မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Wednesday, December 9, 2009

လိုက်ကြမလား ကိုမျိုးတို့ အညာမြေ (၅)

အားလုံး မင်္ဂလာပါ။
အားလုံး မင်္ဂလာပါ ဆိုလို့.. " စိုင်းစိုင်း.. မင်းတို့ရှေ့မှာ ရောက်နေပြီ။ အားလုံးလက်တွေ လေထဲမှာ မြှောက်ထားလိုက်" လို့ အော်မယ် ထင်မနေကြနဲ့နော်။
ဦးလေး ရဲ့ ထွန်ဂျဲဒိုးကြီးက ရေဆူ။ ကိုမျိုး က နေမကောင်း။ အခုတော့ လက်လေးလှူပ်နိုင်နေပြီလေ။ နားမှာ ဖြစ်တာ။ နား ရဲ့နောက်ဘက်ကနေ ကပ်ပြီး အရမ်းကို နာနေတာ။ အခုတော့ အဆင်ပြေသလို ဖြစ်နေပါပြီ။ အနာသိ ဆေးရှိပဲလေ။ ကံမကုန်သေးပါဘူး။ ဘုရားဖူး ဆက်ကြအုံးစို့။
..
"ဦးလေး ရဲ့ ထွန်ဂျဲဒိုးကြီး ရေထပ်ဖြည့်ဗျာ"
"အေးပါကွ။ ဖြည့်နေပါပြီ"
"ဦးလေးလဲ စိုင်းစိုင်း အော်သလို အော်လိုက်ချင်တယ်"
"ဘယ်လို အော်မှာလဲ ဦးလေး"
"ဦးလေး..မင်းတို့ နောက်မှာ ရောက်နေပြီ။ အားလုံး လက်တွေ ရှေ့မှာ ထောက်ထားလိုက်"
"လုပ်ပြီး ဦးလေးကတော့... ရေဖြည့်ပါဆို.. ရယ်စရာ ပြောနေပြီ"
"မင်းတို့ အထဲက ကွမ်းဝါးတတ်သူများ ပါလား။ ဦးလေးကတော့ ကွမ်းလေး ၀ါးနေရမှဟေ့"
"မပါဘူး ဦးလေး။ ဦးလေး ပဲ ၀ါး။ ၀ါးပြီးရင်လဲ ကွမ်းသွေးတွေ ထွေးအုံးဗျ။ စကားပြောရင် ကွမ်းတံတွေး စင်တယ်"
"အေးပါကွာ။ ကွမ်းဝါးတာတော့ မ၀ါးတတ်ရင် အစပြုပြီး မ၀ါးကြပါနဲ့ကွာ။ ပြီးတော့ မင်းတို့အထဲက ဘယ်သူတွေက လူပျို၊ အပျို တွေလဲ"
"ဘာလုပ်မလို့လဲ ဦးလေး"
"သြော်.. ကွမ်းလဲ မ၀ါးဘူးရင် အစမပြုနဲ့။ မိန်းမ လဲ မယူရသေးရင် မယူကြနဲ့"
"ဘာဖြစ်လို့လဲ"
"ကွမ်းလဲ တစ်ယာ ၀ါးပြီးရင် နောက်ထပ်တစ်ယာ ၀ါးချင်ရော။ မိန်းမလဲ အတူတူပဲ"
"လုပ်ပြန်ပြီ ဦးလေးကတော့"
.....
Update ဖြစ်သော ဓာတ်ပုံများအား www.flickr.com နှင့် www.pbase.com တို့သို့ သွားရောက်ကြည့်ရှုတော်မူကြပါကုန်။ Copy လုပ်ခွင့် ရှိမရှိ မသေချာသဖြင့် တင်ပြမထားပါ။ အကြံအဥာဏ်များပေးသည့် Talkii အား အထူးကျေးဇူးတင်ပါတယ်။
...
သမ္ဗုဒ္ဓေစေတီ နဲ့ မနီးမဝေးမှာ မဟာဗောဓိတစ်ထောင် ဘုရားကြီး နှင့် ကျောင်းတော်ကြီးကို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ ဗောဓိတစ်ထောင် ဆရာတော် အရှင်နာရဒ ၏ ဗောဓိပင် တစ်ပင် တွင် ဘုရားဆင်းတုတော် တစ်ဆူဖြင့် ဗောဓိပင်ပေါင်း တစ်ထောင်ကျော် နှင့်ဘုရား ဆင်းတုတော်ပေါင်း တစ်ထောင်ကျော် ကို အတူတကွ ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ အညာဒေသ မိုးခေါင် ရေးရှား ပြီး ခြောက်သွေ့တဲ့ ဒီလို နေရာမျိုးမှာ ဗောဓိပင်တစ်ထောင် မဆိုထားနှင့် တစ်ပင်ကိုပင် ရှင်သန်အောင် စိုက်ပျိုးဘို့မလွယ်သည့် နေရာဒေသ ဖြစ်ပါသည်။
.
