မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Monday, November 30, 2009

လိုက်ကြမလား ကိုမျိုးတို့ အညာမြေ

ကဲ..ဒီတစ်ခေါက်တော့ ကိုမျိုးတို့အညာမြေသို့ တစ်ခေါက်တစ်ခါ အရောက်လာဘို့ ဖိတ်ခေါ်ပါတယ်။ ဟင်..ကိုမျိုးကလဲ ဖိတ်ခေါ်တယ်လဲ ပြောသေး။ လိပ်စာလဲမပေးဘူးလို့ အထင်မစောလိုက်နဲ့နော်။ အထက်မြန်မာပြည် ရတနာပုံ မန္တလေးကနေ ကျနော်တို့ အညာမြေအထိ ဖြည်းဖြည်းချင်းခေါ်သွားမှာ။

ကိုမျိုးတို့ အညာမြေရဲ့ လိပ်စာလေး အတိအကျ မပေးခင် မြန်မာတစ်နိုင်ငံလုံးနဲ့ ယှဉ်ပြီး မြင်သာအောင်လို့ မြန်မာနိုင်ငံကို ဧရာဝတီမြစ် အရှေ့ဘက်ပိုင်း နဲ့ အနောက်ပိုင်းဆိုပြီး နှစ်ပိုင်း ပိုင်းလိုက်မယ်။ အဲဒါဆို ကိုမျိုးတို့ အညာမြေက ဘယ်အပိုင်းမှာလဲ။ အနောက်ဘက်အပိုင်းမှာ ပါပါတယ်။ ရှေးတုန်းက အဆိုအရဆိုလျှင် ဧရာဝတီမြစ် အနောက်ဘက်ပိုင်းကို သုနာပရန္တတိုင်း၊ အရှေ့ဘက်ပိုင်းကို တမ္ဗဒီပတိုင်း ရယ်လို့ အကြမ်းဖျင်း မှတ်ယူထားကြပါတယ်။ အဲဒါဆိုရင် ကိုမျိုးတို့ အညာမြေကို တင်စားလိုက်ချင်တာက သုနာပရန္တတိုင်း ထဲမှာ ရှိတယ်လို့ ကြီးကြီးကျယ်ကျယ် ပြောလိုက်ချင်ပါတယ်။

ကုန်းဘောင်ခေတ်ရဲ့ နေပြည်တော် ရွှေမန္တလေးကိုဖြင့် လူတိုင်းနီးပါး ရောက်ဖူးကြမှာပါ။ အဲဒီတော့ ရတနာပုံမြို့သို့ အရင်ရောက်အောင်လာခဲ့ကြဘို့ ဖိတ်ခေါ်ပါတယ်။ အဲဒီမြို့မှာ တထောက်လောက် နားလိုက်ကြအုံး။ လည်ပတ်စရာတွေကလဲ အများသား။ မဟာမြတ်မုနိဘုရား၊ မန္တလေးတောင်တော်၊ မန္တလေးကျုံး၊ မန္တလေးဈေးချို၊ အိမ်တော်ရာဘုရား၊ စသည်ဖြင့် အထင်ကရ နေရာတွေကို အရင်လည်လည်သွားလိုက်ကြပါအုံး။ အစားအသောက်ကလဲ ပေါမှပေါ။ တစ်ရက်တော့ လည်လိုက်ကြအုံးနော်။

ကဲ မန္တလေးမြို့ကနေ ထွက်ကြစို့။ မန္တလေးမြို့ကနေ တောင်ဘက်ကို ထွက်လိုက်တော့ အမရပူရ။ ကြီးကြီးကျယ်ကျယ် ထပ်ပြောရရင် ရက်ကန်းခတ်သံ သီချင်းဆိုနေတဲ့ မြို့။ သိင်္ဂီရွှေဝါ ပိုးထည်တိုက်ကိုဝင်ပြီး ပိုးထည်စစ်စစ်လေးတွေ ၀ယ်လိုက်ကြအုံးနော်။ စစ်ကိုင်းဘက်ကို သွားတဲ့လမ်းမှာ။ တောင်သမန်အင်း ဖူးပွင့်နေရာ။ တောင်သမန်အင်း လို့ ဆိုလိုက်တာနဲ့ နာမည်ကျော် ဦးပိန်တံတား။ စစ်ကိုင်းဘက်ကို မရောက်ခင် စောစောစီးစီးလေး ၀င်ပြီး ဦးပိန်တံတားပေါ်ကို ဒေါက်ဖိနပ်နဲ့ လမ်းလျောက်လိုက်ကြအုံး။

