မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, November 1, 2009

တန်ဆောင်တိုင် နဲ့ အညာကို လွမ်းတယ်

အခုတလော တစ်ယောက်တည်း အလုပ်တွေ ရှုပ်နေတာနဲ့ မနေ့က ဘာနေ့မှန်းကို မသိလိုက်ရဘူး။ သူငယ်ချင်း တစ်ယောက်ဆီမှ ဖုန်း Message ၀င်လာတော့မှ တန်ဆောင်မုန်းလပြည့်ဆိုတာ သိရတော့တယ်။ ငယ်ငယ်တုန်းက ရွာမှာ ဆိုရင်တော့ အခုလို တန်ဆောင်မုန်းလပြည့်ဆိုတာ ပျော်စရာ ညတစ်ခုပေါ့။ ဒီမှာတော့ တခါတလေ အခါကြီး ရက်ကြီးတွေ မေ့နေတယ်။ သတိလေးကပ်ပြီးထားမှ သိရတော့တာ။ ဒီလောက်တောင်ပဲလား ကိုမျိုးရယ် လို့ ထင်နေကြမယ်လားတော့ မသိဘူး။ တခါတလေမှာ တကယ်ကို မေ့နေတာပါ။အခုတော့ တန်ဆောင်းမုန်းလပြည့်ည ဆိုတာ ငယ်ငယ်တုန်းက ပျော်စရာတွေနဲ့ ပြည့်နေတဲ့ မွေးရပ်မြေရွာကို သတိရရင်း ဒီပို့စ်လေးကို ရေးလိုက်တာပါ။
အညာဒေသဖြစ်ပေမယ့် အခုလို လပြည့်ညဆိုရင် အအေးဓာတ်ကလေး အနည်းငယ် ၀င်စ ပြုနေပြီဆိုတော့ အရမ်းကို နေလို့ ကောင်းတဲ့ လ တစ်ခုပါ။ တခြား ဒေသတွေရဲ့ တန်ဆောင်မုန်းလပြည့်ညကိုတော့ မရောက်ဘူးတော့ အသေအချာ မသိပါဘူး။ ကျနော် ကြီးပြင်းခဲ့ရတဲ့ ကျနော် ရဲ့ မွေးရပ်မြေအညာကတော့ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပါပဲ။ တန်ဆောင်မုန်းလပြည့်ညဆိုတာ အခုလို ပျော်စရာတွေအပြည့်နဲ့ ရပ်ရွာရဲ့ဓလေ့ ကို အပြည့်အ၀ ခံစားရတော့တာပါပဲ။
................
တန်ဆောင်မုန်းလ ကထိန်ပွဲ
တန်ဆောင်မုန်းလ ရောက်ပြီဆိုတာနဲ့ ကျနော်တို့ရွာမှာ ကထိန်ပွဲနှစ်ပွဲ အပြိုင်အဆိုင် ပြုလုပ်ကြတော့တာပဲ။ ရွာဦးကျောင်း အတွက် ရယ်.. ရွာ၏တောင်ဘက်တွင် ရှိသော ရွာတောင်ကျောင်း အတွက်ရယ်ပေါ့။ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်မှသည် တန်ဆောင်မုန်းလပြည့်ည အထိ ကထိန်သင်္ကန်း ကပ်လှူခြင်း၊ ကထိန်ခင်းခြင်း ကုသိုလ်ကို ပြုလုပ်ကြပါသည်။ နောက်နှစ် ကထိန်အလှူရှင် အတွက် ဒီနှစ်ကတည်းက စာရင်းပေးကြရပြီး အလှူရှင်စာရင်း များနေပါက မဲနှိုက်ခြင်းဖြင့် ကထိန်အလှူရှင်ကို ရွေးကြပါသည်။ ဒီနှစ်တော့ ကထိန်ပွဲ အလှူရှင် ဖြစ်ရပါလို၏ လို့ ဆုတောင်းကြရသည်အထိ ပါပဲ။ မဲမပေါက်သူ ကထိန်အလှူရှင်များမှလည်း ၀မ်းနည်းစရာမလို။ ဆရာတော်ဘုရား၏ အစီအစဉ်ဖြင့် စုပေါင်းဘုံကထိန်ပွဲ တစ်ပွဲ ထပ်မံ ဆင်နွှဲလို့ရကြပါသေးသည်။ ကုသိုလ်ရေးမို့ လက်မနှေးဘဲ မိမိတတ်နိုင်သမျှဖြင့် တစ်ဦးတည်း အလှူရှင်အပြင် ရွာဘုံကထိန်ပွဲကိုလည်း ဆင်နွှဲကြပါသေးသည်။
..........
ကထိန်မီးပုံးပျံပွဲ
သီတင်းကျွတ်လို့ သီတင်းကျွတ် မီးပုံးပျံပွဲ ဆင်နွှဲအပြီး ကထိန်မီးပုံးပျံပွဲ ထပ်မံ ဆင်နွှဲကြပါသေးသည်။ ကျနော်တို့ ရွာရဲ့ ဓလေ့တစ်ခုပေါ့။ မီးပုံးပျံကို ရိုးရိုးမြင်နေကြ ပုံစံအတိုင်း မချိုးပဲ အရုပ်ပုံစံလေးတွေ ပြုလုပ်ပြီး မီးပုံးပျံလွှတ်ကြပါသည်။ အဲဒီ မီးပုံးပျံတွေဝယ်လာကြတာလား။ မဟုတ်ပါ။ ရွာမှာ မီးပုံပျံကို ပုံစံတကျ၊ စနစ်တကျ ဖြင့် အချိုးကျကျ ပြုလုပ်တတ်သူ များစွာရှိနေပြီး မီးပုံပျံအတွက် လိုအပ်သည်များမှ အပ ၀ယ်စရာမလိုပါ။ ကိုယ်တိုင်ပြုလုပ်ကြပြီး မီးပုံပျံပွဲ ပြုလုပ်ကြခြင်းဖြစ်ပါသည်။
ကျနော် ငယ်ငယ် တစ်နှစ်တုန်းက မီးပုံးပျံကို ဆင်ရုပ်ကြီးပြုလုပ်ပြီး လပြည့်ည မတိုင်ခင် ရွာလယ်လမ်းအတိုင်း လိုက်လံပြသကြသည်ကို အခုထိ မြင်ယောင်နေမိပါ သေးသည်။ အဲဒီ ဆင်ရုပ်မီပုံးပျံကြီးကို ရွာလယ်ဘုရားဝန်းအတွင်းမှ လပြည့်ညတွင် လွှတ်တင်ကြပါသည်။ မည်သို့ အချိုးမကျ ဖြစ်ပြီး အဆင်မပြေဖြစ်ကြသည်ကို မမှတ်မိတော့။ အဲဒီ လပြည့်ညက တစ်ရွာလုံး မအိပ်နိုင်ကြ။ ဆင်ရုပ်မီးပုံးပျံကြီးသည် အပေါ်သို့ မတက်ဘဲ ခပ်နိမ့်နိမ့်ဖြင့် ပျံတက်ကာ ရွာအပေါ်ကို ပတ်ပြီး ပျံသန်းနေပါတော့သည်။ တစ်ရွာလုံး မိမိအိမ်အတွင်းမှ နေပြီး ဆင်ရုပ်မီးပုံပျံကြီး မြေပေါ်သို့ ကျသည်အထိ စောင့်နေကြရပါတော့သည်။ ရွာလယ်ဘုရားဝန်း အတွင်းမှ အသံချက်စက်ဖြင့် တစ်ချိန်လုံ အော်ဟစ်ပြီး အသိပေးနေရပါသည်။ မတော်တဆ မိမိအိမ်ပေါ်သို့ မီးပုံးပျံကြီး ကျလာပါက ၀ိုင်းဝန်းပြီး မီးညိမ်းသတ်နိုင်ရန် အဆင်သင့်ဖြစ်နေရန် နှိုးဆော်နေသံကို အခုအချိန်အထိ နားထဲမှ မထွက်။ တော်ပါသေးရဲ့နော်။ ကျနော်တို့ရွာသားတွေ မီးပုံးပျံ အချိုးကောင်းပုံကတော့ တစ်ရွာလုံး ပြာကျတော့မလို့။
