ကဲ..ခရီးဆက်ကြအုံးစို့။ ရွာသစ်ကြီးကနေ ထွက်ပြီနော်။ အိပ်မနေကြနဲ့အုံး။ ကားလဲ ဆီဖြည့်ပြီးပြီ။ ဆက်မောင်းမယ်။
.
ရွာသစ်ကြီး လွန်လာတော့ လမ်းတလျောက်မှာ ရွာကလေးတွေ မှ ရွာသူရွာသားတွေ ရေအခက်အခဲ ရှိနေသေးပုံကို တွေ့မြင်ကြရမှာပါ။ ချိုးရေ၊ သုံးရေအတွက် ရေကန်နဲ့ ရေတွင်းတွေမှာ လူတွေ အစီအရီ။ ရေချိုးကြ၊ ရေခပ်ကြနဲ့ တွေ့မြင်ကြရမှာပါ။ ပြီးတော့ ငှက်ပျောခြံ၊ ကွမ်းခြံလေးတွေ စပြီး တွေ့ရတော့တာပါပဲ။ ဒါဆို အထင်ကရ နေရာတစ်ခုကို ရောက်တော့မယ်ဆိုတဲ့ သဘော။
.
စစ်ကိုင်းမြို့နယ်ရဲ့ အစွန်ရွာ။ အစားအသောက်မှာ နာမည်ကြီးလှတဲ့ ညောင်ပင်ဝန်းရွာ။ မူးမြစ်ကမ်းရဲ့ အရှေ့ဘက်ကမ်းပေါ်က ရွာကြီး။ မုံရွာ၊ မန္တလေး ကားလမ်းရဲ့ တ၀က်နီးပါးလောက်မှာ ရှိတဲ့ ရွာကြီးပေါ့။ ကားသမားတွေ၊ ခရီးသည်တွေ ခရီးတစ်ထောက်နားပြီး ထမင်းစားကြတဲ့ အထင်ကရ နေရာပေါ့။ ကဲ.. ထပ်ပြီး နားလိုက်ကြအုံးစို့။ ညီမလေး နှင်းဟေမာ ပြောသလို ကိုမျိုးက သူ့အိမ်မှာ ထမင်းကျွေးရမှာ စိုးလို့ လမ်းမှာ အတင်းစားခိုင်းနေတာ မဟုတ်ဘူးနော်။ အညာအစားအသောက် ကောင်းကောင်းလေးတွေ ဒီမှာ ရနေလို့ ကျွေးမှာ။
.
ညနေလဲ စောင်းပြီးဆိုတော့ ညနေစာ တခါတည်း စားလိုက်ရင် ကောင်းမယ်နော်။ စားလိုက်ကြစို့။ ထမင်းဆိုင်ကြီး တွေမှာ ထိုင်ပြီး အခန့်သားစားချင်ရင်လဲ ရတယ်နော်။ ဒါမှမဟုတ် ခေါင်းရွက်သည်လေးတွေဆီကနေ တစ်ခါပြင်၊ နှစ်ခါပြင်၊ အ၀စား။ အဆင်ပြေရာပေါ့။ ကိုမျိုးကတော့ ညောင်ပင်ဝန်းရောက်ရင် ခေါင်းရွက်သည်လေးတွေဆီက ဟိုအသည်ဆီက တစ်ခါပြင်၊ နောက် တစ်သည်ဆီက တစ်ခါပြင်၊ အဲဒီလို စားဖြစ်တာများပါတယ်။ နွားနို့ခဲကြော်၊ ဆိတ်သားကြော်၊ စာကလေးကြော်၊ ချိုးကြော်၊ ကြက်ကြော်အပြင် ငှက်ပျောသီးသည်တွေဆိုတာလဲ ပေါမှပေါ။ ညောင်ပင်ဝန်းမှာ စားသောက်ပြီးရင် ရှေ့ဆက်ကြစို့။
.