လမ်းလျောက်ပြီးလို့ နေမမြင့်သေးခင် အင်းဝမြို့ဟောင်းဘက်က နန်းမတော်မယ်နု အုတ်ကျောင်းဘက်ကို ခဏ ၀င်လိုက်ကြအုံးနော်။ နာမည်ကျော် စစ်ကိုင်းတံတား (အင်းဝတံတား) အ၀င်ဝမှာ ခံတပ်တစ်ခုရှိတယ်။ သပြေတန်းခံတပ်လို့ သိရပါတယ်။ ကဲ စစ်ကိုင်းတံတားကို ဖြတ်ကြစို့။ ထပ်ပြီး ကျယ်ကျယ်ကြီးကြီးပြောရရင်ဖြင့်.. တမ္ဗဒီပတိုင်းကို ထားခဲ့ပြီး သုနာပရန္တတိုင်းကို ၀င်ကြစို့။

အလှဆုံးကတော့ စစ်ကိုင်းတံတားပေါ်ကနေ မြင်နေရတဲ့ သမိုင်းရောင်မညှိုးတဲ့ စစ်ကိုင်းတောင်တော်ရိုးပါပဲ။ စစ်ကိုင်းမှာ နေ့လည်စာမစားခင် မြို့တွင်းနဲ့ တောင်ပေါ်ကို တလှည့်လည်လိုက်ကြအုံးစို့။ စစ်ကိုင်းမှာ ဘာတွေ ထူးထူးခြားခြား ရှိလို့လဲ ကိုမျိုးရယ်။ ရှိပါတယ်ဗျာ။ စစ်ကိုင်းတောင်၊ သီတဂူဆေးရုံကြီး၊ ဆွမ်ဦးပုညရှင် စေတီတော်၊ ဒီပင်္ကရာစေတီ စသည်ဖြင့် လည်ပတ်စရာ၊ ဖူးမြှော်စရာ၊ ကြည်ညိုစရာတွေ အများသား။

နေ့လည်စာကို စစ်ကိုင်းအ၀င်ဝ က ဇေယျာအလှ ဆိုတဲ့ ထမင်းဆိုင်လေးမှာ စားကြနော်။ စားပြီးရင် မင်းကွန်းဘက်ကို ခဏ သွားလိုက်ကြအုံးစို့။ မင်းကွန်းဘက်မှာလဲ လည်ပတ်စရာ အများသားနော်။ မင်းကွန်းဘက်ကို သွားတဲ့ လမ်းကလဲ လှမလှ။ ဧရာဝတီရေယဉ်ကြောကို အဆန်သွားရတာလေ။ ကမ်းနားတလျောက် သွားလိုက်ရင် ခဏလေးပဲ။ မင်းကွန်းရွာ မ၀င်ခင် မင်းကွန်းဆရာတော် ဘုရားကြီး၏ တိနိကျောင်းတော် (တိပိဋက နိကာယ ကျောင်းတော်) ထဲကို လည်လည် ၀င်လိုက်ကြအုံး။ အဲဒီကျောင်းတော်ကြီးထဲမှာ တိပိဋကလွမ်းစေတီ ကိုလည်း ၀င်ရောက်ဖူးမြှော်ရင်း ကုသိုလ်ယူလိုက်ကြပါအုံး။

ပြီးတော့မှ မြသိန်းတန်စေတီ၊ မင်းကွန်းခေါင်းလောင်းကြီး၊ ပုထိုးတော်ကြီး ဖူးလိုက်ကြအုံး။ အဖွားဒေါ်ဦးစွန်းရဲ့ မင်းကွန်းလူအိုရုံ၊ အဲဒီအနားက ဈေးတန်းလေးမှာ မင်းကွန်းလက်ဆောင်တီးရှပ်လေးတွေ၊ ခမောက်ကလေးတွေ၊ တထိုင်တည်းဆွဲပေးတဲ့ ပန်းချီကားလေးတွေ၊ စသည်ဖြင့် အမှတ်တရ ၀ယ်စရာတွေကလဲ ပေါမှပေါ။ ဓာတ်ပုံရိုက်ဖို့ မေ့မနေကြနဲ့နော်။ ကမ္ဘာမှာ အထင်ကရနေရာတွေကို ရောက်နေတာနော်။ ဧရာဝတီ တဖက်ကမ်းမှ မန္တလေးတောင်တော်ကို နောက်ခံထားပြီး မင်းကွန်းဘက်ကနေ ဓာတ်ပုံရိုက်ရတာ လှလိုက်တာ လွှတ်နေတာပဲ (မင်းကွန်းက လွှတ် ဆိုတဲ့ စကားကို သိပ်သုံးတာ)။

