မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, July 22, 2009

ငယ်ဆရာ

ကျနော် ၏ ငယ်ဆရာ ဆရာဦးကျော်သန်း သည် ကျနော်၏ ကျောက်တံလက်လှည့် လက်ဦးဆရာ ဖြစ်ပါသည်။ ယခုအချိန်အထိ မူလတန်းတွင် စာသင်ပြလျက်ရှိပါသည်။ ဆရာကြီး မူလတန်းပြ ဆရာအဖြစ် အလုပ်စပြီး လုပ်ကတည်းက ကျနော်တို့ရွာမှာ ဆရာကြီး၏ တပည့်များကို ပြပါဆိုလျင် တရွာလုံး နီးပါးကို ပြရမည် ဖြစ်ပါသည်။
စာမေးရာတွင်လည်း စစ်စစ်ပေါက်ပေါက် မေးတတ်သူဖြစ်သည်။ ဆရာကြီး စာမေးသည်ကို မဖြေနိုင်လျင် စိတ်တိုသည်။ ဂရုမစိုက်ဘဲ ငေးနေလျင် လက်ထဲတွင် ရှိသော မြေဖြူ..ဘောဖျက် စသည်တို့ဖြင့် ပေါက်တတ်သည်။ စာမေးသည်ကို တလွဲဖြေပြီ ဆိုလျင်လဲ ဆရာကြီး၏ ပါးစပ်သုံး စကားမှာ.. မင်းအဘ လား သွား.. ထို မင်းအဘလား ဟု ပြောလာပြီဆိုလျင် ဆရာကြီး စိတ်တိုနေပြီ ဖြစ်သည်။
ဥပမာ.. အလိုကြီး အရနည်း ခြင်းအကြောင်း သင်ပြပြီ ဆိုပါစို့။ အခု လူတိုင်း ခိုင်းနှိုင်းပြောဆို နေကြသည့် ပုံပြင်ဖြစ်သည့် အတွက် အကျယ်တ၀န့် ရေးမပြလိုတော့။ အဲဒီ အလိုကြီး အရနည်း သင်ခန်းစာမှာ တစ်နေ့ ရွှေဥတစ်လုံး နေ့စဉ် ဥ ပေးသော ငန်းကို၊ ပိုင်ရှင်က အလိုကြီး ဖြစ်ကာ ငန်း၏ ၀မ်းဗိုက်ထဲတွင် ရွှေဥများစွာ ရှိနေပြီအထင်ဖြင့် ၀မ်းဗိုက်ကို ခွဲပြီး အရယူမည်ဟု အကြံဖြင့် ငန်း၏ ၀မ်းဗိုက်ကို ခွဲလိုက်လေသည်။
ထိုသို့ရှင်းပြရင်း ဆရာကြီးမှ..
  • တစ်နေ့ ရွှေဥ ဘယ်နှဥ ဥပေးသလဲ..
  • အများကြီးပါ ဆရာကြီး
  • မင်း အဘ အများကြီးလား.. ပြန်ဖြေကြစမ်း
  • ဘယ်နှလုံး လဲ
  • နှစ်လုံးပါ ဆရာကြီး
  • မင်းအဘ နှစ်လုံးလား..
  • တစ်လုံးပါ ဆရာကြီး..
  • အေး.. တစ်လုံးကွ..တစ်လုံး..
အဲဒီလို တစ်တစ်ခွခွ အားရပါးရ စာသင်သည့် ဆရာကြီး ဖြစ်ပါသည်။
ဆရာကြီး၏ မင်းအဘ ဇတ်လမ်းသည် ကျောင်းတွင်းပြင်ပ အထိ ရှိနေဆဲ။ တခုခု အဆင်မပြေတာ လုပ်မိတိုင်း လူကြီးတွေက အစ.. မင်း အဘလား. ဒီလောက်ထိ နမော်နမဲ့ နိုင်ရသလား ဟု..လူတိုင်းနီးပါး ပြောဆိုလာကြသည်အထိ ဖြစ်သည်။
ယခု မူလတန်းကျောင်းသူ ကျောင်းသား များမှာ ဆရာကြီး အပြင် ဆရာမများပါ သင်ကြားနေကြပြီ ဖြစ်သည်။ ဆရာကြီး အတန်းထဲ ၀င်လာလျင်
မင်္ဂလာပါ ဆရာကြီး..အပြင်.. ဆရာမ အတန်းထဲ ၀င်လာလျင်လည်း..
မင်္ဂလာပါ ဆရာမ ..ဟု နှုတ်ဆက်ကြရသည်။ တခါတလေ..ကျောင်းသူ ကျောင်းသားများမှ..
ဆရာကြီး ဦးကျော်သန်း အတန်းထဲ ၀င်လာသည်ပင်လျင်
မင်္ဂလာပါ ဆရာမ ဟု မှားပြီး နှုတ်ဆက်မိကြပါသည်။ ထိုအခါ ဆရာကြီးမှ..
  • မင်း အဘ ဆရာမလား.. ပြန်နှုတ်ဆက်ကြစမ်း
  • မင်္ဂလာပါ ဆရာကြီး..
  • အေး.. ဆရာထီး ကွ..ဆရာအထီး..
ကျောင်းသူကျောင်းသားများမှာ ပြုံးစိစိ။
တစ်ရွာလုံးကလည်း ထိုအဖြစ်အပျက်ကို သိကြသည်။
ဆရာကြီးမှ လည်း ပြုံးစိစိ။
  • ဆရာကြီးဦးကျော်သန်း ကျန်းမာပါစေ။

2 comments:

မယ့်ကိုး said...

ဒီဆရာကြီးနဲ့  စာသင်ရတာ တော်တော်ပျော်ဖို့  ကောင်းမှာပဲနော် :)

မိုးမောင်(HappyCloud) said...

ကျနော် အမြဲစနောက်နေကျ ဘလောဂ့်ဂါ ကဗျာဆရာမကြီး တစ်ယောက်လည်း ဒီအတိုင်းပဲ။ သူ့ကို စပြီဆို နင့်အဘ.. နင့်အဘိဆိုပြီး ပြန်ပြောတတ်တယ်။ ဆရာကြီး ဦးကျော်သန်း တပည့်များလား မသိဘူး။ :D