။ ပိုပြီး ထင်နေကြပြီပေါ့။ ဘယ်လိုလုပ်ပြီး အဲဒီကောင်မလေးနဲ့ ကြိုက်သွားလဲပေါ့။ လူစုံရင် မေးကြတာလေ။ ရှစ်တန်းကျောင်းသား လူငယ်ဆိုတော့ ဘာရယ်ညာရယ်မသိဘဲ အထင်ကြီးနေကြတာ ခံရတော့ အကုန်လုံး မဟုတ်က ဟုတ်ကတွေ လျောက်ပြောတော့တာ။ ရည်းစားစာပေးပြီးမှ အဖြေတောင်းလိုက်တာ။ အဲဒီကစပြီး ရွာထဲကလူငယ်တွေ ရဲ့ ရည်းစားစာရေးတဲ့ စာရေးကြီး စဖြစ်တော့တာပါဘဲ။ တစ်နေ့တော့ ညီဝမ်းကွဲ တစ်ယောက်က ရည်းစားစာ ရေးခိုင်းလို့ အခုလိုလေး ရေးပေးလိုက်တယ်ဗျာ။ တောသားတွေ အဲဒီတုန်းက ဘယ်လိုရေးကြတယ် ဆိုတာလေး ဝေမျှရင်းနဲ့ပေါ့။
.
ချစ်မိနေတဲ့ ညီမငယ်..
ပပ၀တီက အလွန်ချောသူ ဖြစ်ခဲ့သတဲ့။ ညီမကို မြင်ဘူးနေတဲ့ အကိုကတော့ ပပ၀တီဟာ ဘယ်လောက်ချောချော ညီမရဲ့ အချောအလှလို မမှီနိုင်ဘူးလို့ မိုးကြိုးပစ်ခံထိပြီး ပြောရဲပါတယ်။ ခုနှစ်ဆောင်အခန်းမှာ မီးမထွန်းဘဲ အရောင်လင်းတယ်တဲ့။ အဲဒီ အလင်းရောင် နဲ့အတူ အလွန်လှသတဲ့။ မယုံပါဘူး။ ဘာဖြစ်လို့လဲ သိလား။
.
ဘုရားပွဲ ဆီမီးကပ် အဖွဲ့ အတန်းလှည့်တုန်းက ညီမ ကိုင်ထားတဲ့ ဆီမီးခွက်ရဲ့ အလင်းရောင်ရယ်၊ အေးမြကြည်လင်တဲ့ ညီမရဲ့ မျက်နှာအလှကို ဘယ်သူပြိုင်လို့ နိုင်ပါ့မလဲကွယ်။ အကို့ဘ၀က အရုပ်ဆိုးသူ မင်းကုသ လိုဘ၀မို့ ညီမရဲ့ အချစ်ကိုရယူဘို့ မထိုက်တန်သူလို့ ဆိုချင်ဆိုပါတော့။ အသက်သေဆုံးသည့်တိုင် ညီမတစ်ယောက်ထဲကိုဘဲ ချစ်နေမယ်ဆိုတာ ယုံပါ။ ညီမလက်ထဲမှာ ကိုင်ထားတဲ့ ဆီမီးခွက်လို လောင်စာကုန်သွားရင် မီးငြိမ်းသွားမယ့် အချစ်မျိုး မဟုတ်ပါဘူး။ ဘ၀ဆက်တိုင်း ချစ်ခြင်းမေတ္တာတရားတွေ ထာဝရ သယ်ဆောင်လာမယ့် ရင်ထဲက အချစ်စစ်နဲ့ ထာဝစဉ် စီးဆင်းနေတဲ့ မေတ္တာစမ်းရေလို အချစ်မျိုးပါကွယ်။
.
မနေ့က အမေက ပြောတယ်။ ညီမနဲ့ဆို သဘောတူတယ်တဲ့။ သမီးရင်းပမာ ချစ်ပါ့မယ်တဲ့။ အကိုက လယ်ယာလုပ်ငန်းကို အသေအချာ လုပ်တတ်နေပြီမို့ ရိုးမြေကျ လုပ်ကျွေးပါ့မယ်လို့ ကတိပြုပါတယ်။ ၀ါတွင်း ကာလမို့ အကိုနဲ့ထပ်တူချစ်ပါတယ်လို့ ခေါင်းညိတ် အဖြေမပေးချင်သေးရင် ၀ါကျွတ်တဲ့ သီတင်းကျွတ်လပြည့်ညမှာတော့ အဖြေပေးပါနော်။ ချစ်တယ်ဆိုတဲ့ အဖြေလေးကြားချင်လှပါရဲ့ ညီမရယ်။ အဲဒီအချိန်မှာ အကို့လောက်ပျော်မယ့်သူ ဒီရွာမှာ ရှိမယ်လို့ မထင်ပါဘူး။
အချစ်များစွာဖြင့်
အကို
.
အဲဒီတုန်းက ၀ါတွင်းဆို ရွာကလုံမေတွေက အဖြေမပေးချင်ကြဘူးဗျ။ ငရဲကြီးမှာ ကြောက်လို့တဲ့လေ။ အခုတော့ အဲဒီလို အတွေးတွေ ရှိကြသေးရဲ့လား မသိပါ။ အဲဒီ ညီမငယ်ဆိုတဲ့ အပျိုလေးကို ရွာက ကာလသားတွေကလဲ ပိုးကြတာ အများသား။ သီတင်းကျွတ် လပြည့်ညမှာတော့ အဲဒီ ညီမငယ်က ကျနော့ရဲ့ ညီဝမ်းကွဲကို အဖြေပေးလိုက်ပါတယ်။ စာရေးပြီး သေချာပေးလိုက်တာပါ။ ညီဝမ်းကွဲက အဲဒီစာပြလို့ ဖတ်ကြည့်လိုက်ပါသေးတယ်။ မှတ်မိသလောက်တော့ ...
.
အကို..
ညီမ စာပြန်လိုက်ပါတယ်။ ၀ါကျွတ်ပြီမို့ အဖြေပေးလိုက်ပါတယ်။ ၀ါတွင်းကာလ တစ်လျောက်လုံး အမူအယာတွေပိုပြီး စောင့်ခိုင်းထားတာ မဟုတ်ရပါ။ အမေ့ကိုလဲ တိုင်ပင်ပါတယ်။ အမေကပြောတယ်။ အကိုနဲ့ဆိုလဲ သဘောတူတယ်။ ကိုရင်နိုင် ဆိုတဲ့သူနဲ့လဲ သဘောတူတယ်တဲ့။ ကိုရင်နိုင် ဘက်ကို အမေက အလေးသာတဲ့ သဘောမျိုး ပြောနေတယ်လေ။ ညီမလဲ အမေ့ သဘောလို့ ပြောထားပြီးသား ကတိရှိနေလို့ ကိုရင်နိုင် မိဘတွေလာပြီး မမှတ်ခင် အကို့မိဘတွေကို လာပြီး ပြောခိုင်းလိုက်နော်။ ညီမက ပြောခိုင်းတယ်လို့တော့ မပြောနဲ့နော်။
.
ရွာသူတွေ ဘယ်လောက် တော်ကြလဲနော်။ ကိုရင်နိုင် နဲ့လဲ သဘောတူ တယ်တဲ့။ မိဘရဲ့အထိန်းအကွပ်အောက်မှာ ပြားပြားဝပ်နေရသူတွေမို့ မိဘတွေရဲ့ သဘောထားတွေ အပြည့်ပါမှာပေါ့လေ။ ညီဝမ်းကွဲလဲ သူ့အမေကို အပူကပ်ပြီး ပြောခိုင်းတော့တာ။ ဘယ်လောက်တင်မယ်..ဘယ်လောက်လက်ဖွဲ့မယ်က အစ အကုန်ပြောပြီး ဆွဲဆောင်ရတာ။ ကိုရင်နိုင် မိဘတွေ ပေးနိုင်တာထက် ပိုပြီးပေးနိုင်မှ အဆင်ပြေမှာမို့ လျော့ပေးလို့မရ။ အညာဓလေ့၊ အညာဘ၀ တွေပဲလေ။
.
ကိုရင်နိုင် မိဘတွေလာပြီး မ မှတ်ခင် လို့ စာပြန်လိုက်တယ်နော်။ အဲဒီစကား မ မှတ်ခင် ဆိုတာ ကျနော်တို့ရွာရဲ့ အခေါ် အဝေါ် ဓလေ့ပေါ့။ မိန်းကလေးတစ်ယောက်ကို နှစ်ဖက်မိဘ လူကြီးဆုံရာနဲ့ စေ့စပ်ကြောင်းလမ်းခြင်း ကို မှတ်တယ် လို့ ပြောကြတယ်။ မိန်းကလေးတစ်ယောက်..ယောကျာင်္လေးတစ်ယောက်နဲ့ မှတ်ထားတယ် ဆိုရင် တခြားလူပျိုတွေအတွက် အခွင့်မရှိတော့။ အဲဒီကောင်မလေးက အမှတ်ကြီးနဲ့လို့ ပြောလိုက်ရင် တစ်ယောက်ယောက်နဲ့ စေ့စပ်ပြီးသားပေါ့။
.
သီးနှံမပေါ်ခင် မှတ်ထား။ သီးနှံပေါ် ငွေရွှင်တော့မှ ရွာအခေါ် စရန်ပေး တယ်လို့ ပြောကြတယ်။ ဒါလဲ ဓလေ့တစ်ခုပေါ့။ စရန်ပေးတယ်ဆိုတာ မင်္ဂလာ မဆောင်ခင် ပြုလုပ်တဲ့ပွဲပေါ့။ တစ်ခြားရွာက အသိမိတ်ဆွေတွေ မဖိတ်ကြားသေးဘဲ မိမိရွာအတွင်းမှာဘဲ ပြုလုပ်တဲ့ပွဲပေါ့။ စရန်ပေးပြီးပြီဆိုရင် ယောင်္ကျားလေးဘက်က မိန်းကလေးအိမ်ကို တံခါးမရှိ ၀င်ထွက်ခွင့်ရသွားပြီလေ။ ညအိပ်လို့တော့မရ။ စရန်ပေးပြီး အတော်လေးကြာမှ မင်္ဂလာဆောင်ကြတာ။ မင်္ဂလာဆောင်ပွဲ ကျင်းပပြီ ဆိုရင်တော့ တနယ်လုံးကို ဖိတ်ကြားပြီပေါ့။ မင်္ဂလာဆောင်ပြီးရင်တော့ ကိုယ့်အိုး ကိုယ့်အိမ်၊ ကိုယ့်ယာနဲ့ ရိုးမြေကျ လုပ်ကိုင်စားသောက်ကြပေတော့။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, April 7, 2010

