မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Thursday, December 3, 2009

လိုက်ကြမလား ကိုမျိုးတို့ အညာမြေ (၄)

ခရီးမဆက်ခင် ပြောစရာရှိတာလေးတွေ ပြောကြအုံးစို့။ အခုရေးနေတဲ့ လိုက်ကြမလား ကိုမျိုးတို့ အညာမြေ အကြောင်းကို ဗဟုသုတလည်းရအောင်၊ အညာဒေသကိုလဲ ရောက်ဖူးအောင်ဆိုပြီး ကိုယ်တွေ့လေးတွေနဲ့ ယှဉ်ပြီး တင်ပြတာပါ။ ဒီအထဲက ကြီးကြီးကျယ်ကျယ် အကြောင်းအရာတွေကလဲ ပါဝင်နေတော့ ဖတ်ဖူးသမျှ စာအုပ်တွေထဲက မိမိ ဒေသနဲ့ နီးစပ်ရာအကြောင်း ရေးဖွဲ့ထားသည့် စာအုပ်တွေထဲမှ မှတ်မိသမျှ ကောက်နှုတ်တင်ပြထားတာတွေလဲ အပါအ၀င်ပေါ့လေ။ အဲဒီတော့ ဖတ်ဖူးသမျှ စာအုပ်တွေထဲက မှတ်သားထားသည့် ဗဟုသုတများ နှင့် ကျနော် အညာသား ကိုမျိုး၏ မှတ်ဥာဏ်များ ပကတိတည်ရှိ မှတ်မိပါသေးတယ် ဆိုရင် ယခုတင်ပြသည့် အကြောင်းအရာအားလုံးသည် အမှန်အကန်များဖြစ်ပါသည်။
.
လက်ရှိရေးနေရင်း မည်သည့်စာအုပ်၊ မည်သည့်အကိုးအကားမျှ မရှိပါ။ မှတ်မိသည့်၊ ဖတ်မိဖူးသည့် စာအုပ်များမှာ ကျနော်၏ ရည်ညွှန်းစာအုပ်များဖြစ်ပါသည်။ ထိုစာအုပ်များမှာ..
မြန်မာစွယ်စုံကျမ်း။
ဆရာနေထွန်း၊ ဓာတ်ပုံများလမ်းမြေပုံများ။
ယခင်မြင်းမူ အထက်တန်းကျောင်းအုပ်ဆရာကြီး ဦးတင်မြင့်၏ အဂ္ဂံတောင်မှ မောင်သန့်ထခဲ့ (အမျိုးသားစာပေဆုရ)။
ဆရာအံ့မောင်၏ အညာဘုရားဖူး စာအုပ်။
ဖတ်ဖူးသမျှ လူထုဒေါ်အမာ၏ စာအုပ်များ။
အမြင့်မြို့ဟောင်းနှင့် ဘုရားသမိုင်း၊ စောလှထွန်း (ချောင်းဦး)။
သမ္ဗုဒ္ဓေဘုရား နှင့် မဟာဗောဓိတစ်ထောင် ဘုရားသမိုင်း။ စာအုပ်များ ဖြစ်ပါသည်။ မှတ်မိသမျှဖော်ပြ၀န်ခံခြင်းဖြစ်ပါသည်။
.
ဘာဖြစ်လို့ ခရီးမဆက်ခင် ကြားဖြတ်ပြီး ပြောပြရသလဲဆိုရင် အကြောင်းရှိပါသည်။ ယခုရေးနေသည့် လိုက်ကြမလား ကိုမျိုးတို့အညာမြေ အား အညာခရီးသွား စာအုပ်များ လစဉ်ထုတ်ဝေနေသည့် စာပေဌာနတစ်ခုမှ အီးမေလ်းကြောင့် ဖြစ်ပါသည်။ ယခုရေးနေသည့် ကိုမျိုးတို့ အညာမြေ အား ဆက်လက်ရေးသားပါရန်၊ အကြောင်းအရာအားလုံး စုံစုံလင်လင်ဖြင့် ဖော်ပြပေးရန်၊ သူတို့၏ လစဉ်ထုတ်စာစဉ်တွင် ဖော်ပြခြင်းခံရပါက အယ်ဒီတာ၏ တည်းဖြတ်ခွင့်ပေးပါရန်၊ စသည်..စသည်ဖြင့် အကြောင်းကြား စုံစမ်း မေးမြန်းလာသောကြောင့် ဖြစ်ပါသည်။
