မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, November 11, 2009

ပျင်းနေကြမှာ စိုးလို့ ရောက်တတ်ရာရာလေးနဲ့ ဧည့်ခံပါ၏

သတိမေ့နေကြမှာ စိုးလို့ သတိပေးအုံးမယ်။ ဒီနေ့ 11-11-2009 ( ၁၃၇၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်) နော်။ ဘာနေ့လဲ သိလား။
ဒီနေ့ဟာ အမျိုးသားနေ့။
အမျိုးကို ချစ်ပါ..
ကျွန်ပညာရေးစနစ် ရပ်ဆိုင်းပါ..လို့မြန်မာတစ်မျိုးသားလုံး တောင်းဆိုခဲ့ကြတဲ့ နေ့ပါ။
မြန်မာနိုင်ငံတွင် အမျိုးသားနေ့ဟူ၍ နေ့တစ်နေ့ကို သတ်မှတ်ရန် 1921 ခုနှစ် အောက်တိုဘာ 21 ရက်မှ 24 ရက် (မြန်မာသက္ကရာဇ် ၁၂၈၃ ခုနှစ် သီတင်းကျွတ်လပြည့်ကျော် ၅ ရက်မှ ၈ ရက်အထိ) မန္တလေးမြို့၌ ကျင်းပသော ဂျီစီဘီအေ န၀မအကြိမ်မြောက် ကွန်ဖရင့်တွင် ဆွေးနွေးခဲ့ကြပါသည်။ ဤသို့ဖြင့် မြန်မာတို့၏ မျိုးချစ်စိတ်ဖြင့် ကိုလိုနီပညာရေးအား ဆန့်ကျင်ခဲ့သော မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ကို မြန်မာနိုင်ငံတော်၏ အမျိုးသားနေ့အဖြစ် သတ်မှတ်ရန် ၁၉၂၂ ခုနှစ် ဇွန်လ ၁၇ ရက် (မြန်မာသက္ကရာဇ် ၁၂၈၄ ခုနှစ် နယုန်လပြည့်ကျော် ၈ ရက်) တွင် ရန်ကုန်မြို့ ဂျူဗလီဟော၌ ကျင်းပသော ဂျီစီဘီအေ အထူးကွန်ဖရင့်က ဆုံးဖြတ်ခဲ့ပေသည်။ အမျိုးသားနေ့မှ စတင်ခဲ့သော အမျိုးသား ရေးစိတ်ဓာတ်နှင့် လက္ခဏာများ မပျောက်ပျက်စေခြင်းငှာ နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့ အခမ်းအနားများကို ကျင်းပလေ့ရှိသည်။ (သိမ့်..စီးပွားရေးတက္ကသိုလ်၏ ဆောင်းပါးမှ)။
အမျိုးသားနေ့ ဆိုလို့ အမျိုးသမီးများနေ့လဲ ရှိနေတော့ ထိုနေ့နှစ်ခုကို အမှတ် မမှားစေချင်ပါ။ ဒီနေ့ ကျရောက်တဲ့ အမျိုးသားနေ့ဆိုတာ တစ်မျိုးသားလုံးမှ "မျိုးချစ်စိတ်ဖြင့် နိုင်ငံတည်တာ..မြန်မာ" လို့ ဂုဏ်ယူဝင့် ကြွားခဲ့ကြတဲ့နေ့ပါ။
"ဦးလေး.. ရန်ကုန်ရောက်တုန်းလေး အမျိုးသားပြတိုက်ကို သွားလေ့လာရအောင်..
"အာ..မင်းဟာကလဲ.. အမျိုးသမီးပြတိုက်ဆို တော်သေးကွယ်.. တဲ့...အညာလေသံနဲ့ ကျနော့်ဦးလေး ရန်ကုန်ရောက်တုန်း ပြောခဲ့တာကို မှတ်မိနေပါသေးတယ်။
"ဒီမှာ ငါ့တူ.. ဒီ ဘုရင့်နောင် အရုပ်ကြီး လက်ပိုက်ပြီး ဟိုဘက်ငေးနေတာ ဘာဖြစ်လို့လဲ သိလားတဲ့... အမျိုးသားပြတိုက် ရှေ့မှာ ရပ်နေတဲ့ ဘုရင်နောင်ရုပ်ထုကြီးကို ကြည့်ပြီး ကျနော့်ကို မေးပါတယ်..