အညာ နဲ့ ကိုမျိုး

အညာဒေသက ရွာလေးတစ်ရွာ။ 1977 ခုနှစ် မှာ ကျနော် မွေးဖွားတယ်။ ရွာမှာ အခြေခံပညာ မူလတန်း အောင်မြင်ပြီး ရွာနှင့် ခြောက်မိုင်မျှဝေးသော အရပ်သို့ နေ့စဉ်သွားပြီး အလယ်တန်း နှင့် အထက်တန်း ပညာ ဆည်းပူးခဲ့ရသည်။ ငယ်ငယ်တုန်းက ရွာက မူလတန်းကျောင်းဆိုတာ ထန်းရွက်မိုး၊ ထန်းရွက်ကာ။ မိုးရွာလျှင် ကျောင်းပိတ်။ အကာ ကောင်းကောင်းမရှိတော့ မိုးပက်တာကိုး။ ငယ်သေးပေမယ့် မှတ်မှတ်ရရ ရွာက လူကြီးတွေ ပြောတာ မှတ်မိနေသေးတယ်။ မင်းတို့ကျောင်းက ကျားကိုးစီး နဲ့ တဲ့။ ယိုင်နေလို့ ကျားကန်ထားရတာကို ပြောကြတာ။
.
လေးတန်းအောင်ပြီး တစ်ခြားရွာကို နေ့စဉ် အသွားအပြန် ၁၂ မိုင်နီးပါး စက်ဘီးနင်းပြီး ကျောင်းသွားတက်ရတာ။ လေးတန်းအောင်တော့ ကျောင်းသား ၆ ယောက်ရှိတယ်။ ဘယ်သူမှ တစ်ခြားရွာကို သွားပြီး ကျောင်းမတက်ချင်ကြ။ မိဘတွေကလဲ ကျောင်းမထားကြ။ တော်ပြီပေါ့.. သေစာ ရှင်စာ ဖတ်တတ်ရင်။ ဒီလို အတွေးနဲ့ ကျောင်းမတက်ဖြစ်ကြ။
.
ကိုမျိုးကတော့ မိဘတွေက ကျောင်းဆက်ပြီး တက်စေချင်။ အဘိုးအဘွားတွေကလဲ ကျောင်းဆက်တက်စေချင်တာနဲ့ ၁၂ မိုင် ခရီးကို ငါးတန်းကနေ ဆယ်တန်းအထိ နေ့စဉ် စက်ဘီးစီးပြီး ကျောင်းတက်ခဲ့တာ။ တစ်ရွာနဲ့ တစ်ရွာ ၁၂ မိုင်ခရီးဆိုပေမယ့် ဝေးတယ် မထင်မိ။ လမ်းတလျောက်မှာလဲ တောတဲလေးတွေ အများသား။ တောတဲ ဆိုတာက ရွာထဲက လူတွေ ယာတောမှာ အလုပ်များချိန်ဆို အိမ်မပြန်ကြတော့ဘဲ တောထဲမှာဘဲ တဲထိုးပြီး နေကြတာ ကိုဆိုလိုတာ။
.
တောတဲအားလုံးက ကိုမျိုး ရဲ့ အိမ်လိုပါဘဲ။ စက်ဘီးပေါက်လဲ ၀င်ပြီးဖာ။ ရေဆာလဲ ၀င်ပြီးသောက်။ ထမင်းစာလဲ ၀င်ပြီးစား။ အိမ်ကိုတော့ ကျောင်းဆိုပြီး အထွက်ပြ။ ကျောင်းမသွားဘဲ တောတဲ မှာဘဲ ညနေစောင်းထိနေ။ ခပ်တည်တည်နဲ့ ကျောင်းကပြန်လာတာလိုလို ဟန်ပြပြီး အိမ်ပြန်ဝင်။ ဒီလို လုပ်ခဲ့တဲ့ ရက်ပေါင်းလဲ မရေတွက်နိုင်တော့။
.
ထမင်းချိုင့်ကလေး စက်ဘီးမှာ ချိတ်ပြီး မနက်စောစောစီးစီး ကျောင်းသွား။ ရွာထဲကလူတွေကလဲ ထမင်းချိုင့်နဲ့ စက်ဘီးထိသံ ဂလောက်.. ဂလောက်ဆိုရင်.. ထကြဟေ့..တောသွားကြစို့။ မောင်မျိုးကလေးတောင် ကျောင်းသွားပြီ။ အဲဒီလို အချိန်မှန် ထမင်းချိုင့် ခေါင်းလောင်းလေး တီးပေးခဲ့တာ။ ညနေ ကျောင်းကပြန်လာပြီဆိုရင် ထမင်းချိုင့်သံက အခွန်ဆိုတော့ (အခွန်ဆိုတာနဲ့ လန့်မသွားကြနဲ့အုံး) ပိုပြီးတော့ မြည်သေး။ ဟ..အချိန်တောင် တော်တော်နောက်ကြနေပြီ။ မောင်ကျောင်းသားလေးတောင် ပြန်လာပြီ။ အိမ်ပြန်ကြစို့ဟေ့ ဆိုပြီး ပြောကြတာလေ။ ရွာကလူတွေကတော့ ကျနော့်ကို အချိန်မှန် ခေါင်းလောင်းလေးလို့ ထင်မှတ်နေကြတာ။
.
ကျနော့် ထမင်းချိုင့်သံ ဂလောက် ဂလောက် မကြားမချင်း အိပ်ယာက မထကြ။ ကျနော့်တို့ အိမ်က ရွာရဲ့ အနောက်မြောက်ပိုင်းမှာ ရှိတော့ ရွာလည်လမ်းမကြီး အတိုင်း စက်ဘီးစီးပြီး ထွက်ရတော့ ကျောင်းသွားတက်နေတာ တစ်ရွာလုံးကသိ။ ထမင်းချိုင့်သံလေး မကြားရင်..ဒီကောင်လေး နေမကောင်းဘူးလား မသိဘူး။ ကျောင်းမသွားဘူးနဲ့ တူတယ်။ အဲဒီလို ထိ ထမင်းချိုင့်သံလေးက လွှမ်းမိုးခဲ့တာ။
.
အလယ်တန်း ငါးတန်းကစပြီး တခြားရွာသွားပြီး ကျောင်းတက်ရတာကို မြို့သွားပြီး တက္ကသိုလ်တက်နေတဲ့ ကျောင်းသားကြီးပမာ။ တစ်ရွာလုံးမှာ တစ်ယောက်တည်းကိုး။ ငါးတန်း စာမေးပွဲမှာ ထူးထူးခြားခြား ပထမဆု ရတယ်ဗျာ။ တခြားရွာက ကျောင်းအုပ်ကြီးကိုယ်တိုင် အိမ်ထိလိုက်လာပြီး လာပြောတာ။ ကျနော် ပထမ ရတယ်တဲ့။ တစ်ရွာလုံးလဲ ပြောမဆုံး။ ဆုပေးပွဲ လုပ်မယ်တဲ့။ အမယ်လေး... မိဘတွေ ဆွေမျိုးတွေဆို တပြုံးပြုံးနဲ့။ ပြောရင် ယုံကြမှာတောင် မဟုတ်ဘူး။
.
ဆုသွားယူကြတော့ ရွာကလူတွေ အကုန်လုံးနီးပါး လိုက်လာကြတာဗျာ။ လှည်းတွေဆို မနည်းဘူး။ ပထဦးဆုံး လှည်းဆို အသံချဲ့စက်ကြီးနဲ့။ အဆိုတော် သန်းထွန်းလေး ရဲ့ ကျနော့် ရည်မှန်းချက် ဆိုတဲ့ သီချင်းကို ဖွင့်လို့။ အခုထိ နားထဲမှာ ကြားယောင်မိပါသေးဗျာ။
.
xxx ကျနော့် ရည်မှန်းချက် တွေးလျှက်နဲ့ ပျော်သည်ပျော်သည်..
xxx ညီလေး ညီမလေးများကို သွန်သင်ကာ ဆုံးမပေးမည်...
xxx ဆရာဝန် ဖြစ်ဘို့ ကျနော် ကြိုးစားမည်..
xxx လူရည်ချွန်ဖြစ်ဘို့ ကျနော်ကြိုးစားမည်..
xxx မြန်မာ့သားကောင်း ဇာနည်..
......... ကြီးကို ကျနော် မျှော်မှန်းသည်။
.
အဲဒီသီချင်းကို အခုထိ ကြားယောင်မိတုန်း။ ရွာကလူတွေကလဲ ငါ့တို့ရွာသားကွ ဆိုပြီး ဂုဏ်ယူလိုက်ကြတာ။ ကျနော် ဆုရတာကို ဂုဏ်ယူရတာ အပြင်.. ငါတို့ ရွာသားကွ ဆိုတာတွေက လွှမ်းလွှမ်းမိုးမိုး။ တစ်ရွာနဲ့ တစ်ရွာ အပြိုင်အဆိုင်ပေါ့လေ။ ဘောလုံးပွဲရှုံးကြွေးလိုက်ဆပ်တာလို့တောင် ပြောသူက ပြောနေကြပြီ။ ကျေးရွာအလိုက် ဘောလုံးပြိုင်ပွဲမှာ ကျနော်တို့ ရွာက ရှုံးထားတာကိုး။
.
ဘောလုံးပွဲ ဆိုလို့ ကျနော်တို့ ရွာ ဘောလုံးပွဲမှာ လူရွေးပုံလေး ဝေမျှချင်ပါတယ်။ ကိုဖြိုး ဆိုတဲ့ ကာလသားဂေါင်းက ဘောလုံးကန်လဲ မကောင်း။ ညစ်လဲညစ်တော့ တစ်ရွာလုံး တစ်နယ်လုံးက သူ့ကို ဘောလုံးပွဲမှာ မပါစေချင်ဘူးလေ။ အဲဒီတော့.. ဒီဘောလုံးပွဲမှာ ကိုဖြိုး ကိုလူရွေးခိုင်းလိုက်ကွာ။ အဲဒါဆို သူ့ကိုယ်သူ ရွေးမှာ မဟုတ်ဘူး။ ကိုဖြိုး ကလဲ လူကြီးတွေက အရွေးခိုင်းတဲ့အထိ ဖြစ်လာတော့ ဘ၀င် မြင့်ပြီး ရွေးပါတယ်။ ဘယ်လိုရွေးလဲဆိုတော့...စစချင်း..
ငါရယ်.. ငတိုးရယ်..
အာ..မကြိုက်သေးဘူးကွာ..ထပ်ပြီးရွေး..
ငါရယ်..ငတိုးရယ်..ငမြင့် ရယ်..
ကိုဖြိုး ကို မပါစေချင်လို့ အရွေးခိုင်းပါတယ် ဆိုနေမှ.. ငါ ရယ်..ငါရယ်..ဆိုပြီး သူ့ကိုယ်သူ ထပ်ကာ ထပ်ကာ ရွေးနေတော့တာ။
.
စကားချပ်။ ရွာအနေအထားက အရင်ပို့စ်တွေမှာ တင်ထားပြီး ဖြစ်သလို ကျနော် ငယ်ငယ်တုန်းကနဲ့ မတူတော့။ ငါးတန်းကနေ ကိုးတန်းအထိ နှစ်စဉ် ပထမဆု ရခဲ့တာ။ ဆယ်တန်းမှာတော့ အထူးခြားဆုံး ပေါ့လေ။ ဆက်ပါဦးမည်။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Sunday, March 28, 2010