ဗောဓိတစ်ထောင် ဆရာတော်သည် စာသင်သားဘ၀က တီဘီအဆုတ်နာ ဝေဒနာကို ခံစားရဘူးတယ်လို့ ဆိုပါတယ်။ မန္တလေးဆေးရုံကြီးမှာ သုံးလကြာအောင် ကုသခဲ့ပေမယ့် မပျောက်ခဲ့ပါဘူး။ ဇာတိရွာ ကြပ်ရွာသို့ ပြန်ပြီး မမြဲသည့် ခန္ဓာ၏ တရားသဘောကို သိရှိပြီး မရဏ ကမ္မဌာန်း စီးဖြန်းပြီး ကျန်ရှိသေးသည့် အားဖြင့် ကျောင်းဝန်းထဲမှ ဗောဓိပင်ကြီးအား နေ့စဉ် ရေသွန်းလောင်း ပူဇော်ပါတယ်။ ဗောဓိပင်ကြီးအောက်မှာ ဗောဓိပင် အငယ်လေးများ ပေါက် လာသည်ကို တွေ့မြင်ပြီး အိုးထဲထည့်ပြီး နေရာရွှေ့စိုက်ပါတယ်။ အဲဒီ အပင်ငယ်လေးများကို ရွာကြပ်ရွာမှ မုံရွာ ခံတက်ကန်ရွာသို့ ယူဆောင်စိုက်ပျိုးတယ်လို့ မှတ်သားရပါသည်။
.
၁၃၂၁ ခုနှစ် တပိုတွဲလ တွင် ဆရာတော် အရှင်နာရဒ သည် ခံတက်ကန်ရွာ သို့ရွှေ့ပြောင်း ကျောင်းထိုင်ခဲ့ပါတယ်လို့ မှတ်သားရပါတယ်။ ဆရာတော်ကိုယ်တိုင် ရေလောင်းစိုက်ပျိုးခဲ့သည် ဗောဓိပင်ငယ်လေးပေါင်း ၁၇၀၀ ကျော် အထိ တိုးပွားလာခဲ့ပါတယ်။ မြတ်ဗုဒ္ဓပွင့်တော်မူရာ မဟာဗောဓိပင်ကို ရည်မှန်းပြီး စိုက်ပျိုး ပူဇော်ထားတဲ့ နေရာဒေသ ကျောင်းတော်အား မဟာဗောဓိတစ်ထောင် ကျောင်းတိုက်၊ ဆရာတော်အားလည်း မဟာဗောဓိတစ်ထောင် ဆရာတော် ဟု သတ်မှတ်ခေါ်ဝေါ်ခဲ့ပါသည်။
.
ကမ္ဘာပေါ်မှာ အကြီးဆုံး လျောင်းတော်မူဘုရား တစ်ဆူလို့ ဆိုနိုင်မယ့် လျောင်းတော်မူ ဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်း ဖိုးခေါင်တောင်တော်မှာ ၁၃၅၂ ခုနှစ် ပြာသိုလဆုတ် ၉ ရက် (08-01-91) နေ့မှာ ပန္နက်ချပြီး တည်တော်မူပါတယ်။ မြန်မာအခေါ်အဝေါ် ၂၁၅ တောင် ရှည်လျားပါသည်။ ဘုရားကိုယ်တော်၏ အတွင်းဘက်အထိ ၀င်ရောက်ဖူးမြှော် ကြည်ညိုနိုင်ကြပါသည်။
.
ကမ္ဘာပေါ်မှာ အကြီးဆုံး လျောင်းတော်မူဘုရား တည်ပြီးပြန်တော့ အကြီးဆုံး ရပ်တော်မူ ကိုယ်တော်ကြီး လည်း တည်ထား ကိုးကွယ်ခဲ့ပြန်ပါတယ်။ သြော်..ဗောဓိတစ်ထောင် ဆရာတော်တို့များ အကြံတော်ကြီးပါပေ့။ ဂုဏ်ယူ ကြည်ညိုမိပါ၏။ အဝေးကနေ အကြိမ်ကြိမ် ဦးချမိပါ၏။ မြတ်ဗုဒ္ဓ၏ သာသနာ ရေရှည်တည့်တံ့ခိုင်မြဲအောင် သူတကာ မကြံစည်ရဲတာကို ကြံစည် အကောင်အထည်ဖော်ပြီး ဗုဒ္ဓ၏သားတော်တစ်ပါး ပီသပါပေသည်။
.
တန်ခိုးကြီးဘုရားတွေ စုံအောင် အားရပါးရ ဖူးပြီးရင်တော့ မုံရွာမြို့ထဲသို့ လိုက်ပို့ပါအုံးမယ်။ ပြီးရင် ကျောက္ကာရွာဘက်ကို လည်လည်သွားကြအုံးစို့။ မြန်မာ့လက်မှုအနုပညာများ ထွန်းကားရာ ကျောက္ကာရွာ နှင့်အတူ ရွှေဂူနီဘုရား နှင့် ထန်းဇလုပ်ချောင်း ဘက်ကိုလည်း လိုက်ပို့ပါအုံးမယ်။ မောင်မိုး ရေ.. ကျောက္ကာထန်းတော ရောက်မှ ဆွဲကြတာပေါ့။ အခုတော့ ကုသိုလ်စိတ်ကလေးနဲ့ ဘုရားဖူးလိုက်ပါအုံး။
.
ဓာတ်ပုံများအား http://www.panoramio.com/ မှ ကူးယူဖော်ပြပါသည်။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

