မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Sunday, August 23, 2009

နတ်ကတော် ဒေါ်စော

ကျနော် တို့ရွာမှာ တစ်ဦးတည်းသော နတ်ကတော် ဒေါ်စော ဆိုတာရှိပါတယ်။ နတ်ကို အလွန်ယုံကြည် ကိုးကွယ်သူလဲ ဖြစ်ပါတယ်။ ရွာကလူတွေကလဲ ကလေးတစ်ယောက် ညမှာ ကောင်းကောင်းမအိပ်ဘဲ ငိုနေတယ်ဆိုရင် မနက်လင်းတာနဲ့ ဒေါ်စော ဆီသွားကြတော့တာ။ နတ်မေးတာပေါ့။ ဘာလို့ ကလေးမအိပ် တာလဲဆိုပြီး။ အဲဒီလောက်အထိ ရွာမှာ နတ်ကတော် ဒေါ်စော က အရေးပါတာ။ လူတိုင်းကလဲ ဘာရယ်မဟုတ် တစ်ခုခုဆိုတာနဲ့ ဒေါ်စော ဆီမသွားဘူးလား။ သွားမေးပါလား။ အဖြေသိတော့မှ ကိုယ်ဘာသာကိုယ် စဉ်းစားပေါ့။


လူတိုင်းကသာ ဒေါ်စော အားနတ်မေးကြတာ။ သူ့ယောင်္ကျား ဦးထင် ကတော့ နတ်ကို လုံးဝမယုံသူ။ ဘယ်လောက်ထိ မယုံသလဲ ဆိုရင် အိမ်မှာ ရှိနေတဲ့ နတ်ရုပ်တွေကိုတောင် ဒေါ်စောမရှိခင် ရန်ရှာတာ။ ဒေါ်စောကလဲ သိတယ်။ သူအပြင်မသွားခင် ငထင် ... နင်ငါ့နတ်ရုပ်တွေကို ဘာမှမလုပ်နဲ့နော်။ နင်တစ်ခုခု လုပ်လိုက်ရင် ငါပြန်လာရင် ငါ့ကိုပြောပြတာနော်။ ဦးထင်ကလဲ အေးအေး..ဘာမှမလုပ်ပါဘူးဟာ.. တစ်နေ့တော့ ဒေါ်စော အပြင်သွားနေတုန်း..နတ်ရုပ်တွေနဲ့ ဦးထင် စကားပြောနေတာ ရပ်ကွက်ထဲက လူတွေက သိတော့ သွားကြည့်ကြတယ်။ တိုးတိုးတိတ်တိတ်။

ကိုကြီးကျော် နတ်ရုပ်ကို ကြည့်ပြီး ဦးထင်က..

  • ဟေ့ကောင် ကျော်ကြီး ရှေ့တိုးစမ်း.. မင်း.. ခဏခဏ မူးမူးနေတာ လာခဲ့ ဆိုပြီး နတ်ရုပ်ရဲ့ခေါင်းကို နှစ်ချက် ရိုက်တယ်..
  • ဟိုကောင်မ မနှဲလေး...ညည်းလဲလာစမ်း.. နင်ကတော့ နဲနဲပိန်တော့ တစ်ချက်ဆိုရပြီ..

အဲဒီလို လုပ်တာ..

ဒေါ်စောလဲ သိရော အကြီးအကျယ် ဒေါသထွက်တယ်။ သူ့ကိုယ်သူလဲ နတ်ပူးပြီး အမိုက်အမဲလေးမို့ ခွင့်လွှတ်ပါပေါ့။ အိမ်ရှေ့က အပင်မှာလဲ နွားမချည်အောင် ပြောလိုက်.. နတ်ကပြောသလိုလိုနဲ့ သူကပြောတာကို ဦးထင်က ကြားသွားပြီး....

အိမ်ရှေ့က နွားကို တစ်နေရာရွှေ့ပြီး.. ဒီအပင်လား နတ်ရှိတာ ဆိုပြီး.. အိမ်ထဲက ဓားကိုယူကာ..