အညာဓလေ့ အညာသင်္ကြန်

မွေးရပ်မြေရွာကို လွမ်းလို့ သတိတရအဖြစ် ရွာအကြောင်းလေးတွေကိုပဲ အစဉ်တစိုက် ရေးသားလာခဲ့တာ ကျနော်တို့ အညာအကြောင်းလဲ တော်တော်များများ သိနေကြရောပေါ့။ အခုတစ်ခါတော့ ရွာက သင်္ကြန်ပွဲလေး အကြောင်း ဖော်ပြချင်ပါရဲ့။ ကျနော် ငယ်ငယ်တုန်းကတော့ ရွာမှာ ရေရှား၊ အညာနွေပူပူမှာဆိုတော့ သင်္ကြန်ဆို မနက်ခင်းအစောပိုင်းနဲ့ ညနေစောင်းလေးလောက်ဘဲ ရှိတဲ့ရေလေးနဲ့ တစ်ခွက်ကို နှစ်ယောက်စာ ခွဲပြီး လောင်းခဲ့ရတာလေ။
.
အခုတော့ အရင်လို မဟုတ်တော့။ အိမ်တိုင်းနီးပါး လက်လှုပ်တွင်းနှင့်၊ ရေစက်နှင့် ဆိုတော့ မိမိအိမ်ရှေ့မှာ သင်္ကြန်မဏ္ဍပ်ဆောက်ပြီး တစ်နေကုန် မနားတမ်း ရေကစားနိုင်ကြပြီ။ အရင်တုန်းကတော့ မြင်းမူမြို့ပေါ်ဖြစ်ဖြစ်၊ မုံရွာဖြစ်ဖြစ် ရွာကလူငယ်တွေ စုပြီး သင်္ကြန်အပျော်အပါး ထွက်ကြတာ။ အခုတော့ မြို့မှာနေတဲ့ သူတွေက ရွာသို့ ပြန်လာကြပြီး ရေကစားကြပြီ။ သူတို့ အဆိုအရ ရွာမှာ ပိုပြီး ပျော်စရာ ကောင်းတယ်ဆိုဘဲ။
.
သင်္ကြန်အကြိုနေ့မှာ ရွာက လူငယ်တွေစုပြီး သက်ကြီးပူဇော်ပွဲ လုပ်ကြပါတယ်။ ရွာမှာ ရှိတဲ့ သက်ကြီးတွေကို ခေါင်းလျော်၊ လက်သည်းညှပ်၊ အ၀တ်အစားလှူ၊ အစားအသောက်လှူ ပြီး တတ်နိုင်သမျှ စုငွေလေးနဲ့ ငွေသားလေးတွေကိုပါ ကန်တော့ကြပါတယ်။ ရွာလယ်၊ ရွာဦး နဲ့ ရွာ့တောင်ကျောင်း တို့တွင် အမှိုက်သရိုက်ရှင်းခြင်း၊ စေတီပုထိုးများအား ထုံးသင်္ကန်းကပ်လှူခြင်း တို့လည်း ပြုလုပ်ကုသိုလ်ယူကြပါတယ်။ ဒါ့အပြင် ရွာရဲ့ဓလေ့အဖြစ် ရွာဦးအရှင်ကြီးနတ်ကို မုန့်ပဲသရေစာတွေနဲ့ ရိုးရာနတ်ပူဇော်ခြင်းကိုလဲ ပြုလုပ်ကြပါတယ်။
.
ဒီနေရာမှာ ခဏဖြတ်ပြီး ရွာရဲ့နတ်ကိုးကွယ်မှုကို အနည်းငယ်ဖော်ပြချင်ပါတယ်။ မနေ့က အမေ့ဆီကို ဖုန်းဆက်တော့ သင်္ကြန်ရောက်ရင် ရွာပြန်လာမှာလားတဲ့။ မပြန်ဖြစ်သေးဘူး အမေ။ သင်္ကြန်ပြီးလောက်မှ ခွင့်ယူပြီး ပြန်ဖြစ်မယ် ဆိုတော့ ပြန်ခဲ့ပါလားတဲ့။ မြေးလေးကိုလဲ ခေါ်ခဲ့ပါတဲ့။ ရိုးရာအမေကြီးနတ်ကို ပြသပြီး ရောဂါအန္တရာယ်ကင်းဝေးအောင် နှစ်သစ်မှာ နတ်ကန်တော့ရအောင်တဲ့။ တစ်ဖက်က အမေ ဆိုတော့ နတ်နဲ့ပတ်သက်ပြီး သူတို့ ယုံကြည်လာတဲ့ အစဉ်အလာကို အငြင်းမပွားချင်တာနဲ့..ဟုတ်ကဲ့အမေ။ သား..ရွာကို ပြန်လာဖြစ်ရင် ခေါ်လာခဲ့ပါ့မယ် အမေ လို့ ပြောလိုက်ရတယ်။ မိဘ ဘိုးဘွား အစဉ်အလာ ယုံကြည်မှုဆိုတော့လဲ ပြောရတာ အခက်သား။
.
ကျနော်တို့ အညာက နတ်တွေကလဲ အများသား။ ၃၇ မင်းသော နတ်တွေက အညာနဲ့ ပတ်သက်နေတာတွေက များသကိုး။ ကျနော့် လက်ရှိအသိနဲ့ ပြောရရင် ကျနော်တို့ရွာက လူတွေက နတ်ကို ကြောက်လို့ ကိုးကွယ်ကြတာ၊ လိုချင်လို့ ကိုးကွယ်ကြတာ၊ ရိုးရာမို့ ကိုးကွယ်ကြတာ နဲ့ နတ်ဟာ ကျနော်တို့ ရွာရဲ့ လူနေမှုမှာ အမြစ်စွဲနေတာ။
.
နတ်ဟာ ကျနော်တို့ လူမျိုးတွေ ဖြစ်တည်လာတာနဲ့ အတူပါလာတာလို့ ယူဆနိုင်ပါတယ်။ နတ်တွေကို ယုံထိုက်၊ မယုံထိုက်၊ ကိုးကွယ်ထိုက်၊ မကိုးကွယ်ထိုက် ကိုတော့ ကျနော် ဘာမှ မပြောလို။ ကိုယ့်သဘောနဲ့ ကိုယ်ပေါ့။ လူတွေရဲ့ အခြေခံ လွတ်လပ်ခွင့် ကိုး။ နတ်ပွဲတွေကိုတော့ ရောက်ဖူးကြလား မသိဘူး။ အဲဒီမှာ လူတွေ ဘယ်လောက် အသည်းအသန် ကိုးကွယ်ပသ ကြသလဲ။ ကြောက်လို့တို့၊ လိုချင်လိုတို့၊ ဘာလို့တို့ ဆိုတာတွေကတော့ ထားလိုက်ပါ။ တကယ့်ကို အပြင်းအထန် ပူဇော်ကြတာဗျ။ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ နတ်ကိုးကွယ်မှုကတော့ ရိုးရာလုပ်ငန်းကြီး အမှန်ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ စကားလဲ ရှည်သွားပြီ။ ရွာသင်္ကြန်အကြောင်း ဆက်ကြအုံးစို့။ နတ်ကတော်ဟာသလေး ဖတ်ချင်ရင် အရင်ကရေးထားတဲ့ နတ်ကတော်ဒေါ်စော ပို့စ်မှာ ဖတ်ပါ။
.