..............
မယ်ဇလီဖူးသုပ်
တန်ဆောင်မုန်းလပြည့်ည ၁၂ နာရီအချိန်တွင် လမင်း၏အလင်းရောင်အပြည့်အ၀ဖြင့် ထွန်းလင်းတောက်ပပြီး ဆေးပေါင်းခတဲ့ညလို့ အဆိုရှိခဲ့သေးတာကိုး။ ၁၂ လရာသီ လပြည့်ညများတွင် တန်ဆောင်မုန်းလပြည့်ညသည် အထွန်းလင်း..အတောက်ပဆုံးလို့ အဆိုရှိခဲ့ကြတာ။ ကျနော်တို့ရွာမှာတော့ မယ်ဇလီဖူးသုပ်ကို မိသားစု စုံစုံညီညီဖြင့် လမင်းကြီးကိုကြည့်ပြီး စားကြတာ ဓလေ့တစ်ခုပါ။ မယ်ဇလီပင်ဆိုတာလဲ ပေါမှပေါ။ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်း၊ စာသင်းကျောင်းဝန်းအတွင်း အပြင် အိမ်ခြံစည်းရိုးမှာလဲ မယ်ဇလီပင်တွေ အပြည့်။ မယ်ဇလီဖူးဆိုတာ တစ်ရွာလုံးအတွက် ဖူလုံပြီးသား။ မိမိအိမ်မှ မယ်ဇလီဖူးသုတ်ကို ဘုန်းတော်ကြီးကျောင်းအတွက် အရင်လှူဒါန်းကြပြီး နီးစပ်ရာ အိမ်တွေကိုလဲ တစ်အိမ်တက်ဆင်း အပြန်အလှန် ဝေမျှကြတာ တကယ့်ကို ချစ်စရာဓလေ့လေး တစ်ခုပါပဲ။ အခုတော့ မယ်ဇလီဖူးသုပ်နဲ့ ဝေးနေတာ ဆယ်နှစ်နီးပါး ရှိပါပြီ။ နှစ်တိုင်း သတိရနေတာကလွဲလို့ မစားရသေးပါ။
....................
ဇီးဖြူသီးပေါက်ပွဲ
ထူးထူးဆန်းဆန်း ကိုမျိုးရယ်လို့ ဆိုနေမှာလား။ တန်ဆောင်မုန်းလပြည့်ည ဆိုရင် ကျနော်တို့ ရွာမှာ ဇီးဖြူသီးပေါက်ပွဲ ပြုလုပ်ကြပါသေးသည်။ မနေ့က အမေ့ဆီ ဖုန်းဆက်တော့..အမေ ရေ..အမေ့.. ကျနော်တို့ အိမ်ကို ဘယ်သူတွေ ဇီးဖြူးသီးပေါက်ပွဲ လာလုပ်သွားသေးလဲ အမေ..လို့ မေးလိုက်တော့.. ငါ့သားရယ်..
ဘယ်သူတွေမှန်းကို အမေလဲ အသေအချာ မသိလိုက်ပါဘူး။ လာတဲ့သူတွေကို မယ်ဇလီးဖူးသုပ် ကျွေးနေတာနဲ့ ဘယ်အဖွဲ့တွေလဲ သေချာမသိလိုက်ဘူး။ လာတာကတော့ အများကြီးပဲ။
ဇီးဖြူသီးဆိုတာလဲ ကျနော်တို့ရွာမှာ အပေါသား။ ဘယ်လိုသဘောလဲတော့ အသေအချာ မသိ။ ရှိသမျှ ဇီးဖြူပင်တွေကလဲ ဒီရက်ရောက်ရင် သီးလိုက်ကြတာ။ အိမ်တိုင်းမှာ ဇီးဖြူသီးဆောင်ထားကြတာ။ ဇီးဖြူသီးဖြင့် မိမိခင်မင်ရာ၊ သူငယ်ချင်း ဆွေမျိုးများ၏ အိမ်ကို လမ်းပေါ်မှနေပြီး ပေါက်ကြတဲ့ပွဲ။ ဇီးဖြူသီး လေးငါး ဆယ်လုံးလောက် လက်ထဲကိုင်ပြီး အိမ်ကို