ညီမလေး နှင်းဟေမာ
တခါတလေ မဟုတ်ဘဲ အချိန်တိုင်း နီးပါး ဒီသီချင်းလေးတွေကို ညည်းဖြစ်ပါတယ်။ အဆိုတော် လွှမ်းမိုး နောက်ပိုင်း ဖြစ်ကြတဲ့ အဆိုတော် အားလုံးရဲ့ သီချင်းတွေကို နားမထောင်ဖြစ်ခဲ့တာ ကြာပါပြီ။ အဲဒါ ဆို ကိုမျိုး ရယ်... ဘာသီချင်းတွေ နားထောင်ဖြစ်လဲ၊ ဆိုဖြစ်လဲ။ သြော်.. ပြောရင်လဲ..ဟယ် ဖြစ်ရလေလို့ ဆိုချင်ကြအုံးမယ်။ ခေတ်နောက်ကျတယ်ကွာ လို့ပဲ ပြောချင်ပြောစေတော့ ကျနော် အချိန်တိုင်း နီးပါး ညည်းဖြစ်တဲ့ သီချင်းတွေကတော့ မြန်မာသံစဉ်တွေပါ။ တွံတေးသိန်းတန်၊ ကိုအံ့ကြီး၊ မာမာအေး၊ ချိုပြုံး၊ သုမောင်၊ ခင်ညွန့်ရီ စသည်ဖြင့် သူတို့ရဲ့ သီချင်းတွေကို အားလုံးနီးပါး ဆိုတတ်သလို၊ အလွတ်လဲ ရနေပါတယ်။ ဟယ်..ဒီအညာသားကတော့ လုပ်ချလိုက်ပြန်ပြီ။ ရွာပြန်တုန်းက အဒေါ်ကြီး တစ်ယောက်ကို မေးခဲ့ဘူးတယ်.. ဘယ်သီချင်းတွေ ရယ်..အစားအသောက်တွေရယ် ကို အကြိုက်ဆုံးလဲ လို့ .. အဒေါ်ကြီး က ပြန်ဖြေတယ်..
မေးရက်တယ် မောင်မျိုးရယ်..
အညာသူ အညာသားတွေပဲလေ..
တွံတေးသိန်းတန် သီချင်းနဲ့... ဆူးပုတ်ရွက် ဟင်းချိုကို အကြိုက်ဆုံးပေါ့တဲ့။
အောက်က သီချင်းစာသားလေးကို ဖတ်ကြည့်ပါအုံး။ ပြီးမှ သီချင်းကို နားထောင်ကြည့်။ မွေးရပ်မြေ ရွာကို လွမ်းတိုင်း ဆိုဖြစ်တဲ့ သီချင်းတွေထဲက တစ်ခုပေါ့။
မြို့ကြီးပြကြီး မနီးတဲ့ တောရပ်ရွာတွင်
တောရပ်ဌာနေမှ အဲဒီကအစ
လူဖြစ်ရတဲ့ ကိုယ့်ဘ၀အခြေတွင်
ကိုယ့်အသက်အရွယ် ငါးနှစ်ကျော် ဆယ်နှစ်အတွင်း
အဖော်တွေများနဲ့ ကစားခဲ့ကြပျော်ပျော်ရွှင်
မမေ့နိုင်ဘူးအစဉ်
ကိုယ့်ဇာတိမြေ တောရပ်ရွာကိုပင်....
ဒီသီချင်းလေးကတော့ ရေချိုးခန်းထဲမှာ ရေချိုးရင်း ဆိုဖြစ်တဲ့ သီချင်းတွေထဲက တစ်ခုပေါ့။ စာသားလေးကို အရင် ဖတ်ကြည့်ပါအုံး။
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းရယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာနေ..
ကြာနီတစ်ပွင့် ဖြူတစ်ပွင့်
တဲနဲ့ပဏ္ဏာတင့်တယ်လို့..
ကျောင်းစာတွေ အော်ကျက်ရင်းနဲ့
မိအေးနဲ့ တို့အဖော်တွေ
ကျောင်းကအပြန် လယ်ကွက်ထဲ
မိုးထဲရေထဲ ပျော်လဲပျော်ကြတယ်..
လွယ်အိတ်ကလေးနဲ့ မလွတ်တလွတ်အရွယ်
မိအေးရယ် ငါ့ကိုပေးဟဲ့.... လွယ်အိတ်ကလေးကို ၀ိုင်းလို့လွယ်..
အခုတော့ ကြာပြီ ရာသီပြောင်းလို့.. နှစ်ဟောင်းကြာလဲ အောက်မေ့တယ်..
နင်ဘယ်မှာလဲကွယ်.. ကျောင်းနေတုန်းက သူငယ်ချင်းမလေး..
မိအေး ဘယ်မလဲ ကွယ်.....
အခုလို ရေးနေရင်း..ဆိုနေရင်းနဲ့ ရွာကိုလွမ်းလာတယ်။ ရွာကို ပြန်ချင်လာမိတယ်။ ရွာက သူငယ်ချင်းတွေကို မြင်ယောင်လာမိတယ် ဗျာ။ ပျော်ရာမှာ မနေ ပဲ တော်ရာမှာ နေရတဲ့ ဘ၀တွေဆိုတော့.. စိတ်ထွက်ပေါက် အနေနဲ့ အခုလို သီချင်းတွေကိုလဲ စိတ်ထွက်ပေါက် တစ်ခု အနေနဲ့ တစွန်းတစ အော်ဆိုမိပြန် ပါရဲ့ ညီမလေး နှင်းဟေမာ။ ပြုံးရွင်စွာနဲ့ ခံစားနားဆင် ကြည့်ပါ။
အညာမှ ခရေညိုရေ... လွယ်မယောင်နဲ့ ခက်နေတဲ့ တက်ဂ် အတွက် အချိန်လေး ပေးပါအုံး။ ညီမလေး နှင်းဟေမာ.. ကျေနပ်တော့နော်။
ခင်မင်စွာဖြင့်
ကိုမျိုး