သင်္ကြန်အကျနေ့မှာတော့ ရွာဦးကျောင်းမှာ ဥပုဒ်သီလ ဆောက်တည်ကြပါတယ်။ လူကြီးတွေက ဥပုဒ်သီလ ဆောက်တည်၊ လူငယ်တွေက ကျောင်းတွင်း ဥပုဒ်သီလ ဆောက်တည်။ ညနေပိုင်းမှာတော့ လူငယ်တွေရဲ့ ရေကစား ပျော်ရွှင်ပွဲပေါ့။
.
သင်္ကြန်အကြတ်နေ့ မနက်ပိုင်းမှာတော့ သံဃာတော်များအား အာရုဏ်ဆွမ်းလောင်းလှူပွဲ ကျင်းပပါတယ်။ တစ်ရွာလုံး အိမ်အပြင်လမ်းမပေါ်ထွက်ပြီး ဆွမ်းလောင်းပွဲ လုပ်ကြတာဆိုတော့ ဆွမ်းဟင်း နှင့် သင်္ကြန်မုန့်များအား လှည်းနှင့် သယ်ယူပို့ဆောင်ရသည်အထိ ဖြစ်ပါသည်။ မနက်ပိုင်း ဆွမ်းလောင်းပွဲ ပြီးသွားရင်တော့ ဥပုဒ်သီလ ဆောက်တည်ကြပြန်ပါတယ်။ ညနေပိုင်းမှာတော့ ထုံးစံအတိုင်း လူငယ်များရဲ့ ပျော်ရွှင်စရာ ရေကစားပွဲ။ သင်္ကြန် ပျော်ပွဲရွှင်ပွဲနဲ့ အရက်ဆိုတာ ဒွန်တွဲနေသလို ဖြစ်နေလို့ ရွာမှ တာဝန်ရှိသူများ ဘယ်လောက်ပဲ သင်္ကြန်ရက်အတွင်းမှာ အရက်မရောင်းရ အမိန့်ထုတ်ထုတ် တစ်နေရာရာမှာတော့ အချိန်အမရွေး ရရှိနေတတ်ပါတယ်။ အရင်ရက်တွေထက်စာရင် ပြောင်ပြောင်တင်းတင်းတော့ မသောက်ရဲကြ။ အထိန်းအကွပ်လေး ရှိနေတော့ တော်သေးတယ်လို့ ဆိုရမှာပေါ့။ ရေကစား မဏ္ဍပ်များမှာလည်း အရက်သောက်လာသူ မလာရ လို့ ရေးထားကြတာ တွေ့ရလေရဲ့။
.
သင်္ကြန်အတက်နေ့မှာတော့ ထူးထူးကဲကဲ ပျော်ကြတဲ့ ရက်ပေါ့။ ဥပုဒ်ကျောင်းက အပြန် လူကြီး၊ လူငယ၊် သံဃာတော်များပါ မကျန် ရေကစား ကြတဲ့ ရက်ပေါ့။ ဒီရက်မှာ အထူးခြားဆုံးကတော့ အရင်တုန်းက အုံပုန်းချစ် ဇတ်လမ်းလေးတွေ ထင်ထင်ရှားရှား ပေါ်လာကြတာပါဘဲ။ ဒီနှစ်တော့ ဘယ်သူတော့ စွံသွားပြီ။ ဘယ်သူနဲ့ ဘယ်သူတော့ ကြိုက်သွားကြပြီ ဆိုပြီး သတင်းလေးတွေ ကြားလာရလေရဲ့။ သင်္ကြန်ရက်အတွင်းမှာ မိမိနှစ်သက်ရာ အပျိုလေးတွေ အိမ်မှာ သွားပြီး ရေပက်ဘို့ အခွင့်ကောင်းစောင့်ရင်း နီးစပ်သွားကြတာတွေလဲ အများသား။
.
ရေပက်မှာ ကြောက်လို့ အိမ်တွင်းတစ်နေရာမှာ ပုန်းနေသူ အပျိုအတွက် အောင်သွယ်တော်ရဲ့ စကားနဲ့ ရေ၀င်ပက်ရင်း ရည်းစားစကား ပြောရတဲ့ ဓလေ့ပေါ့လေ။ လူကြီးတွေက ဥပုဒ်ကျောင်းမှာဆိုတော့ အခွင့်ကောင်းပေါ့လေ။ လူမတွေ့အောင် ပုန်းနေတဲ့ နေရာဆိုတော့ အခွင့်သာခိုက်ပေါ့။ ဖလားလေးတဲ့ ရေထည့်၊ ရေမွှေးထည့်၊ ပိတောက်ပန်းလေးတွေ ထည့်ပြီး ၀င်သွား။ ပြန်ထွက်အလာမှာ ၀င်သွားသူပါ ရေစိုလာလို့ကတော့ အခြေအနေ ကောင်းပေါ့။ မိန်းကလေးက နှစ်သက်သဘောကျလို့ ရေဖလားတစ်ဝက်ကို အလောင်းခံပြီး ကျန်တစ်ဝက်ကို ပြန်လည်လောင်းလိုက်လို့လေ။ ရေအပြည့်နဲ့ ခွက်ကို ကိုင်ပြီး ထွက်လာရင်တော့ အခြေအနေ မကောင်း။ မိန်းကလေးက ရေလောင်းမခံ လိုက်ဘူးလေ။ ဓလေ့လေးက သဘောကျစရာတော့ အကောင်းသား။ သင်္ကြန်အတက်နေ့မှာတော့ တစ်နေကုန် ရေကစားကြတာ။
.
နောက်ရက် နှစ်ဆန်းတစ်ရက်နေ့မှာတော့ ဥပုဒ်ကျောင်းကို တစ်ရွာလုံး လူကြီးလူငယ် ဥပုဒ်သီလ ယူကြတာ။ ဒီနေ့မှာ အလှူအတန်း ပြုသူများလည်း ဘုန်းကြီးကျောင်းမှာ အများသား။ အပြိုင်အဆိုင်ပေါ့လေ။ ဥပုဒ်ကျောင်းလာ ဥပုဒ်သည်တွေကို မနက်ပိုင်း ထမင်းကျွေးကြ၊ သံဃာတော်တွေကို ဆွမ်းကပ်ပြီး လှူဖွယ်ပစ္စည်းတွေ လှူကြ၊ ဥပုဒ်တရားယူဘို့ စောင့်နေသူတွေကို လဘက်၊ မုန့်၊ ဆေးလိပ်၊ အချိုရည် ဝေငှရင်း ရှိသမျှလေး ထုတ်ကြွားတဲ့ ပွဲပေါ့လေ။
.
အဖြစ်က ဒီလိုပါ။ မနှစ်က ရွှေဆွဲကြိုး တစ်ကုံး နဲ့ ဆေးလိပ်ဝေတဲ့ လုံမငယ်က ဒီနှစ်တော့ ဆွဲကြိုး နှစ်ကုံးနဲ့။ စီးပွားတက်လာတဲ့ သဘောပေါ့လေ။ ဆေးလိပ်၊ လဘက် ဝေရင်းနဲ့ ဆိုတော့ ရွှေလက်ကောက် ကြွားဘို့ အခွင့်ကောင်းတစ်ခုပေါ့လေ။ ဥပုဒ်လာယူရင်း ဒီအဖြစ်ကလဲ မဖြစ်မနေကို စပ်စုရတဲ့ ရက်ပေါ့လေ။ ဒါမှ မနက်ဖန် အတွက် .. ဟေ့..ဘယ်သူကတော့ ဒီနှစ် လက်ကောက် အသစ်မ၀ယ်ဘူး။ ရွှေဆွဲကြိုးတော့ ပြောင်းသွားတယ်.. ဘာညာပေါ့လေ။ တခြားနေရာမှာတော့ ဒီအဖြစ် ရှိလား မသိဘူး။ ကျနော် မွေးခဲ့တဲ့ မွေးရပ်မြေရွာမှာတော့ ရှိလေရဲ့။ ဓလေ့ပေါ့လေ။
.

ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, February 24, 2010

ဘ၀ဇတ်ခုံ

ငါ့ဇတ် ငါကနေတာ
မီးဝင်မဖျက်ပါနဲ့။
.
ရောသမမွှေ ဖြစ်ဖြစ်
ရိုးရာ ဂီတ ဖြစ်ဖြစ်
ပရိတ်သတ်အကြိုက်
ငါ မက နိုင်ဘူး။
.
နှလုံးသား ဗြန်းဗြန်းကွဲပါစေ
ငါ က,ပြပေးမယ်။
.
ငါ့ ဇတ်ပွဲကို
အော်ပရာ အဖွင့်နဲ့တင်
လှည့်မပြန် ပါနဲ့။
.
ပတ်စာခွာ ဗေထိ အထိ
ခံစားပေးပါ။
.
ရသ လင်္ကာ အပြည့်နဲ့
အနုပညာ မမြောက်ခဲ့ရင်
ဟောဒီဇတ်ပွဲ
ငါ မက,ဘူးဟေ့။
..
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)

Wednesday, February 17, 2010

အလှူ ၊ အထင်မှားခြင်း နှင့် အပျင်းပြေ

အားလုံးမင်္ဂလာပါ။
မင်္ဂလာ တရုတ် နှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သပါတယ်။
မအားလပ်သည်က တစ်ကြောင်း၊ ရုံးပိတ်ရက်ကလေးမှာ အေးအေးဆေးဆေး နေချင်သည်က တစ်ကြောင်း၊ အကြောင်းကြောင်းဖြင့် ဘလော့လေးဘက်ကို လက်ဦးမလှည့်နိုင် ဖြစ်နေပါသည်။ ခင်မင်သူ သူငယ်ချင်း တွေရဲ့ ဘလော့လေးတွေဘက်ကိုလည်း မ၀င်ရောက်ဖြစ်၊ မဖတ်ဖြစ်၊ ကွန်မန့်လေးတွေ မပေးဖြစ်ခဲ့တာ အတော်ကြာပေါ့။ အားလုံးနဲ့ အလှမ်းဝေးသလို ဖြစ်နေလို့ မ၀င်ရောက်ဖြစ်၊ မဖတ်ဖြစ်ခဲ့ရတဲ့ ပို့စ်လေးတွေကို အေးအေးဆေးဆေး အချိန်ပေးပြီး အကြွေးရှင်းရပါအုံးမယ်။ သတင်းကြေငြာသလို အကျဉ်းချုပ်ပြီး အခုရက်ပိုင်း အဖြစ်အပျက်လေးတွေနှင့် လုပ်ဖြစ်ခဲ့တာလေးတွေကို တင်ပြချင်ပါတယ်။
.
သာသနာ့ရောင်ခြည်အဖွဲ့ ဆဌမအကြိမ်မြောက် အလှူတော်
31-01-2010 မှာ သာသနာ့ရောင်ခြည်အဖွဲ့၏ ဆဌမအကြိမ်မြောက် အလှူတော်အား Clementi ကျောင်းတော်တွင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့ပါသည်။ ထူးခြားမှု အဖြစ် ပြီးခဲ့တဲ့ စနေနေ့ (6-2-2010) တွင် မန္တလေးမြို့ရှမ်းဝိုင်းရပ်ဓမ္မာရုံတွင် ကြွရောက်လာသော လေးပြင်လေးရပ်မှ မြတ်စွာဘုရားအမှူးရှိသော ပရိယတ္တိ၊ ပရိပတ္တိဝန်ဆောင် ရဟန်း၊ သာမဏေ အပါး ၆၀၀ ကျော် တို့အား အာရုံဆွမ်း၊ ၀က်သားပိသာ ၃၀ နှင့် အာလူး၊ ပဲတိချဉ်၊ ပုဇွန်ခြောက်ကြော်၊ စားတော်ပဲသုတ်နှင့် ရေနွေးကြမ်း၊ ဆွမ်း ၄၀ ပြည် ဖြင့် သာသနာ့ရောင်ခြည်အဖွဲ့မှ ဆက်ကပ် လှူဒါန်းခဲ့ပါသည်။ အသေးစိတ် စာရင်း၊ မှတ်တမ်းဓါတ်ပုံအား အဖွဲ့ဝင် ကိုထွန်းထွန်းကျော် မန္တလေး မှ email ပို့လျှင် အားလုံးသော အဖွဲ့ဝင်အပေါင်းတို့ ကြည့်ရှု့ သာဓု ခေါ်ဆိုနိုင်ကြပါရန် ပေးပို့ပေးပါမည်။
.
အထင်မှားခြင်း
ရုံးတွင် မြန်မာတစ်ယောက် ကားသမားအဖြစ် အလုပ်ခန့်ထားခြင်း။ ထိုကားသမား အလုပ်စလုပ်ခြင်း လေးရက်မြောက်နေ့မှာ ကိုမျိုး အား ရုံးတွင် တောက်တိုမယ်ရ အလုပ်သမားအဖြစ်ဖြင့် အထင်မှားကာ ထိုသူခိုင်းသမျှ လုပ်ပေးခဲ့ရခြင်း။ ကားရေဆေးပေးခဲ့ခြင်း နှင့် အလုပ်နဲ့ပတ်သက်ပြီး Lecture ပေးသမျှ မညီးမညူ နားထောင်ပေးခဲ့ခြင်း။ ဘယ်နေရာရောက်ရောက် မြန်မာတွေ သခင်စိတ် မပျောက်သေးကြောင်း သိရှိရ၍ ၀မ်းမြောက်စွာ လုပ်ဆောင်ပေးခဲ့ပါသည်။
.
လက်ရှိအခြေအနေ
တရုတ်နှစ်သစ်ကူးအပြီး ရုံးပိတ်ရက်ရှည် မရှိတော့သဖြင့် MC ဖြစ်ဖြစ်၊ Annual Leave ခွင့်ရက်ရှည် ဖြစ်ဖြစ် ယူရန် အကြံရှိနေခြင်း။
.
အပျင်းပြေ
ကိုမျိုး Taxi စီးသည်။ ကားသမား နှင့် ဟိုပြောဒီပြော ပြောနေချိန်တွင် ကားသမားမှ ဘယ်ကွေ့ Left lah.. ဟု အင်္ဂလိပ်လို မေးသည်။ ဘယ်ကွေ့ရမည် ဖြစ်သောကြောင့် Right ဟု ဖြေလိုက်ရာ ကားသမားသည် ညာဘက်လမ်းသို့ ကွေ့ဝင်သွားခြင်း။
.
Comments
Comments ပေးကြမည့် ခင်မင်သူ ဘလော့ဂါ အပေါင်းအား လေးစားစွာ အသိပေး အပ်ပါသည်။ မိမိကိုယ်တိုင် ဖြစ်ခဲ့သည့်၊ ကြုံခဲ့ရသည့် ရယ်စရာ အဖြစ်အပျက်လေးများအား ဝေမျှ တင်ပြပေးရင်း အပျင်းပြေအဖြစ် ရေးသားပေးကြပါလို့ တင်ပြတောင်ခံ အပ်ပါသည်။ :)... အလည်ရောက်ကြောင်းလေး ရယ်စရာ အတွေ့အကြုံလေးနဲ့ အပျင်းပြေ လိုက်ကြရအောင်နော်။ :) ::)
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Monday, January 25, 2010