လမ်းပေါ်မှနေပြီး ပေါက်ကြတာ။ အယူအဆကတော့ တန်ဆောင်မုန်းလပြည့်ညမှာ မိမိအိမ်ကို ဇီဖြူးသီးဖြင့် အပေါက်ခံရပါက မီးဘေးကင်းခြင်း၊ စီးပွားလာဘ်လာဘ ပေါများကြွယ်ဝခြင်း၊ အိမ်သူအိမ်သားတွေ ဘေးအန္တရာယ်ကင်းခြင်း၊ စိတ်ချမ်းသာခြင်း၊ ရန်သူမျိုးငါးပါး ကင်းရှင်းခြင်း အစရှိသည့် ကောင်းကျိုးချမ်းသာများ ရရှိစေခြင်းလို့ ခံယူထားကြတာ။ များများအပေါက်ခံရလေလေ ကောင်းကျိုးချမ်းသာ များများရလေလေ လို့ ယုံကြည်မှုအစွဲကလဲ ရှိနေပြီသား ဆိုတော့... မိမိအိမ်ကို မိမိကိုယ်တိုင် ဇီးဖြူသီးဖြင့် ပေါက်သည့်အပြင် အများသူငှာ လာရောက်ပေါက်နိုင်ရန်လဲ မယ်ဇလီဖူးသုပ်များဖြင့် တည်ခင်းဧည့်ခံခြင်းကို ပြုလုပ်ကြပါသည်။ အဲဒီ အယူအဆအစွဲက အခုအချိန်အထိ တစ်ရွာလုံး ယုံယုံကြည်ကြည်ဖြင့် ပြုလုပ်နေကြဆဲပါ။
ကျနော်ကိုယ်တိုင်တောင်မှ မနေ့က စင်ကာပူမှာ City Hall မြန်မာဆိုင်မှ ဇီးဖြူသီး ကိုးလုံးဝယ်လာပြီး အိမ်ကို ဘယ်သူမှ မသိအောင် တိတ်တိတ်ကလေး ပေါက်ခဲ့သေးတာ။ မယ်ဇလီဖူးသုပ်တော့ မစားခဲ့ရ။
.....................
တန်ဆောင်တိုင် ဘုရားပင့်
တန်ဆောင်မုန်း လပြည့်ညမှာ ဘုန်းတော်ကြီးကျောင်းဝန်း အတွင်းမှ ဘုရားကိုယ်တော်တစ်ဆူအား ဆရာတော်ဘုရားဖြင့် တိုင်ပင်ပြီး ပင့်ကာ သဒ္ဓါတရား နှင့် အလှူအတန်းရက်ရောသူ အိမ်ပေါက်ဝသို့ လပြည့်ညမှာ ထားခဲ့ကြတဲ့ ဘုရားပင့်ပါ။ မနက်မိုးလင်းလို့ မိမိအိမ်ပေါက်ဝမှာ ဘုရားကိုယ်တော် ရောက်ရှိနေပါက အိမ်ထဲသို့ပင့်ဆောင်ပြီး ဆွမ်း၊ ဆီမီး၊ ရေချမ်း နှင့် ပန်းများ ကပ်လှူမှု ပြုလုပ်ကြပါတယ်။ မနက်မိုးလင်းတာနဲ့ တစ်ရွာလုံးက ဒီသတင်းကို စောင့်နေကြတာ။ ဒီနှစ်တော့ ဘယ်သူအိမ်မှာ တန်ဆောင်တိုင် ဘုရားကြွလာမလဲ ဆိုတာ စောင့်နေကြတာ။ ဘုရားကိုယ်တော်လေး အိမ်ပေါက်ဝမှာ ရောက်နေတဲ့အိမ်ကတော့ ဒီနှစ် ဘုရားကိုယ်တော်မြတ် ငါတို့အိမ်ကို ကြွလာတယ် ဆိုပြီး ၀မ်းသာအားရ ပြောကြတော့တာ။ ဒီနှစ်တော့ အလှူကြီးပေးရတော့မှာ ဆိုပြီး တစ်နှစ်ပတ်လုံး ၀မ်းသာအားရဖြင့် ကုသိုလ်စိတ်ဖြစ်ကြတော့တာ။ အဲဒီ ဘုရားကိုယ်တော်မြတ်အား မိမိအိမ်ထဲသို့ ပင့်ဆောင်ပြီး ခုနှစ်ရက်တိတိ အပူဇော်ခံပြီး တစ်ရွာလုံး ကလေးလူကြီး မကျန် ဘုရားဖူးလာကြတာ။ လာသမျှ ဘုရားဖူးများကိုလည်း မုန့်ပဲ သရေစာဖြင့် တည်ခင်း၊ သံဃာတော်များကိုလည်း ဆွမ်းကပ်ခြင်းများ မိမိအိမ်မှာပင် ပြုလုပ်ကြပါသည်။