.
ပွင့်လင်းစွာ ၀န်ခံပါရစေ။ ကျနော်ကိုမျိုး စာရေးဆရာမဟုတ်ပါ။ အထက်တွင် ၀န်ခံခဲ့သကဲ့သို့ ဖတ်ဖူးသမျှ စာအုပ်တွေထဲက မှတ်သားထားသည့် ဗဟုသုတများ နှင့် ကျနော် အညာသားကိုမျိုး ၏ မှတ်ဥာဏ်များ ပကတိတည်ရှိ မှတ်မိပါသေးတယ် ဆိုရင် ယခုတင်ပြသည့် အကြောင်းအရာအားလုံးသည် အမှန်အကန်များ ဖြစ်ပါသည်။ ဘယ်စာအုပ်..ဘယ်စာစဉ်အတွက်မှ ရည်ရွယ်ရေးသားခြင်းမရှိပါ။ ကျနော်၏ ဘလော့သို့ ခင်မင်စွာ လာရောက်ဖတ်ရှု့သူအားလုံးအတွက်သာ ရည်ညွှန်းရေးသား ပါသည်။ အကြောင်းအရာများ မှားယွင်းခဲ့သည်ရှိသော်၊ ကျနော်၏ မှတ်ဥာဏ် ချို့ယွင်းမှုသာ ဖြစ်ပါသည်။
.
ကဲ ခရီးဆက်ကြအုံစို့။
"ဦးလေးရေ.. ထွန်ဂျဲဒိုး နှိုးဗျာ။"
"အဲဒါမှ ဒုက္ခပဲဗျာ။ ငါ့ ထွန်ဂျဲဒိုးက တွန်းစတတ် (တွန်း start) ဗျ။"
"ဘယ်လို တွန်းစတတ်လဲ ဦးလေးရ။"
"မင်းကလဲ စင်ကာပူမှာ နေတယ်လဲ ပြောသေး။ ညံ့ပါ့ဗျာ။ တွန်း ပြီး နှိုးမှ ရတာ ဟ..ဟဲ..ဟဲ.."
"ကဲ.. လိုက်လာတဲ့ ယောကျာင်္းလေးတွေအားလုံး တွန်းကြဟေ့ တွန်းကြ။ မိန်းကလေးတွေ အောက်မဆင်းနဲ့။ အပေါ်မှာပဲ နေကြ။"
"ဟာ..သူတို့ကို အောက်ဆင်းခိုင်းလိုက်လေ ဦးလေး။ တွန်းရတာ ပေါ့သွားတာပေါ့။"
"လုပ်ပြီ။ ငါတို့ရွာက ဘုန်းကြီးလူထွက်လို ဖြစ်နေပြီ။ မိန်းကလေးတွေဆို တအား အလေးပေးတာ။"
"ဘယ်လို အလေးပေးတာလဲ လုပ်ပါအုံး ဦးလေး။"
"မိန်းကလေးတွေများ ဗိုက်နာ၊ ဗိုက်အောင့်ဖြစ်လို့ကတော့.. ရေမန်းပေးရတာနဲ့။ ဆေးလိမ်းပေးရတာနဲ့။ ဘုရားဂါထာတွေ ရွတ်ပေးရတာနဲ့.. မျိုးစုံအောင် ဂရုတစိုက်နဲ့ လုပ်ပေးတာ။ အင်း ယောင်္ကျားလေးများ.. ဗိုက်နာ၊ ဗိုက်အောင့် ဖြစ်လို့ကတော့..အာ..ဒီကောင် မနာဘဲ ဟန်ဆောင်နေတယ်။ သွား.. ချက်ပေါ်ဆားပုံလိုက်.. ပျောက်ရော။ အဲဒီလို ပစ္စလက္ခတ် ပြောတာ။"