အောင်စည်ဗျောသံကြားရင်ဖြင့် ပြည်တော်ဝင်မယ်


အခုတလော အလုပ်ကလဲ တနင်္ဂနွေ တစ်ရက်ကိုပါ မအားလပ်ရအောင် လုပ်နေရတာဆိုတော့ ဘလော့လေးနဲ့ နဲနဲအလှမ်းဝေးနေပါတယ်။ တစ်ပတ်လုံးမှ တနင်္ဂနွေတစ်ရက်ဘဲ ပိတ်ရက်ရှိတာ။ အဲဒီ တစ်ရက်ကလေးကိုပါ မအားလပ်ရအောင် လုပ်နေရပြီဆိုတော့ တော်တော်လေးကို ပင်ပန်းတယ်လို့ ပြောရတော့မှာပေါ့။
.
အလုပ်ကလဲ အစိုးရအလုပ်နဲ့ ဆက်နွယ်နေတဲ့ အလုပ်ဆိုတော့ Tender ခြောက်ခု တပြိုင်နက်တည်း တစ်လအတွင်း အချိန်ပေးပြီး အပြီး တင်ရတာဆိုတော့ မလုပ်လို့ကလဲ မဖြစ်။ အားလုံး ၀ိုင်းဝိုင်းဝန်းဝန်းနဲ့ တက်ညီလက်ညီလုပ်နိုင်မှ အချိန်မှီ ပြီးစီးအောင်မြင်တော့မှာဖြစ်လို့ အားလုံး စုပေါင်းပြီး တက်ညီလက်ညီ လုပ်ကြတာ အားရစရာပါ။ အထူးသဖြင့် ရုံးမှာရှိတဲ့ မြန်မာတွေ အားလုံး စည်းစည်းလုံးလုံးနဲ့ စေတနာထား လုပ်ပေးကြတာ အားရ၀မ်းသာ ရှိလှပါတယ်။ မောတယ်လို့ သဘောမထားနိုင်ဘူးလေ။ Tender ခြောက်ခု တင်တဲ့အထဲက အနည်းဆုံး ၂ ခုလောက် အဆင်ပြေတယ်ဆိုရင်ကို လက်ရှိလူအင်အားနဲ့ အခြေမပျက် လည်ပတ်သွားနိုင်မှာမို့ သူဌေးဖြစ်သူကလဲ အားရပါးရ ခိုင်းလိုက်တာလေ။
.
ဘာတွေ Tender တင်နေကြတာလဲလို့ သိချင်ပေလိမ့်မယ်။ ဒီလိုပါ။ ကျွန်တော်တို့ ရုံးက လုပ်ငန်းက အစိုးရက ချပေးတဲ့ လမ်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေ သုံးနှစ်တစ်ကြိမ် Contract ယူပြီး လုပ်တဲ့ လုပ်ငန်းပါ။ စင်ကာပူမှာ ရှိတဲ့ လမ်းအားလုံး၊ တံတားအားလုံး၊ ဆိုင်းဘုတ်အားလုံး နဲ့ Tennel အားလုံး အတွက် Inspection & Repair Works တွေအတွက် Contract ယူပြီး လုပ်ပါတယ်။ လုပ်တတ်ရင် လုပ်တတ်သလောက် အကျိုးအမြတ် ရှိတာမို့ သူဌေးကလဲ တစ်ခုမှ လက်လွတ်မခံဘဲ အားလုံးကို Tender တင်ချင်ပါတယ်။ ယခု လက်ရှိ Contract က လာမည့် မတ်လကုန်မှာ ပြီးမှာမို့ အဲဒီအတွက် အပြီးသတ် လုပ်ဆောင်ရတာအပြင် နောက်ထပ်လာမည့် အတွက်ပါ လုပ်နေရတာဆိုတော့ အားလပ်ရက် မရှိလောက်အောင်ပါဘဲ။
.
လမ်းတွေ Inspection လုပ်ကြပုံလည်း နဲနဲဝေမျှချင်ပါတယ်။ စင်ကာပူ အစိုးရက ငွေကြေးတတ်နိုင်တော့ လမ်းအားလုံးကို Major & Minor ဆိုပြီး နှစ်ခု ခွဲလိုက်ပါတယ်။ နဲနဲ ရှည်တဲ့လမ်းကို Major နဲ့ တိုတဲ့လမ်းကို Minor ပေါ့။ Major လမ်းများကို ၂ ပတ်တစ်ခါ inspection ကားနဲ့ စစ်ပါတယ်။ Minor လမ်းတွေကိုတော့ ၈ ပတ်တစ်ခါ စစ်ပါတယ်။ ကားနဲ့တစ်ယောက်၊ လမ်းလျောက်ရင်းနဲ့ တစ်ယောက် စစ်ရပါတယ်။ လမ်းပေါ်က အဖြူ အ၀ါ လိုင်းလေးတွေ ဆေးမှိန်နေတာ၊ ဆိုင်းဘုတ်လေးတွေ စောင်းနေပြီး ဆေးမှိန်နေတာ၊ လမ်းတွေ မညီမညာ ဖြစ်နေတာတွေ၊ တံတားတွေပေါ်မှာ အပျက်အစီး ဖြစ်နေတာတွေ အပြင် လမ်းနဲ့ ပတ်သက်နေတဲ့ အရာအားလုံးကို စစ်ပြီး တင်ပြရပါတယ်။ အဲဒီ အပျက်အစီးတွေကို အလုပ်သမားအဖွဲ့တွေက တခါတည်း ပြုပြင်ပေးရပါတယ်။ စနစ်တကျ ငွေကြေးအစီအမံအပြင် လုပ်ငန်းပိုင်း အစီအမံပါ အလွန်စနစ်တကျ ရှိလှပါတယ်။ ပြည်သူလူထုက ဒီနားလေးမှာ လမ်းမကောင်းဘူး၊ ငါ့ အိမ်ပေါက်ဝမှာ လမ်းပျက်နေတယ် လာပြီး လုပ်ပေးပါအုံး ဆိုရင်လဲ တာဝန်ရှိသူတွေနဲ့ တိုင်ပင်ပြီး တခါတည်း ပြုပြင်ပေးပါတယ်။
.