ခုနှစ်ရက်မြောက်နေ့ညနေမှာ ဘုရားအား ဘုန်းတော်ကြီးကျောင်းသို့ပြန်လည် ပို့ဆောင်ခြင်းကိုလည်း တစ်ရွာလုံး အတန်းလိုက် ဆီမီးကိုယ်စီဖြင့် ပြန်လည် ပို့ဆောင်ကြပါသည်။ မှတ်မှတ်ရရ ကျနော် ၇ တန်းနှစ်က ကျနော်တို့ အိမ်သို့ ဘုရားကြွတော်မူလာပြီး တန်ဆောင်တိုင် ဘုရားပွဲ ပြုလုပ်ခြင်းကို မှတ်မိနေပါသေးသည်။
....................
တန်ဆောင်တိုင်ည အပျော်သူခိုးပွဲ
တန်ဆောင်မုန်းလပြည့်ညဆိုလျှင် တစ်ရွာလုံးမှ လူငယ်များ ကိုယ့်အုပ်စုနဲ့ကိုယ် အပျော်သူခိုးပွဲ ပြုလုပ်ကြပါသည်။ ဥပမာ..ကျနော့်အမေဆိုလျှင် လူငယ်များ မိမိအိမ်သို့လာပြီး ခိုးဖြစ်အောင် ထမင်း နှင့် ဟင်းများကို သေချာ ချက်ပြီး မီးဖိုချောင်ထဲတွင် အပေါက်မပိတ်ဘဲ ထားရှိပါသည်။ လူငယ်များ အပျော်သဘောဖြင့် အိမ်ရှင်မသိအောင် လာရောက်ကြပြီး ထမင်း ဟင်းများကို အားရပါးရ စားကြပါသည်။ ကျနော်မှတ်မိသလောက် အမေဆို အဲဒီညအတွက် အယောက် ၂၀ စာလောက် ချက်ပြုတ်ပြီး မီးဖိုချောင်ထဲတွင် ထားရှိပါသည်။ မနက်မိုးလင်းလို့ ကြည့်လိုက်တော့ အားလုံးသော အစားအသောက်တွေ ပြောင်သလင်းခါ နေအောင် စားသွားကြတာ။ အဲဒီ ဓလေ့လေးကတော့ အခုထိ ပြုလုပ်နေဆဲလို့ အမေ့ ဆီကနေ သိရပါတယ်။ အဲဒီလိုအိမ်တွေဆိုတာလဲ တစ်ရွာလုံးနီးပါး ဘယ်အိမ်ဝင်စားစား စားလို့ရအောင် တကူးတက စီမံချက်ပြုတ်ထားကြတာ။ တကယ့်ကို ချစ်စရာ အညာဒေသ ရဲ့ ဓလေ့လေးမို့ ဘယ်တော့မှ မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ပါစေလို့ အမြဲဆန္ဒပြုနေတာ။ ဒီနှစ်လဲ အမေ့ကို မေးလိုက်တော့ လုပ်ကြတယ်ဆိုလို့ ၀မ်းသာလိုက်တာ ပြောစရာမရှိတော့။
..........................
သာမညဖလ အခါတော်နေ့ ( ဦးကြိုင်မြင့် (ဆူးလေ)) ရဲ့
2.11.2009 ထုတ် မြန်မာ့အလင်း သတင်းစာ စာမျက်နှာ ၁၀ ပါ ဆောင်ပါးလေးကို ဝေမျှလိုက်ပါတယ်။