လုပ်ပြီ ဦးလေးကတော့.. ကားကမနိုးသေဘူး။ လူက ရယ်စရာ ပြောနေပြီ။
.
ချောင်းဦးမြို့က ထွက်တော့ ခင်မွန်ရွာ။ ခင်မွန် သုံးဂိုဏ်းချုပ်ဆရာတော်ကြီးသည် တန်ခိုးပညာ အရှိန်အစော် အလွန်ကြီးမားခဲ့သူ ဆရာတော်တစ်ပါးဖြစ်ပါသည်။ ကုန်းဘောင်ခေတ် ကုန်ခါနီးအချိန်တုန်းက ဖြစ်ပါသည်။ လွတ်လပ်ရေးတိုက်ပွဲ ခေတ်ကာလအတွင်းက ခင်မွန်ရွာသား ဗိုလ်ဘဟိန်း သည် ဗိုလ်ချုပ်အောင်ဆန်း အားကိုးအားထား ပြုရသည့် ဗိုလ်တစ်ယောက်ဖြစ်ခဲ့ပါသည်။
.
ခင်မွန်ရွာ၏ မြောက်ဘက်နားမှာတော့ မြကန်သာယာ ရေကန်တစ်ခုကို တွေ့ရှိရမှာ ဖြစ်ပါတယ်။ ခင်မွန်ရွာ လွန်လာရင်တော့ မုံရွာနယ်ထဲကို ၀င်လာပါပြီ။ ထင်ရှားလှတဲ့ မုံရွေး၊ ကြေးမုံ ကို ရောက်ရှိမှာဖြစ်ပါတယ်။ ရွာချင်းကပ်လျှက် တည်ရှိလို့ နှစ်ရွာ့တစ်ရွာ ဖြစ်နေ လောက်အောင် ပါဘဲ။ မြို့ငယ်လေးတွေလို့ ပြောရင်ရလောက်အောင်ကို ဖွံ့ဖြိုးတိုးတက်ပြီး ကြီးမားတဲ့ ရွာကြီးတွေပါ။ ကြေးသွန်းလုပ်ငန်း၊ ဂွမ်းစောင်လုပ်ငန်း၊ ဖိနပ်လုပ်ငန်း၊ မြင်းကုန်းနှီးလုပ်ငန်း၊ သံပုန်းလုပ်ငန်း၊ စသည့် လက်မှုမျိုးစုံ နာမည်ကြီးသည့် ရွာကြီးများဖြစ်ပါသည်။ မိရိုးဖလာ တောင်သူလုပ်ငန်းလဲ အပါအ၀င်ပေါ့လေ။
.
အခုတော့ ရှိသေးလားမသိတော့ပါ။ ကျနော်ငယ်ငယ်က တစ်ရွာဝင်တစ်ရွာထွက် လှည့်လည်ရောင်းချကြသည့် အထမ်းသည်များ အော်သံကို မှတ်မိနေပါသေးသည်။ မုံရွေးကတ်ကြေး ပါတယ်ဗျို့.. ၀ယ်ကြအုံးမလား။ ဒါထက် ထူးခြား ထင်ရှားသည့် ပုဂ္ဂိုလ်များလည်း ထွက်ရှိရာ အထင်ကရာ နေရာတစ်ခု ဖြစ်ပါသည်။ ကုန်းဘောင်ခေတ်လယ်ပိုင်းမှာ ပေါ်ထွန်း ထင်ရှားခဲ့သည့် မုံရွေး ဆရာတော်ဘုရားကြီး အရှင်အာဒိစ္စရံသီ။ စာရေးဆရာကြီး ကိုတာ လဲ မုံရွေးကလို့ ထင်ပါတယ်။ မြန်မာ့ရှေးဟောင်း ပုရပိုဒ်တွေကို အင်္ဂလန်ကနေ ပြန်လည် ရရှိအောင် ကြိုးပမ်းခဲ့သည့် ဦးတက်ထွဋ်။ အလင်းရောင် စာပေဗိမာန် စာကြည့်တိုက် တို့သည် မုံရွေးကြေးမုံ၏ အထင်ကရ ပုံရိပ်များဖြစ်ပါသည်။