ကျွန်တော်တို့ မြန်မာပြည်အနေအထားနဲ့ အလွန်ကို ကွားခြားလှတာ မြင်တွေ့နိုင်ပါတယ်။ မြန်မာပြည်က လမ်းတွေ မကောင်းဘူး။ စင်ကာပူကလမ်းတွေ ကောင်းတယ် ဆိုတာ အခုလို စနစ်တကျ ထိန်းချုပ်မှုနဲ့ စီမံခံ့ခွဲမှု ကောင်းလွန်းလို့ ကွာခြားရတာ ဖြစ်ပါတယ်။ နိုင်ငံ ဧရိယာ ကွာခြားချက်လဲ ပါတာပေါ့လေ။ မြန်မာပြည်မှာက ရန်ကုန်-မန္တလေး လမ်းမကြီး တစ်ခုတည်းနဲ့တင် မိုင် ၄၀၀ ကျော်နေတာကို မြင်တွေ့ရတော့ ပြုပြင်ဘို့ ငွေကြေးအမြောက်အများ လိုအပ်မယ်ဆိုတာလဲ နားလည်ပါတယ်။ ဆိုလိုချင်တာက စင်ကာပူက သေးတယ်။ မြန်မာပြည်က ကျယ်တယ်။ လမ်း ဧရိယာ အဆမတန် ပိုများနေတာဆိုတော့လဲ အလွန်ကြီး ကောင်းမွန်အောင် ပြုပြင်နိုင်ဘို့ နိုင်ငံတော်မှာ ငွေကြေးအမြောက်အများ လိုအပ်ပါလိမ့်မယ်။ အဲဒီအတွက် လမ်းတွေ မကောင်းသေးတာလဲ ဖြစ်နိုင်ပါတယ်။ လမ်းအသုံးပြုခ ငွေကြေးကောက်ခံမှုမှာလည်း မြန်မာပြည်က စင်ကာပူထက် အများကြီး သက်သာတယ်လို့ ထင်ပါတယ်။
.
အခုအလုပ်ကို လုပ်နေတာ လေးနှစ်ကျော်လာပြီဆိုတော့ လမ်းလုပ်ငန်းတွေ စနစ်တကျ နဲ့ ပြုပြင် လုပ်ဆောင်နေတာကို တွေ့မြင်ရတော့ ငါ့ နိုင်ငံမှာ ဒီလိုလေး လုပ်ပေးနိုင်ရင်၊ စီမံပေးနိုင်ရင် အတိုင်းထက်အလွန် ကောင်းမှာ လို့ တမ်းတမိတာ အမှန်ပါ။ ငါတို့ နိုင်ငံက လမ်းတံတားတွေ အခုလို အခြေအနေမျိုးဖြစ်အောင် ပြုပြင်နိုင်တဲ့ ငွေကြေးအလုံအလောက်ရှိရင် စင်ကာပူက အလုပ်သမားတွေကို ခေါ်ပြီး လုပ်ပြချင်လိုက်တဲ့ စိတ်ကလည်း နေ့စဉ်နဲ့ အမျှပါဘဲ။ ငါ့ နိုင်ငံ တိုးတက်ပြီး မိသားစုအတွက် မပူမပင်ရတဲ့ လစာလေး ရနေတယ်ဆိုရင်ဘဲ ငါ့ နိုင်ငံကို ပြန်ပြီး အလုပ် လုပ်ဖြစ်မှာပါ။
.
ငွေကြေးမျက်နှာ တစ်ခုတည်းကြည့်ပြီး မိဝေး၊ ဖဝေး၊ ဆွေမျိုးဝေး ၊ သူငယ်ချင်းဝေး နေတဲ့ အခုလို တခြားတိုင်းပြည်မှာ အလုပ်လုပ်ဘို့ ဆိုတာ မနက်အိပ်ယာနိုးတိုင်း မတွေးချင်တဲ့ အရာတစ်ခုပါ။ ပျော်ရာမှာ မနေရ၊ တော်ရမှာ နေ နေရတဲ့ ဘ၀မှာ အထိုက်အလျောက်လေး စေတနာထား လုပ်နေတယ် ဆိုပေမယ့် တစ်နေ့မှာ မြန်မာနိုင်ငံကို ပြန်ပြီး အခြေချဘို့ နေ့စဉ် အတွေးရှိနေပါတယ်။ ဒီလိုအတွေးနဲ့ နေလာလိုက်တာ ဆယ်စုနှစ်ထဲကို ရောက်လာပါပြီ။ ဘယ်တော့မှ မြန်မာပြည်ပြန်နိုင်မယ်ဆိုတာလည်း မရေရာသေး။
.
ရွှေပြည်တော် ပြန်ဘို့ မျှော်တိုင်းဝေး နေတဲ့ အဖြစ်က ဘယ်တော့မှ လွတ်မယ်ဆိုတာလဲ မသေချာသေး။ "ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ ကို အိမ်ပြန်ပို့ကြပါတော့" ဆိုတဲ့ ဆရာတင်မိုးရဲ့ ကဗျာလေးကို အခါခါ ရွတ်ရင်း နေ့စဉ်နှင့် အမျှ ပြည်တော်ပြန်ဘို့ စိတ်ကူးလေးဘဲ ရှိနေသေးတာ အလွန် ၀မ်းနည်းစရာ ကောင်းလှပါတယ်။
.
ဆေးလိပ်လည်း အလိပ်ပေါင်းများစွာ တိုခဲ့ပြီ။ နေညိုတိုင်းလည်း ရွှေဘိုကို လွမ်းခဲ့ရတာ အကြိမ်ရေ မနည်းတော့။ ငါ့ကိုယ် ငါလဲ အိမ်ပြန်ဘို့ အတွေးဝင်တာ ဆယ်စုနှစ်ရှိခဲ့ပြီ။ လူတိုင်းက အကောင်းဆုံးကို မျှော်လင့်နေကြတာမို့ နိုင်ငံရေးမဟုတ်တဲ့ စကားလေး တစ်ခွန်းလောက် ပြောရင်း နားပါရစေ။ 2010 ပြီးလို့ 2011 က နေညိုချိန်တွေကို အညာက ထနောင်းပင်အောက်မှာ ကွမ်းလေးဝါးရင်း ရေနွေးကြမ်းအိုးလေးနဲ့ အညာလေ ပူပူတွေကို ယပ်ခပ်ပြီး စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်ဘို့ အခွင့်အလမ်း ရောင်ခြည်လေးတော့ မ၀ံ့မရဲ မျှော်လင့်မိပါ၏
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