ဂေါတမ ဘုရားရှင် လက်ထက်တော် အခါက တန်ဆောင်မုန်းလပြည့်ညတွင် အဇာတသတ်မင်းသည် မှူမတ်ပေါင်း စုံလင်စွာဖြင့် ညီလာခံသဘင်ဆင်ယင်ကျင်းပသည်။ ထိုအချိန်တွင် မိုးကောင်းကင်တစ်ပြင်လုံး ဆီးနှင်းမြူတိမ် သူရန်မီးခိုး ညစ်မျိုးငါးဝ ကင်းစင်ပပြီး ကြည်နူးသာယာဖွယ်ကောင်းသည့် တန်ဆောင်မုန်းလပြည့်ည၏ အလှအပကို အဇာတသတ်မင်းက ခံစားမိကာ...
ရမဏီယာ ၀တ = မွေ့လျော်ဖွယ်ကောင်းသော ညပါတကား။
အဘိရူပါ ၀တ = အလွန်လှပသော ညပါတကား။
ဒသနီယာ ၀တ = ရှုဖွယ်ကောင်းသော ညပါတကား။
ပါသာဒိတာ ၀တ = ကြည်လင်ရွှန်းပသော ညပါတကား။
လကညာဝတ = မေ့မရနိုင်သော ညပါတကား ဟူသော စကားငါးခွန်းဖြင့် မိမိ၏ခံစားမှုကို ထုတ်ဖော်ချီးကျူးခံသည်။ အဇာတသတ်မင်းသည် ငယ်ရွယ်စဉ်က ဒေ၀ဒတ်ကို ဆရာတင်ခဲ့မိပြီး ဖခင်ဗိမ္ဗိသာရမင်းကြီးကို သတ်မိသည့် အကုသိုလ်ကံ အကျိုးပေးကြောင့် ကံကြီးထိုက်ပြီး အလွန်ကြည်နူးဖွယ်ကောင်းသည့် တန်ဆောင်မုန်းလပြည့်ည၏ အလှအပကို မခံစားနိုင်၊ အိပ်မပျော်နိုင်သည့် ဝေဒနာဆိုးကြီးကို ခံစားနေရသည်။ ယင်းဝေဒနာကိုကုစားရန် အမတ်ကြီးများ၏ အကြံပြုချက်အရ တိတ္ထိဆရာကြီးခြောက်ဦးတို့ထံ သွားရောက်ပြီး ရဟန်းပြုခြင်း၏ အကျိုး (သာမညဖလ) ကို စုံစမ်းမေးမြန်းရာ ကျေနပ်လောက်သော အဖြေမရခဲ့ပါ။ နောက်ဆုံး ဆရာဇီဝက၏ ကျေးဇူးကြောင့် ရာဇဂြိုလ်မြို့အနီး ဆရာဇီဝက လှူထားသော သရက်ခြံဥယျာဉ်တွင် သီတင်းသုံးလျက်ရှိသည့် မြတ်စွာဘုရားထံ ဖူးတွေ့ခွင့်ရပြီး မြတ်စွာဘုရား၏တရားတော်ကို နားကြားရမှသာ ရဟန်းပြုရခြင်းအကျိုး သာမညဖလကို သိရှိရပြီး ကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။
တန်ဆောင်မုန်းလပြည့်နေ့ည အဇာတသတ်မင်းသား မြတ်စွာဘုရားရှိရာ ကျောင်းတော်သို့ သွားသည့်အခါ ရာဇဂြိုလ်မြို့ အရှေ့ဘက်ရှိတောရိပ် တောင်ရိပ်တို့က အမှောင်ထုကို ဖုံးလွှမ်းနေသဖြင့် မီးရှူးတိုင်များကို လူတိုင်းကိုယ်စီ ကိုင်ဆောင်သွားကြရသည်။ ရှေးကာလက ဆီမီးရောင်ကို တန်ဆောင်ဟု ခေါ်ဆိုပြီး တိုင်ထိပ်ဖျားတွင်တင်ကာ ထွန်းညှိရသည့် အတွက် ဆီမီးတိုင်ကို တန်ဆောင်တိုင်ဟုခေါ်ဆို ခဲ့ကြသည်။
အဇာတသတ်မင်းနှင့် နောက်ပါပရိတ်သတ်များ မြတ်စွာဘုရားထံ အဖူးမြော်သွားစဉ်က နန်းတော်မြို့ရိုးအရှေ့ဘက် မျက်နှာတံခါးမှထွက်ပြီး အရှေ့ဘက်ရှိ တောရိပ်နှင့် သစ်ပင်များက လူသွားလမ်းပေါ်သို့ ကျရောက်ပြီး အမှောင်ဖုံးနေသည်။ ထို့ကြောင့် လိုက်ပါသူအားလုံး မီးရှူးမီးတိုင် ကိုယ်စီကိုယ်င ထွန်းညှိသွားကြရသည်။ တန်ဆောင်တိုင်မီးများ ထွန်းညှိသွားသည့် ထုံးကို နှလုံးမူကာ ဗုဒ္ဓဘာသာဝင်များက ရှေ့ခေတ်သုံး ပေါရာဏအခေါ်အားဖြင့် တန်ဆောင် (တန်ဆောင်တိုင်) ဟု ခေါ်ပါသည်။ သို့ဖြစ်၍ တန်ဆောင်မုန်းလတွင် တန်ဆောင်တိုင်မီးများ ထွန်းညှိပူဇော်ကြခြင်းဖြစ်သည်။ အပြည့်အစုံ မြန်မာအလင်းသတင်းစာအား ဒီနေရာမှာ ရယူနိုင်ပါသည်။