ညောင်ပင်ဝန်း ဘေးနားက မူးမြစ်တံတားကို ဖြတ်ကျော်လိုက်တာနဲ့ ရှေးခေတ်ဘုရင်များ လက်ထက်က အာဇာနည်မြင်းကောင်းတွေ ထွက်ရှိဆက်သရာ မြင်းမူမြို့နယ် ထဲကို စ၀င်ပါပြီ။ ကဲ..ကြီးကြီးကျယ်ကျယ်တွေ ပြောကြအုံးစို့။ အနော်ရထာ ရဲ့ သူရဲကောင်းတွေ ရဲ့ အရပ်။ ငထွေရူးတို့ အရပ်။ ကျန်စစ်သား (မြင်းမူနယ် အနီးက ပရိမ္မရွာသား လို့ ဆိုကြတယ်)တို့ နယ်ထဲကို ၀င်လာပါပြီ။ မြင်းမူမြို့သို့ မ၀င်ခင်အထိ ရွာငယ်လေးတွေ ဆက်တိုက်ဆိုသလို တွေ့ရမှာပါ။
.
အကြီးဆုံးကတော့ ထီးဆောင်းရွာပေါ့။ အဲဒီ ထီးဆောင်းရွာအနောက်ဘက်မှာ မုံရွာ၊ မန္တလေးကားလမ်းကို ဆက်ပြီး အရာတော် အထိ ဖောက်လုပ်ထားသည့် အညာလမ်းရှိပါတယ်။ ဒီမှာလဲ ဒွေးလမ်းနော်။ တစ်လမ်းက အရာတော်မြို့။ နောက်တစ်လမ်းက မြင်းမူမြို့။ ကိုမျိုးတို့ ရွာက အဲဒီ နှစ်လမ်းမှ အရာတော်ဘက်ကို သွားတဲ့ အညာလမ်းကို လိုက်ကြရမှာနော်။ ကိုမျိုးတို့ရွာအထိ ၁၀ မိုင်ဝေးပါတယ်။ ဦးဆုံးတွေ့ရမယ့်ရွာက ထီးဆောင်းရွာ၊ ကန်တော်ရွာ (ကန်တော်မင်ကျောင်း ဆရာတော်၏ ရွာ)၊ ဆပ္ပျာကျင်းရွာ (သဲဆပ်ပြာတွေထွက်တဲ့ ရွာမို့လို့ ဆပ္ပျာကျင်းရွာ)၊ ပြီးရင်တော့ ကိုမျိုးရဲ့ ဇာတိမြေ၊ မင်းကွန်းတိပိဋကဓရဆရာတော် ဘဒ္ဒန္တအရှင်ဝံသပါလာလင်္ကာရ နှင့် ဒိပိဋကဓရဆရာတော် အရှင်ပညာသိရိလင်္ကာရ တို့၏ ဇာတိချက်ကြွေ (ကွက်ကွင်းရွာ) ကို ရောက်ရှိကြမှာ ဖြစ်ပါတယ် ခင်ဗျား။ ဆရာတော်နှစ်ပါး၏ ထေရုပ္ပတ္တိကို ဆက်လက်ရေးဘို့ စိတ်ကူးရှိပါသည်။
.
မိုးလဲချုပ်တော့မယ်နော်။ ကိုမျိုးတို့အိမ်မှာ ညအိပ်ကြ။ ညစာကိုတော့ ညောင်ပင်ဝန်းက အ၀စားခဲ့ကြမှာမို့ အစာမကြေမှာစိုးလို့ မကျွေးလိုတော့။ မနက်အိပ်ယာထရင်တော့ ရွာရဲ့ရိုးရာလက်ရာ သရက်သီးကုလားတည် နဲ့ မြေပဲကြော် ရယ်၊ ရွာအခေါ် မတ်ပဲကြော်လေးရယ်၊ ရေနွေးကြမ်းရယ်၊ ထမင်းဆီဆမ်း ပူပူလေးရယ် ကျွေးမယ်နော်။ အခုတော့ အိပ်ကြ၊ အိပ်ကြ။ ကိုမျိုးတို့ အိမ်က ကွပ်ပျစ်ပေါ်မှာ ပုဆိုးလေးတွေ၊ ပါတာလေးတွေ ခြုံပြီး ကွေးကြ။ အညာလေက ညပိုင်းကျရင် ပိုအေးတယ်။ မနက်စာ စားပြီးရင် မြင်းမူမြို့၊ မုံရွာမြို့တို့ကို လိုက်ပို့ပေးမယ်။
.
သက်ကြီးစကား သက်ငယ်ကြား
.