.
မုံရွေးကြေးမုံ လွန်လာရင်တော့ဖြင့် ပုရစ်ကုန်းရွာ၊ ကူတောပလ္လင်ရွာ၊ မင်းရွာ။ အင်း..ဒီရွာတွေနားရောက်ရင်တော့ အမြဲအမှတ်ရနေစေမယ့် မွှေးပျံ့သည့် အနံ့တစ်မျိုးကို ထူးထူးခြားခြား လေထုအတွင်းမှ ရှုရှိုက်ကြရမှာပါ။ ကြာဇံစက်တွေကနေ ထွက်လာတဲ့ လေထုညစ်ညမ်းမှု အဖြစ် ပဲပုတ်ရည်နံ့တွေကို ရှုရှိုက်ကြရမှာပါ။ အညာဒေသရဲ့ အမှတ်တရပေါ့လေ။ ၀အောင် ရှုလိုက်ကြ :) ။
.
မြေနဲရွာ ကို ရောက်ပါပြီ။ မုံရွာဘက် သွားတဲ့လမ်းနဲ့ မိုးညှင်းသမ္ဗုဒ္ဓေဘုရား နှင့် မဟာဗောဓိတစ်ထောင် ဘုရားဘက်သို့ သွားတဲ့လမ်းများ ဆုံသည့် ရွာ။ အဲဒီကနေ..တစ်မိုင်နီးပါး လောက် သွားလိုက်ရင် မိုးညှင်းသမ္ဗုဒ္ဓေဘုရား ကို ရောက်ရှိမှာ ဖြစ်ပါတယ်။ လမ်းလဲ တော်တော်ကောင်းပါတယ်။ မိုးညှင်းသမ္ဗုဒ္ဓေဘုရား လို့ ဆိုလိုက်တာနဲ့ သမ္ဗုဒ္ဓေဂါထာတော်ကြီး ကို မှတ်မိကြတော့မှာပါ။ ဂါထာတော်ကြီးကို ရတယ်ဆိုရင်လဲ ရွတ်လိုက်ကြပါ အုံး။ အန္တရာယ်ကင်းတယ်။ ဘေးရှင်းတယ်။ ငယ်ငယ်တုန်းကတော့ အဘိုးအဘွားတွေ က ထိုဂါထာတော်ကြီးကို မှတ်မိပြီး အလွတ်ရနေအောင်လို့ ဒီလိုအကြံပေးပါတယ်။ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို အခေါက်တစ်ထောင်ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်ပူဇော်တယ်ဆိုရင် ခတ်ထားတဲ့ သော့တောင် မနေနိုင်လို့ ပွင့်ပေးရတယ်ဆိုပဲ။ ဟိုတလောက စာအုပ်တစ်အုပ်ထဲမှာ ဖတ်လိုက်ရသေးတယ်။ သမ္ဗုဒ္ဓေဂါထာတော်ကြီးကို ရွတ်ဖတ်ရင်း လေယာဉ်အဆင်းမှာ လေယာဉ်ပြေးလမ်းချော်သွားတာ ဘာမှ မသိလိုက်ရဘူးတဲ့။ သူ့အတွက်တော့ ဘာမှ မဖြစ်လိုက်သလိုပဲတဲ့။ ခရီးသည်အမျာစုကတော့ ဒဏ်ရာတွေ ကိုယ်စီနဲ့တဲ့။ အဲဒီလောက်အထိ အစွမ်းထက်တဲ့ ဂါထာတော်ကြီးပါ။
.