ကျေးဇူးတင်လေးစားစွာဖြင့်
အညာမြေမှ ကိုမျိုး

9 comments:

မိုးမောင် said...

ချစ်စရာအညာဓလေ့လေးတွေ ဖတ်ရင်း.. မြန်မာပြည်ကို တော်တော်လေးသတိရမိတယ် အကိုရေ။ ကျနော်တို့ရှိမှာတော့ ဇီးဖြူသီးပေါက်တာမရှိဘူး။

အကို့ပိုစ့်လေးဖတ်ပြီး သူခိုးကြီးညသောင်းကျန်းခဲ့တာလေးတွေ ပြန်အမှတ်ရမိတယ်။ အတိတ်ဆိုပေမယ့် တကယ့်နစ်နစ်စူးစူး ပျော်ခဲ့ရတဲ့ အချိန်တွေပေါ့ဗျာ။

ခင်မင်လျက်...

နွေးနေခြည် said...

ပျော်စရာ ဓလေ့လေးတွေပဲ..
ဆက်လက်ထိန်သိမ်းထားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ခရေညို said...

ကိုမျိုး တို့ကတော့ အညာကိုပို သတိရအောင် လုပ်ချလိုက်ပြန်ပြီ:))
မယ်ဇလီ ဖူး သုပ်ကို စားချင်လိုက်တာနော်။
ကိုမျိုး တို့ဒေသမှာ လုပ်တာတွေနဲ့
ခရေညို တို့ဆီမှာ လုပ်တာတွေအားလုံးတူတယ် ဇီးဖြူးသီးပေါက်ပွဲကလွဲရင်ပေါ့။

ကိုရင်နော်ခင်လေးငယ် said...