  • နတ်မင်းကြီးဗျား..
  • အိမ်မှာထင်းမရှိလို့ အောက်က သစ်ကိုင်းလေးတွေ ခုတ်ထစ်ခွင့်ပြုပါ ဆိုပြီး အောက်ကနေ တစ်ကိုင်းချင်း ခုတ်လာလိုက်တာ.. နောက်ဆုံး ခေါင်ဖျား တစ်ကိုင်းထဲ လဲ ကျန်ရော..ဦးထင်က..

  • ကိုင်း .. နင်.. ဒီတခါ ဘယ်ပြေးမလဲ.. လာခဲ့.. ဆိုပြီး

ကျန်နေတဲ့ ခေါင်ဖျားတစ်ကိုင်းကိုပါ ခုတ်ချလိုက်တာ.. လူကလဲ ကိုင်စရာ သစ်ကိုင်းအပို မရှိတော့.. လူပါ ပြုတ်ကျပါလေရော.. လက်လဲကျိုးပေါ့..

ဒေါ်စောလဲ ပြောအားရှိသွားတာပေါ့။ နတ်ကိုင်လို့ သစ်ပင်ပေါ်က ပြုတ်ကြတာပေါ့။ သူ့ယောင်္ကျား မိုလို့ မသေတာပေါ့။ ရွာထဲက လူတွေကလဲ ဟုတ်သလိုလိုနဲ့။

ညလဲရောက်ရော..ဒေါ်စောက ဦးထင်နဲ့ အတူမအိပ်ဘဲ နတ်ကတောင်းဆိုလို့ ဆိုပြီး.. တခြားရွာက နတ်ကတော် ယောင်္ကျားနဲ့ အတူသွားအိပ်တာ..

အခု စာရေးနေချိန်အထိ ဒေါ်စော ကျနော်တို့ရွာကို ပြန်မလာတော့ဘူး...

8 comments:

ကြည်ဖြူပိုင် said...

ကောင်းရောကွယ်..ဒေါ်စောတို့ကတော့....ဟားဟား ဇာတ်အိမ်လေးကောင်းပ

မယ့်ကိုး said...

စာရေးပုံကော ဇာတ်လမ်းရေးရော ကြိုက်ပါတယ်။

Unknown said...

တစ်ကယ့်အညာရဲ့ အဖြစ်အပျက်လေးပဲ... ခွဲခွာခဲ့တာ ကြာခဲ့ပြီဖြစ်တဲ့ အညာကိုမြေကို လွမ်းမိပါရဲ့ အစ်ကိုရယ်...။
နှင်းဟေမာ

ကိုရင်နော်ခင်လေးငယ် said...

ဟဟား..
ဖတ်ရတာ အရသာပြည့်ဝ ပြုံးစရာဗျာ..
ဒီလို အရေးအသားတွေအတွက်.. ဝမ်းသာအားရ (ဖက်လဲတကင်း) ကြိုဆိုပါတယ်ဗျာ..

စကားမစပ် ဒေါ်စော တစ်ယောက် ပြန်ရော လာပါ့မလားဗျာ့..
နတ်ကိုင်တယ် ဆိုတာ ဒါမှ အစစ်ထင်ပါရဲ့..း))

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ရွှေပြည်သူ (ShwePyiThu) said...

စာထဲမှာ မျောသွားလိုက်တာ... ဇတ်လမ်းဆုံးမှာ ပြုံးရမှန်းသိတော့တယ်။ ဆိုးပါ့ ဒေါ်စောရယ်...

witch83 said...

ဇာတ်လမ်းလေးရော၊ ဇာတ်အိမ်လေးရော အရမ်းကောင်းပါတယ်။ just keep it up!အားပေးနေမယ်နော်....

နွေးနေခြည် said...

ဇတ်လမ်းရော၊ အရေးအသားရော ကြိုက်တယ်း)

Anonymous said...

ဟီ.. နတ်ကိုင်တာ အကိုင်လွန်သွားတယ် ထင်ပါ့ဗျာ..။