"မြရွှေငွေစိန်သီးဆောင်း၊ သမ္ဗုဒ္ဓေဘုရားပေါင်း" နဲ့အညီ သမ္ဗုဒ္ဓေဘုရားကြီးမှာ ဘုရားရုပ်ပွားတော်ပေါင်း ၅၈၂၃၆၃ ရှိတယ်လို့ သိရပါတယ်။ စေတီအရံတွေကလဲ များမှများ။ "ရှစ်သောင်းလင်း မိုးညှင်းစေတီရံ " လို့ စာဆိုရှိပြီး ၈၆၄ ဆူ ရှိပါတယ်လို့ သိရပါတယ်။ ဒီလောက်အထိ ရုပ်ပွားတော်ပေါင်း ငါးသိန်းကျော်ရှိတာ ရှုပ်ပွနေမှာပဲလို့ မေးချင်ပါလိမ့်မယ်။ တကယ့်ကို အံသြစရာ၊ ကြည်ညိုဖွယ်ရာဖြင့် သူ့နေရာနဲ့သူ၊ သူ့ပလ္လင်နဲ့သူ ရှင်းလင်းအဆင်ပြေပြီး ဗိသုကာလက်ရာတွေ အရမ်းကို လှပအချိုးညီ အဆက်ပြေပြီး သဒ္ဓါပွားဖွယ်ရာ ကြည်ညို ဖူးတွေ့ရမှာ ဖြစ်ပါတယ်။
.
ဒီပုံတော်တွေကို ဖန်တီး စီမံသူကတော့ မိုးညှင်း ဆရာတော်ဘုရားကြီး အရှင်သုမန ဖြစ်ပါတယ်လို့ မှတ်သားရပါတယ်။ ဆရာတော် ဦးသုမန သည် ရန်ကုန်အနီး သန်လျင်မြို့နယ် ၀င်းခနီးရွာ (ခုံညင်းစုရွာ) ဇာတိဖြစ်ပြီး လယ်တီဆရာတော်ဘုရားကြီး၏ သြ၀ါဒအရ မိုးညှင်းတောရသို့ ရောက်ရှိလာတယ်လို့လဲ မှတ်သားသိရှိရပါတယ်။
.
သမ္ဗုဒ္ဓေဘုရားသမိုင်း စာအုပ်မှ ကောက်နှုတ်ချက်။ ၁၃၀၁ ခုနှစ် ဒုတိယ၀ါဆိုလဆန်း ၅ ရက် (20-07-1939) မှာ သမ္ဗုဒ္ဓေ စေတီတော်ကြီးကို ပန္နက်ရိုက် အုတ်မြစ်ချပြီး တည်ပါတယ်။ ၁၃၀၂ ခုနှစ် တန်ဆောင်မုန်း လကွယ်နေ့ (18-11-1940) မှာ ထီးတော်တင်ပါတယ်။ ဘုရားကြီး ပြည့်ပြည့်စုံစုံ တည်ဆောက်ပြီးသည့် ခုနှစ်မှာ ၁၃၂၀ (1958) ခုနှစ် အထိ နှစ်ပေါင်း ၂၀ ကြာသည်ဟု ဖော်ပြထားရှိ ပါသည်။ (အမှတ်မှားရင် ပြင်ဆင်ပေးကြပါကုန်)။
.
မိုးညှင်းနဲ့မနီးမဝေး လေးမိုင်လောက် အကွာမှာတော့ မဟာဗောဓိတစ်ထောင် ဘုရားကြီးနှင့် ကျောင်းတော်ကြီးအား ဖူးတွေ့ရမှာ ဖြစ်ပါတယ်။ မဟာဗောဓိ တစ်ထောင်၏ နောက်ကျောမှာ ဖိုးခေါင်တောင်တန်းကြီး ရှိပါတယ်။ ဒီတောင်တန်းကြီး၏ အမည်များကလည်း အများသား။ မှတ်မိသမျှမှာ ခံတက်ကန်တောင်၊ (ခံတက်ကန်ရွာ အနီးမှာ ရှိလို့)၊ နွယ်ခွေတောင်ရိုး၊ ကျောက်ကာတောင်တန်း စသည်ဖြင့် အခေါ်အဝေါ်တွေ များပါတယ်။
.
ထွန်ဂျဲဒိုးကြီးလဲ ရေဆူနေပြီ။ အတက် အဆင်းတွေကလဲ များလာပြီ။ ခဏ နားကြအုံးစို့။ နေ့လည်စာ စားလိုက်ကြအုံးစို့။
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)