ကိုမျိုးရေ..
ချစ်စရာကောင်းတဲ့ အညာဓလေ့လေးတွေကို ဖတ်ရ၊ သိရတာ ပြုံးပျော်စရာ ကောင်းလိုက်တာ..
ကြုံရင်တော့ ကိုမျိုးတို့ ရွာကို လိုက်လည်ပြီး လက်တွေ့ လေ့လာ ဆင်နွှဲချင်သေးတယ်..
ဇီးဖြူသီးပေါက်ပွဲကတော့ ပိုပျော်စရာ ကောင်းမယ်နော်.. (ချစ်စရာဓလေ့လေးပါပဲ)
ကြိုပြောတာ မဟုတ်ဘူး လိုမှန်းသိရင် ကိုမိုးမောင်နဲ့ ကျနော် ကိုမျိုး အခန်းကို ဇီးဖြူသီးနဲ့ လာပေါက်ပေးပါတယ်..း)

စာလေးတွေ ညီညာလှပ သပ်ရပ်နေတာ ကြည့်လို့ကောင်းလိုက်တာ.. (ဖတ်ချင်စိတ်တွေ တဖွားဖွားး)

ခင်မင်လေးစားချစ်ခြင်းအားဖြင့်
ကိုရင်နော်

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ
မြန်မာရိုးရာဓလေ့တွေကိုဖတ်ရတာ တကယ်ကို ကောင်းတာပဲ။ ကျွန်မ အဲဒီလိုနေရာမျိုးတွေကို အဲဒီလိုအချိန်တွေမှာ အလည်သွားချင်တယ်။ မယ်ဇလီဖူးသုတ်ကော။ မယ်ဇလီဖူးဟင်းချိုကော၊ ဇီးဖြူသီး အစိမ်းတို့စရာ၊ ဇီးဖြူသီးပြုတ်ထောင်း။ ဇီးဖြူသီးအစပ်ကျော် တို့ကို သိပ်သတိရတယ်။
တန်ဘိုးရှိတဲ့ စာတွေကိုကိုးကားပေးထားတာ ဗဟုသုတရပါတယ်။
စင်္ကာပူမှာ ဇီးဖြူသီးဝယ်လို့ရတာသိရလို့ အားကျတယ်။

thawzin said...

အညာသားတို့ စင်္ကားပူမှာ တန်ဆောင်တိုင်ခဲ့ကြပြီးပေါ့။ ကျွန်တော်တို့တော့ မော်စကိုမှာ တိုင်ခဲ့ကြတယ်ဗျာ။ ဇီသီးပေါက်ပွဲကိုတော့ လေ့လာသွားပါတယ်ဗျာ။ ကျန်တာတွေကတော့ အညာသားချင်းဆိုတော့ ကြုံပြီးသိပြီးသားတွေပါဗျာ။ ပျော်ရွှင်နိုင်ပါစေ အညာနဲ့ ဝေးနေပေမယ့် အညာသားတို့ ဆုံဆည်းနေကြချင်းဖြင့် ဘလော့အညာတွေ ဖန်တီးကြတာပေါ့ဗျာ။အညာဘလော့လို့ အောက်ပြည်ဘလော့တို့ပေါ့ နော့်

မေလေး said...

ပျော်စရာကောင်းလိုက်တာ
အညာဓလေ့ကို ခုမှသိတာ
ဇီးဖြူသီးပေါက်ပွဲကို သဘောကျလိုက်တာ
ကိုမျိုးလိပ်စာပြော
ဇီးဖြူသီးလာပေါက်မယ်
မယ်ဇလီဖူးသုတ်ကျွေးးးးးးးးးးး

moemoestar said...

ကိုမျိုးရေ...
မယ်ဇလီဖူးသုပ်လေး စားချင်လိုက်တာ
ဇီးဖြူသီးပေါက်ပွဲကိုတော့ အခုမှသိရတယ်
ချစ်စရာ အညာဓလေ့လေးတွေပါ...

ရွှေရတုမှတ်တမ်း said...

ကိုယ့်အညာကိုယ်လွမ်းတယ်