ကဲ..မင်းကွန်းကနေ စစ်ကိုင်းဘက်ကို ပြန်ကြစို့။ မိုးချုပ်တော့မယ်။ ဒီလောက်လည်ပတ်ထားမှတော့ စစ်ကိုင်းမှာ တစ်ညအိပ်လိုက်ကြအုံးစို့။ ဇေယျာရွှေမြေ တည်ခိုးခန်းမှာ အိပ်ကြမယ်။ ညနေစာကိုတော့ ထီးကြီး စားသောက်ဆိုင်မှာ စားကြမယ်။ ထီးကြီးစားသောက်ဆိုင်ဆိုလို့ အထင်မမှားကြနဲ့အုံး။ စစ်ကိုင်းတောင်ခြေမှာ ညနေဆိုလျှင် ထီးအကြီးစားကြီးဖြင့် စားသောက်ဖွယ်ရာများကို ညလုံးပေါက်နီးပါး ရောင်းကြတဲ့ စားသောက်ဆိုင်တန်းလေးတွေ။ ထီးကြီးအောက်မှာ ရောင်းကြလို့ ထီးကြီးစားသောက်ဆိုင်။ အစားအသောက်ကလဲ ကောင်းမှကောင်း။ စေတနာကလဲ ပြောစရာမလိုတော့။ ညအိပ်ရကျိုး နပ်ကြမှာပါနော်။ ညနေစောင်းပြီ ဆိုတာနဲ့ စစ်ကိုင်းတောင်မှ သီလရှင်ချောင်များမှ စာအံသံ၊ ဘုရားဝတ်တက်သံ၊ ဆရာတော်များ စာအံသံများဖြင့် စိတ်၏ အေးချမ်းခြင်းကို ခံစားရရှိမှာမလွဲပါ။

မနက်ခင်းစောစောစီးစီးတော့ နိုးကြအုံးနော်။ စစ်ကိုင်းကနေ အနောက်ဘက် ထွက်လိုက်ပြီး မကြာခင်မှာ ရာဇာမဏိစူဠာဘွဲ့ခံ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား မနက်ခင်းအာရုံတက်တာနဲ့ ဖူးကြစို့။ အဲဒီမှာ သနပ်ခါးကျောက်ပြင်၊ သနပ်ခါးတုန်း၊ မီးဖိုချောင်သုံး စဉ့်အိုးလေးတွေ၊ အများသား။ အညာလက်ဆောင်ဝယ်ဘို့ မမေ့ကြနဲ့နော်။

ကောင်းမှုတော် စေတီတော်ကြီးကနေ စောစော ထွက်လာ ပြီးရင်.. နာလန် မထူရင် ကံတလူ သွား ဆိုတဲ့ ကံတလူ စေတီတော်မြတ်ကြီး ကို ၀င်ရောက်ပြီး ဖူးမြှော်ကြည်ညို ကြဘို့ မမေ့ကြနဲ့နော်။ အဲဒီဘုရားမှာ အောင်မြေနင်းကြရမယ်။ ပြီးတော့ အောင်မြေကို အိပ်ထဲမှာ ထည့်ပြီး အိမ်ကဘုရားစင်မှာ ထား။ သွားလေရာကို ယူသွား။ အန္တရာယ်ကင်း ဘေးရှင်းပြီး လိုအင်ဆန္ဒတွေ ပြည့်ဝကြတယ်လို့ ယုံကြည်ထားကြတယ်။