8 comments:

moemoestar said...

ကိုမျိုးရေ...
ဗောဓိတစ်ထောင် ကိုလည်း အရောက်ဖူးသေးဘူး
လိုက်ပို့ တဲ့အတွက်ကျေးဇူးပါနော်...

ဒဏ္ဍာရီ said...

အကိုရေ ... နေကောင်းတာနဲ့ ခရီးစထွက်တာပဲနော်။း)
ဦးလေးရဲ့ ထွန်ဂျဲရိုးစီးရတာ တကိုယ်လုံးကို ကိုင်ရိုက်ထားသလို နာနေပေမယ့် မရောက်ဘူးသေးတဲ့ နေရာ မဖူးရသေးတဲ့ ဘုရားတွေ ဖူးလိုက်ရတာ ပင်ပန်းတာတွေ ပျောက်သွားတယ် အကိုရေ... ကျေးဇူးပါနော်။

ခင်မင်လေးစားလျှက်

subuueain said...

မန္တလေးမှာနေပြီးတော့ မုံရွာကို နှစ်ခါလောက်ပဲရောက်ဖူးသေးတယ်။ ဘုရားဖူးသွားပါတယ်နော် :-))

နွေဆူးလင်္ကာ said...

ဓါတ်ပုံတွေ မြင်တော့ သတိရလိုက်တာဗျာ။ ဗောဓိတစ်ထောင်မရောက်ခင်က ကျောက်ဝိုင်းဆိုတဲ့ ထန်းရည်ဆိုင်လေးကိုလေ ... တော်တော် ကောင်းတာဗျ ဟီးဟီး

ကောင်းကင်ပြာ said...

၂ခေါက်ပဲ ရောက်ဖူးတဲ့ ဘုရားတွေ အမြဲဖူးနိုင်အောင် ရေးပေးတဲ့ ကိုမျိုး....ကျေးကျေး
ဒါနဲ့ ဦးလေး ပြောသလိုဆို ဒုခပဲ...
(ကွမ်းလဲ တစ်ယာ ၀ါးပြီးရင် နောက်ထပ်တစ်ယာ ၀ါးချင်ရော။ မိန်းမလဲ အတူတူပဲ)...ကျုပ် တော့ ဒုခပဲ ထင်တယ်....:P

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ။ မင်္ဂလာပါ။
ဘုရာဖူးကားကလည်း အခုမှပဲထွက်တော့တယ်နော်။ ဓါတ်ပုံတွေနဲ့ တွဲပြီး ဖတ်ရတဲ့ ကိုမျိုးရဲ့ပို့စ်က ပိုပြီးကြည်ညိုစရာကောင်းသွားတယ်။ (ကွမ်းယာကိစ္စမပါဘူးနော်)။ ဦးလေးကို ပြောပေးပါ၊ ကျောက္ကာရွာရောက်ရင် အမှတ်တယပစ္စည်းလေးတွေဝယ်ချင်တယ် နည်းနည်းကြာကြာရပ်ပေးပါလို့။

Anonymous said...

ကိုမျိုးက မမပြာကိုစောင်းပြောဒယ်
ဟိုမှာခမျာ ဒုတ်ခတပြီးပြန်သွားရပြီးP
ဘုရားဖူးကိုပုံတော်တွေနဲ့တွဲဖတ်လိုက်ရတာ
ပိုအနှစ်သာရရှိသွားတယ်
ကျေးကျေးး
မေလေး

Talkii said...

ပုံတွေက flickr တို့ pbase တို့မှာရှာကြည့်လိုက်ရင် ပိုပြီး update ဖြစ်တယ်ဗျ။ get well soon bro.

စကားမစပ် နွေဆူးလကဿငာပြောတဲ့ ကျောက်ဝိုင်းဆိုတာ ကျွန်တှောတို့ ကျေက်ဖျာလို့ ခှောတဲ့ ဆိုင်ထင်တယ်။ အမြည်းစားရင်းနဲ့ ရောက်ဖူးလို့ သိတာပာ။ အဟတ်ဟတ်။