ကိုမျိုးတို့ ရွာကို ဘာဖြစ်လို့ ကွက်ကွင်းလို့ နာမည်ပေးခဲ့ကြတာလဲ။ အဓိပ္ပာယ်ကတော့ ကွက်ကွင်းဆိုတာနဲ့ ကွက်ပြီး ကွင်းခဲ့လို့ပါ။ အဲဒါကြောင့် ကွက်ကွင်းလို့ အဆိုရှိခဲ့တာ။ ကွက်ပြီး ကွင်းသွားရမယ်လို့ ဆိုလိုတာမဟုတ်ဘူးနော်။ အဲဒါဆို ဘယ်သူက ကွက်ပြီးကွင်းခဲ့တာလဲ။ ကျနော်တို့ ငယ်ငယ်ကအဘိုးတွေရဲ့ ညအိပ်ယာဝင်ပုံပြင်ထဲက ပရိမ္မရွာသား မောင်ကျန်စစ်မင်းပေါ့။
.
ရွာစဉ် အလိုက် သွားလိုက်ကြရအောင်။ မြင်းမူကနေ ကျန်းစစ်သားမင်း အား အာဇာနည် မြင်းကောင်းတစ်ကောင် ကို လက်ဆောင်ပဏာ ဆက်သလိုက်လို့ ဒီနားပတ်ဝန်းကျင်ကို လှည့်လည်ပြီး ခြေဆန့်တော်မူခဲ့ပါတယ်။ ပထမဦးဆုံးရောက်တဲ့ ရွာကို ထီးဆောင်းရွာလို့ အမည်တွင်စေ။ ဒီရွာသူ ရွာသားတွေ ငါကိုယ်တော်မြတ်အား ရွှေထီးဆောင်းပြီး ကြိုဆိုတော်မူတယ်။ ရန်ငြိမ်းအေးတော်မူလို့ အခုထီးဆောင်းရွာမှာ ရန်ငြိမ်းအေးစေတီတစ်ဆူ တည်ထားကိုးကွယ်ခဲ့ပါတယ်။
.
ထီးဆောင်းရွာ၏ အနောက်ဘက်နားမှာ ပဲကူရွာ (1910 ခုနှစ် လောက်က ဗြိတိသျှ အစိုးရကို တော်လှန် တိုက်ခိုက်ခဲ့လို့ နောက်ဆုံး ကြိုးစင်ပေါ်မှာ တိုင်းပြည် အတွက် အသက်ပေးသွား သူ မင်းလောင်းမောင်သန့် ) ၏ရွာ။ ကုလသမဂ္ဂ အတွင်းရေးမူးချုပ် ဦးသန့် ကိုပြောတာမဟုတ်ဘူးနော်။ ကျန်စစ်သားမင်း လှည့်လည်စဉ် ပဲကောက်သမလေးတွေ နေပူကျဲကျဲမှာ ပဲကောက်နေတာတွေ့လို့ဝင်ပြီး ကူကောက်ပေးခဲ့တယ်။ အဲဒါကြောင့် အဲဒီရွာကို ပဲကူရွာ။
.
အဲဒီမှာ ခဏ ပဲကူကောက်ပြီးမြောက်ဘက်နား ရောက်တော့ ရေကန်ကြီးတစ်ကန်ကို တွေ့တော်မူပါတယ်။ စီးတော်မြင်းအား သစ်ပင်ရိပ်မှာ ခဏထား၊ ရေတိုက်၊ ကျန်စစ်သားလဲ အမောပြေ နားနေစဉ် အရိန္ဒမာလှံတော်ဟာ မြေပေါ်မှာ စိုက်ထားပါလျှက် ခဏခဏ လဲကျတော်မူလို့ ပြန်လည်စိုက်ရင်း၊ ကြိမ်ဖန်များလာတော့ ကျန်စစ်သားလဲ စိတ်မရှည်ဖြစ်ပြီး လှံတော်ကို လွှတ်ပစ်လိုက်ရာ ခြုံ၏နောက်ကွယ်တွင် ကျန်စစ်သားအား လုပ်ကြံသတ်ဖြတ်ရန် အခွင့်ကောင်းကို စောင့်နေကြသည့် ရန်သူငါးယောက်အား ထိမှန်ပြီး ငါးယောက်စလုံး လဲကျမသွားဘဲ အပြွတ်လိုက် လှံသွားမိပြီး အသက်ဆုံးရှုံးတော်မူခဲ့ရပါတယ်။ အော်..လှံတော်လဲ ထူးဆန်းလေစွ။ အဲဒါကြောင့် ဒီနေရာမှာ အကုသိုလ် အဖြစ်ဆိုးကို နောင်လာ နောက်သားတို့ မဖြစ် စေရစ်လေအောင် ဘုရား တည်တော်မူမယ်။ မလဲပြွတ်ဘုရားလို့ အမည်တွင်စေ။
.