ကံတလူဘုရားဖူးမြှော်ပြီး အနောက်ဘက်ကို နည်းနည်းလေး သွားလိုက်ရင် ဒွေးလမ်းကို ရောက်ပါလိမ့်မယ်။ ဒွေးလမ်းဆိုလို့ ရုပ်ရှင်မင်းသား ဒွေး ဖောက်ထားတဲ့ လမ်းကို ပြောတာမဟုတ်ဘူးနော်။ အထင်ကရ နေရာနှစ်ခုကို ဒီဒွေးလမ်းကနေ ခွဲကြရမှာ။ တစ်လမ်းက ငါးမည်ရတဲ့ ပြည်ရွှေဘို သို့ သွားတဲ့လမ်း။ အဲဒီဘက်မှာ နာမည်ကြီးတွေက ဦးအောင်ဇေယျ၊ ၀က်လက် မန်ကျည်းတုံရွာက လက်ဝဲသုန္ဒရ အမတ်ကြီး နဲ့ ဆရာကြီး ရွှေဥဒေါင်းတို့ရွာတွေ ရှိသလို အပြောကြွယ်တဲ့ လှတောရွာ။ အဲဒါတွေ ရှိတယ်။ ကိုမျိုးတို့ အညာမြေက အပြန်ကြရင် အချိန်ရသေးရင် အဲဒီဘက်က ပတ်ပြီး ပြန်ကြတာပေါ့နော်။

နောက်တစ်လမ်းက သာလ္လာဝတီ မုံရွာမြို့သို့ သွားတဲ့လမ်း။ အဲဒီလို လမ်းနှစ်ခွဆိုင်နေလို့ဒွေးလမ်းလို့ ခေါ်တာ။ ကဲ..ဒီ ဒွေးလမ်းဆုံမှာ နေ့လည်စာ တခါတည်း စားလိုက်ကြရအောင်။ အဲဒီ အဆုံနေရာက အုန်းတောရွာ။ အညာအစားအသောက်လေးတွေ စပြီး စားလို့ ရနေပြီနော်။ ငါးသေးသေးလေးတွေ ကြော်ထားတဲ့ ငါးကြော်ရယ် (ငါး..ငါးကောင်ကိုကြော်ပြီး ဒုတ်နဲ့ ထိုးထားတာ)၊ စာကလေးကြော်၊ အုန်းနို့ကြော်၊ ငုံးဥကင်၊ ပဲစိမ်းကြော် စသည်ဖြင့် ဗန်းကလေးတွေ ခေါင်းမှာရွက်ပြီး ရောင်းနေကြတာ။ တထိုင်တည်း အ၀သာ စားလိုက်ကြနော်။ အားနာမနေနဲ့။

ကဲ..နေပူလာလိမ့်မယ်။ ခရီးဆက်ကြအုံးစို့။ မုံရွာဘက်ကို သွားတဲ့ လမ်းကို လိုက်မှာနော်။ အုန်းတောရွာက နဲနဲလေးလွန်လာရင် ရွာသစ်ကြီးရွာ ကိုရောက်ပါလိမ့်မယ်။ နေ့လည်စာ စားအပြီး ခဏ ၀င်လိုက်ကြအုံးစို့။ ရွာသစ်ကြီး ချည်မျှင်နဲ့ အထည်စက်ရုံ၊ ပြီးတော့ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး တက္ကသိုလ်။ ခဏ လက်ဘက်ရည်ဝင်သောက်လိုက်ကြ။ ပြီးရင် ခရီးဆက်မယ်။

ကိုမျိုးတို့ အညာမြေကို ဒီနေ့ည အရောက်သွားဘို့ ရှိတယ်နော်။ အခုတော့ စင်ကာပူမှာ စာရေးနေရင်းနဲ့ တော်တော်မိုးချုပ်သွားပြီ။ ကိုမျိုးရဲ့လက်လဲ ဆီပြတ်သွားပြီ။ မှားလို့။ ကားလဲ ဆီပြတ်သွားပြီ။ ရှေ့ဆက်သွားလို့ အဆင်မပြေတော့။ မနက်ဖန်ကျမှဆက်ပို့မယ်။ Driver ကိုမျိုး လက်ညောင်းတယ်။

ခင်မင်စွာဖြင့်

ကိုမျိုး (အညာမြေ)

9 comments:

ကောင်းကင်ပြာ said...

တနှစ်တခေါက် သွားခဲ့တဲ့ နေရာလေး တွေ လွမ်းလိုက်တာ...ကွက်ကွက်ကွင်းကွင်း ပေါ်အောင် ရေးပြီး အလည်ခေါ်တာ ကျေးဇူးတင်ပါတယ်

မိုးမောင် said...