"ဘယ်သိမှာလဲ ဦးလေး ရဲ့...
"မှတ်ထားကွ... ဟိုဘက်ကို လက်ပိုက်ပြီး ငေးနေတာ..အဲဒီဘက်က ဘီယာဆိုင် ရှိလို့ကွ တဲ့...
"ဒီမှာ ငါ့တူ.. ဒီ လှည်းရယ်..နွားရုပ်ကြီးနဲ့ နွားစာခွက် ရယ်..ကောက်ရိုးတွေရယ်ကို ဘာဖြစ်လို့ ဒီမှာ တကူးတက ပြထားတာလဲ သိလားတဲ့..
"ဘယ်သိမှာလဲ ဦးလေးရဲ့..
"မသိရင်မှတ်ထား...စားစရာမရှိရင် ဒီကောက်ရိုးတွေကို လာတဲ့သူတွေကို ကျွေးလို့ရအောင် ပြထားတာတဲ့။
.......
အဲဒီ ဦးလေးပေါ့ဗျာ.. ရွှေတိဂုံဘုရားကို ရွာက လူတွေနဲ့ လူလည်လုပ်ပြီး ဘုရားဖူးလိုက်ပို့တာ။ ဘုရားအ၀င်ဝလဲ ရောက်ရော.... ဘုရားအ၀င်ဝမှာ "ဖိနပ်မစီးရပါ။ အိတ်ဖြင့် သယ်ယူပါ" လို့ ရေးထားတာကို ဖတ်ပြီး...
"ဟ.. နေကြအုံးဟ... ဖိနပ်ကို ကျွတ်ကျွတ်အိတ်နဲ့ သယ်ရမယ်တဲ့..ဒီအတိုင်းသယ်ယူလို့ မရဘူးတဲ့..ငါလဲ..ပလတ်စတစ်အိတ်မေ့နေရစ်တယ်.. ဘုရားပေါ်မတက်ကြနဲ့အုံး... ငါတည်းခိုတဲ့ ဘုန်းကြီးကျောင်းပြန်ပြီး အိတ်ယူလိုက်အုံးမယ်... ဆိုပြီး ရွာကလူတွေကို ဘုရားဝမှာ ထားခဲ့တာလေ။ ကျနော်တို့ ရွာကလူတွေကလဲ တကယ်ကို ဦးလေးပြန်လာတဲ့ အထိ စောင့်နေကြတာ။ ဦးလေးတို့က အဲဒီလို လူလည်တာ။
ဘုရားဖူးအပြီး ထမင်းစာလို့ ထမင်းစာကြမယ်ဆိုတော့... ထမင်းကို ဘုန်းကြီးကျောင်းရောက်မှ စားကြဘို့.. စားချင်တာကို ၀ယ်ခဲ့ကြဘို့ သူက ပြောပါတယ်..
"အကိုကြီး..ထမင်း အ၀စားမှာလား..ဘာနဲ့ စားမှာလဲ..
"အေး..ဒီကနေ ထမင်းငါးပွဲ ၀ယ်သွားမယ်.. စားတာကတော့ လက်နဲ့ စားမယ်..
"အိုကေ.. ဆိုပြီး စားပွဲထိုးက အော်ရင်း လှမ်းမှာတယ်..
"ဒီမှာ.. ထမင်း ပါဆယ် ငါးပွဲရှိတယ် ဟေ့..
"အာ... ပါဆယ်တွေ ဘာတွေလုပ်မနေနဲ့... ကျွတ်ကျွတ်အိတ်နဲ့သာ ထည့်လိုက်။
.....
အညာဒေသအကြောင်းတွေ မအားသေးလို့ မတင်ဖြစ်သေးခင် ဟိုရောက်ဒီရောက်နဲ့ တင်လိုက်တဲ့ပို့စ်ပါ။ လာလည်တဲ့သူတွေ ပျင်းနေမှာစိုးလို့ ရှိတာလေးနဲ့ ဧည့်ခံထားတာပါ။
.....
ခင်မင်စွာဖြင့်
ကိုမျိုး