အဲဒီ မလဲပြွတ်ဘုရား က ထီးဆောင်းရွာနဲ့ ကန်တော်ရွာကြားမှာ ရှိပါတယ်။ (ရှေးခေတ်ကျောင်စာ အခိုင်အမာနဲ့ တည်ရှိခဲ့တဲ့ ဘုရားပါ)။ ဒီကန်တော်ကြီးနားက ရွာကိုလဲ ကန်တော်ရွာလို့ အမည်တွင်စေ။ ကန်တော်မင်ကျောင်း ဆရာတော်၏ ကျောင်းတော်မှာလည်း ထိုကန်ကြီး၏ ဘေးနားတွင် ကပ်လျှက် တည်ရှိပါသည်။
.
ရန်သူတွေခြေရာခံမိလို့ ဘုရားတည်အပြီး စိတ်မသက်ရာဖြစ်ကာ၊ စီးတော်မြင်းဖြင့် သွားစဉ် ခရီးပန်းလာပြီး ခဏနားတော်မူဘို့ အခွင့်သာခိုက် နောက်ပြန်လှည့်ပြီး ကြည့်လိုက်တော်မူစဉ်မှာ ရွာတစ်ရွာကို ကျော်လွန်သွားမိတာ သတိထားမိတော်မူတယ်။ အဲဒီလို မျက်နှာတော်လှည့်ပြီး ပြန်လည်ကြည့်မိသည့် အရပ်ကို မျက်နှာလှည့်ကွင်း လို့ သမုတ်ပြီး ကွက်ပြီးကျန်ခဲ့တဲ့ ရွာကိုတော့ ကွက်ကွင်းရွာ လို့ အမည်သမုတ်ခဲ့ပါတယ်။
.
ရန်သူကနောက်ကလိုက်လို့ ကမန်းကရမ်း ပြေးလွှားစဉ် ကွက်ပြီးကွင်း ခဲ့လို့ ကွက်ကွင်းရွာလို့ အမည်တွင်ခဲ့ပါတယ်။ ကွက်ကွင်းကနေ အရှေ့ဘက်ဆက်လိုက်တော့ မူးမြစ်ကမ်းမှာ ခုန်ချပြီး မြင်းရော လူပါ ရန်သူ့လက်က လွတ်အောင် ကူခတ်ခဲ့ရလို့ အဲဒီအနားက ရွာကိုတော့ ခုန်ချဆိပ်ရွာ (ယခု ဂုံညှင်းဆိပ်ရွာ) လို့ အမည်တွေ တွင်ခဲ့ကြောင်းပါဗျား။
ရန်သူကနောက်ကလိုက်လို့ ကမန်းကရမ်း ပြေးလွှားစဉ် ကွက်ပြီးကွင်း ခဲ့လို့ ကွက်ကွင်းရွာလို့ အမည်တွင်ခဲ့ပါတယ်။ ကွက်ကွင်းကနေ အရှေ့ဘက်ဆက်လိုက်တော့ မူးမြစ်ကမ်းမှာ ခုန်ချပြီး မြင်းရော လူပါ ရန်သူ့လက်က လွတ်အောင် ကူခတ်ခဲ့ရလို့ အဲဒီအနားက ရွာကိုတော့ ခုန်ချဆိပ်ရွာ (ယခု ဂုံညှင်းဆိပ်ရွာ) လို့ အမည်တွေ တွင်ခဲ့ကြောင်းပါဗျား။
မေမေရေ..ထမင်းများများ (အညာဟင်းများများ) ချက်ထားနော်။ လိုက်လာတဲ့သူတွေက အများသားဗျ။ မနက်ဖန်ကျရင် မြင်းမူ နဲ့ မုံရွာ သို့ လိုက်ပို့ပေးပါအုံးမယ်။
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)