မရောက်ဖူးလို့ သေချာဖတ်သွားတယ် နောင်ကြီး။ သွားဖြစ်ရင်တော့ ဒီထက်အသေးစိတ်တဲ့ လမ်းညွှန်တောင်းဖို့ ချဉ်းကပ်ရအုံးမှာပဲ။ နောက်တစ်ပုဒ်ကျရင် အညာမြေရဲ့ ထန်းတောတော့ပါပစေအုံး။ ရီစရာရောနော်။


ခင်မင်လျက်...

ရေတမာ said...

ဟိုးထားဆရာရေ ကျနော်ကျန်ခဲ့ပြီ။ ကျနော်လည်းလိုက်ပါရစေ။

နှင်းဆီပန်းချစ်တဲ့ကောင်မလေး said...

ဒီပို့စ်လေးကိုပရင့်ထုတ်သွားမယ်နော်
အညာသွားမလို့

ဒဏ္ဍာရီ said...

အကို့ရဲ့ ပိုစ့်လေးကို ဖတ်ပြီး အညာဒေသရဲ့ နေရာအနှံ့နဲ့ ဘုရားတွေ လိုက်ဖူးလိုက်ရတယ်.... ကျေးဇူးပါ အကိုရေ... အလှူဒါန အစုစုအတွက်တော့ သာဓု (၃) ကြိမ် ခေါ်ဆိုသွားပါတယ်။

ခင်မင်လေးစားလျှက်

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ။
မင်္ဂလာပါ။
ကောင်းလိုက်တဲ့ ပို့စ်ပဲ။ လွမ်းလိုက်တာ မြန်မာပြည်ကို။
ကံတလူ၊ မုံရွာနဲ့ ၊ ရွာသစ်ကြီးကို မရောက်ဘူးဘူး။
ကျန်တဲ့နေရာတွေကိုတော့ ခြေရာထပ်အောင်ရောက်ဘူးခဲ့ပါတယ်။
စာကြောင်းတွေကိုဖတ်နေချိန်မှာ အဲဒီနေရာရဲ့ မြေရဲ့အနံ့၊ ရေရဲ့အသံ၊မိုးရဲ့ အရောင်တွေကို အားလုံးသတိရလာရပါတယ်။ စားခဲ့တဲ့ အစားအစာတွေကိုသတိရတဲ့အချိန်မှာတော့ လည်ချောင်းထဲ တံတွေးတောင် သီး သွားတယ်။ စာကလေးကြော်၊ ငါးသေးလေးကြော် ၊ ဆီထမင်းဝါ၀ါ တို့ကိုပေါ့။

မင်္ဂလာပါ .... said...

ကိုမျိုးတစ်ယောက် သူ့အိမ်မှာ ထမင်းကျွေးရမှာကြောက်ပုံရတယ် ....
တစ်လမ်းလုံး ဟိုဝင်ဒီထွက်နဲ့ မရောက်နိုင်တော့ဘူး)
ခုတော့သိသွားပြီ ကိုမျိုးဒီတစ်ခေါက်ပြန်ရင် နှင်းအတွက် ကောင်းမှုတော်က ကျောက်ပြင်တစ်ချပ်နဲ့
သနပ်ခါးတုံး တစ်နှစ်စာ ၀င်ဝယ်ခဲ့ပါဦးနော် ...းD

moemoestar said...

ကိုမျိုးရေ..
ဘုရားကြီးကိုလည်းဖူးချင်တယ်
သိင်္ဂီရွှေဝါက ပိုးထည်တွေလည်းကြိုက်တယ်
တောင်သမန်အင်းလည်းသွားချင်တယ်
ကောင်းမှုတော်မှာ သနပ်ခါးဝယ်ရတာလည်းကြိုက်တယ်
မင်းကွန်းနဲ့ မုံရွာကိုတော့ မရောက်ဖူးဘူး
ဒီတစ်ခါပြန်မှသွားရမယ်
အလည်ခေါ်တာကျေးဇူးပါနော်...

ဂျူနို said...

နေရာ အားလုံး ရောက်ဖူးတယ်။ ဇေယျာ တည်းခိုခန်းပဲ မတည်း ခဲ့တာ။ နောက် ကျန်တဲ့ နေရာတွေ မြို့တွေ အကြောင်း ဆက်ရေးပါအုန်း။ ဆက်ရေးပါအုန်း။
သင်္ကြန်မိုးက ရူ့ခင်းလေးတွေရော ပေါ့။

ဓါတ်ပုံတွေနဲ့ဆို ပိုအားရှိ ပါးရှိ နေမယ်။


မအယ်