Friday, January 15, 2010

Monday to Saturday

6.45 am
အိပ်ယာထ
သွားတိုက်
မျက်နှာသစ်
ရေချိုး
အ၀တ်လဲ
ဘုရားရှိခိုး
ရုံးသွား။
....................................
7.00 pm
ရုံးပြန်
အ၀တ်လဲ
သွားတိုက်
ရေချိုး
မိန်းမ ကူ
ညစာစား
ကလေးချီ :)
အိပ်ယာဝင်။
.....................................
ကိုမျိုး ရဲ့ တစ်နေ့တာ အဖြစ်လေး ကဗျာအဖြစ် ပြောင်းထားတာ။ တနင်္ဂနွေ တစ်ရက်ပဲ ရုံးပိတ်တယ်။ မိသားစု နဲ့ နေရတဲ့ အချိန်က အလွန်ကို နည်းပါး ပါတယ်။ ရုံးစောစောသွား.. နောက်ကျမှ အိမ်ပြန်ရောက်။ ရုံးကအလုပ်တွေ ပိတဲ့ ရက်တွေဆို ခဏ နားအုံးမယ် ဆိုပြီး လှဲလိုက်ရင် တခါတည်း အိပ်ပျော်သွားရော။ အင်း လေ.. ငယ်တုန်း..ရွယ်တုန်း ကြိုးစားပြီး ပိုက်ဆံလေး စုထားနိုင်မှ ဆိုတဲ့ စိတ်နဲ့ ပင်ပန်းတယ် မထင်မိပါဘူးလေ။ အခုအချိန် ပင်ပန်းတယ် ထင်ရင် အသက်ကြီးလာရင် ပိုပင်ပန်းမှာလဲ စိုးရိမ်စိတ်ကလေးနဲ့ပေါ့။
...
ကိုမျိုး.. ပိုပြီးတော့ ၀ လာတယ်တဲ့။ လေ့ကျင့်ခန်းလေး ဘာလေး လုပ်ပါအုံးတဲ့။ အိမ်ရောက်ရင် မိန်းမက ပြောရှာတယ်။ အေး..အေး.. လာ.. ပန်းခြံထဲ သမီးလေးနဲ့ ခဏ သွားရအောင် ဆိုပြီး ပန်းခြံထဲလဲ ရောက်ရော မိန်းမ နဲ့ သမီးက အတူကစားနေ။ ကိုမျိုးတို့ကတော့ ပန်းခြံက ခုံလေးတွေမှာ နေရာကောင်းရှာပြီး မှေး တော့တာပါဘဲ။ ၀ိတ်တော့ ကျ တော့မှာ။ 180 ပေါင် ကနေ 190 ထိ :) ။
...
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)