9 comments:

ဒဏ္ဍာရီ said...

ဦးလေးရဲ့ တွန်းစတပ် (ထွန်ဂျဲဒိုးကြီး) စီးရတာလည်း ညောင်းလာပြီ၊ ဘုရားတွေလည်း ဖူးပြီးပြီ အကိုရေ... အဲဒီသံဗ္ဗုဒ္ဒေ ဘုရားကို အပြင်မှာ ဖူးချင်နေတာ ကြာပြီ။ မန္တလေး ရောက်တုန်းကလည်း မသွားလိုက်ရဘူး။ အကိုလိုက်ပို့မှပဲ မမြင်ရပဲ ဖူးလိုက်ရတယ် သမိုင်းလေး ဖတ်ရင်း သိသွားပြီ။ ကျေးဇူးပဲ အကိုရေ... အခုတော့ ဗိုက်ကလည်းစာနေပြီ။း)

အညာဟင်းလေး ငရုပ်သီးစိမ်းလေးနဲ့ ချက်တာ စားချင်တယ်။ ပြီးရင် ကရေကရာ အချိုတည်းမယ်။း)) ကိုယ့်အတွေးနဲ့ကို စားသွားပြီနော်။

ခင်မင်လေးစားလျှက်

kaungkinpyar said...

အဲ့လိုလေး တွေ ရေးချင်လိုက်တာ ကိုမျိုးရယ်၊ ဦးနှောက်ကလဲ မကောင်း၊ စာဖတ်အားကလဲ နည်း၊ မှတ်မိသလောက်တွေ ရေးရတာ ကိုယ်ဘာသာတောင် ရှက်မိပါရဲ့၊
နောက် မသိတာတွေလဲ သိရအောင် နောက် အဆက် မျှော်မယ် နော်...

မင်္ဂလာပါ .... said...

ကောင်းပ ကိုမျိုးရေ... တစ်ကယ့်ကြည်နူးစရာ အညာသရုပ်လေးကတော့ ပီပြင်လှပါတယ်
အားပေးလျှက်ပါ

Talkii said...

(မုံရွာကဘက်က အလာ) မုံရွေးမရောက်ခင်က ကြာဇံစက်တွေက မီးလောင်တာကတစ်ကြောင်း၊ ပြောင်းခိုင်းတာကတစ်ကြောင်း မုံရွာစက်မှုဇုန်ကို ရောက်သွားပြီထင်တယ် မမှားဘူးဆို ၂နှစ်လောက်တောင် ရှိရော့မယ်။ အနံ့က မုံရွာအဝင်ဘက်ကနေဆိုရင် သင်းခနဲပဲ။ :)

မအူကိုလဲဝင်ပာ။ မြေပဲစားလှော စားပာ။ သမိုင်းဝင်ဖူးမစဲကိုလဲ ဝင်ဖူးပာ။ (ဟီး ဖတ်ချင်တာတွေ ကြိုပြောနေတာ)

moemoestar said...

ကိုမျိုးရေ...
ကိုမျိုးဦးလေးရဲ့ ထွန်ဂျဲဒိုး စီးရတာ ရယ်စရာတွေနားထောင်ရတာနဲ့  မပင်ပန်းဘဲ ခရီးရောက်သွာ်းတယ်...

ရွှေရတုမှတ်တမ်း said...

အက်တောမရောက်သေးဘူးလား..း))

ရေတမာ said...

ပေါက်တော ဗျို့...... ကြာဆံစက်က အနံ့ကတော့ ကိုမျိုးပဲ ရှုပါ။ ကျောက်ကာ ရွှေဂူနီလည်း ဖူးကြမယ်ပေါ့ ဗောဓိတထောင်က အခု အသစ်ဆောက်နေတာ လိုက်ပြမှာလား။ အသစ်ဆောက်တာတော့မရောက်သေးဘူး။ ခဏနားရအောင်လေ ဗိုက်ဆာပြီ။

မိုးမောင် said...

တမာတန်းရောက်မှ ပြုစုမယ်ဆို။ စောင့်နေတယ်ဗျို့။ :)

Myanmar Good Knowledg Co., Ltd said...

ကိုမျိုးရေ၊ မင်္ဂလာပါ။ လိုက်ကြမလား ၄ကိုဖတ်ပြီး မုန်ရွေးကတ်ကြေး ကို ဖတ်တော့ အဖွားကိုသတိရတယ်။ အဖွားရဲ့အကြိုက်လေ။ ထွန်ဂျဲဒိုးကို ဘယ်လိုပဲမောင်းမောင်းစီးရဲပါတယ်။ သမ္ဗုဒ္ဓေဂါထာတော်ကြီး ကို တစ်လမ်းလုံးရွတ်လာတာလေ။ ခင်လို့နောက်တာပါ ဟဲဟဲ။ တစ်ချို့နေရာ မိုးညှင်း တို့ဘာတို့ဘက်ကိုတော့ မရောက်ဖူးဘူး၊ သွားကြည့်ချင်တယ်။ “ခင်မွန် သုံးဂိုဏ်းချုပ်ဆရာတော်ကြီး”ဆိုတာ ကိုသိပ်နားမလည်ဘူး ။
ကျွန်မလိုလူမျိုးတွေအတွက် တခါတလေ ရှင်းလင်းချက်အတိုလေးထဲ့ပေးပါနော်။