ရော်ရည်မျှော်မှန်း စိတ်ဝယ်တမ်းတ
မှန်းဆကာရည် တမ်းတပါသည်
ဒီလိုပြောခဲ့သည်။
ကျွန်တော်ရောက်လေရာ နေရာတိုင်းက တမ်းတသည်
အောက်မေ့မိသည် သြော်အောက်မေ့မိသည်
ကျွန်တော့်မွေးဌာနီ။
မုံရွာအနီးက ဟို...ကျောက္ကာတောင်ရွာဆီ..မွေးဌာနီ နေရာဟောင်းကို ညီလေးအောက်မေ့သည်..
ဘူးခါးချောင်း ရေကြည်ကြည်..နေရီရီညနေချမ်းမှာ..ကျောက္ကာသူများ ရေချိုးလာသည်..
သောက်ရေအတွက် လက်ယက်တွင်းကလေးတွေ..ယပ်ကာ ခပ်ရသည်...ညီလေးတို့ဌာနီ
"ဦးလေး သီချင်းတွေ ဆိုလို့ပါလား။ မုံရွာ ဘက်ကို အရင်သွားမယ်လေ။ ပြီးမှ ကျောက္ကာရွာဘက်ကို ၀င်မယ်။
"ဒီ ဗောဓိတစ်ထောင်ဘက်ကနေ ကျောက္ကာဘက်ကို အညာလမ်းလေးရှိတယ်။ အဲဒီကနေ ကျောက္ကာဘက်ကို အရင်သွားမယ်။ ပြီးမှ မုံရွာ။
" အေးကွာ...ကျောက္ကာဆိုတာနဲ့ စိတ်က ပြန်ငယ်သွားတာ။ ပြီးတော့ အဆိုတော် သန်းထွန်းလေး ကို သတိရလို့။
"အော်.. ဒီသီချင်းက ဦးသန်းထွန်းလေး ဆိုခဲ့တာလား။
"ဟုတ်ပကွာ.. အခုတော့ သူ့သမီး ပိုးအိစံ လဲ ပြန်ဆိုထားတယ်။
"ကျောက္ကာမှာ ဇတ်လမ်းတွေ ရှိခဲ့လို့လား ဦးလေး
"ရှိခဲ့တာပေါ့ကွာ။ အထွေအထူးတော့ မဟုတ်ပါဘူးကွာ။ ဦးလေးရဲ့အမ.. ကိုမျိုးရဲ့အမေ.. အပျိုတုန်းက.. ဦးလေးက ခပ်ငယ်ငယ်.. သူတို့က အပျိုရွယ်တွေပေါ့။ ဒီကျောက္ကာ ရွှေဂူနီဘုရားပွဲမှာ ဘုရားဖူး လာကြတုန်းက ဖြစ်ခဲ့တာ။
"လုပ်ပါအုံး ဦးလေး။ ကျနော် မမွေးခင်တုန်းက အဖြစ်ဆိုတော့ စိတ်ဝင်စားတယ်။
"ဒီလိုကွာ.. ဦးလေးရဲ့ အမတို့ အဖွဲ့ အပျိုရွယ်တွေကို.. ဘုရားဖူး လူပျိုတွေက နောက်ကြ..ပြောင်ကြ.. လူငယ်သဘာဝ ပိုးကြ ပန်းကြလုပ်တော့.. အမက.. ဦးလေးကို ပြောတယ်..
"ဘာပြောလဲ ဦးလေး..
"ဒီကောင်တွေ အမတို့နောက်က လိုက်လာပြီး ပိုးနေတယ်။ ငါ့မောင်.. ဒီကောင်တွေကို မောင်းထုတ်လိုက် ဆိုလို့..ဦးလေးက..ကလေးပီပီ ဆဲပြီး မောင်းထုတ်လိုက်တာ။ ကိုမျိုး အမေက ငါ့ကို ဂေါင်းခေါက်ပြီး ဆွဲစိတ်တယ်ဗျာ။ တော်တော်နာတယ်
"ဦးလေးက ဘယ်လိုဆဲပြီး မောင်းထုတ်လိုက်တာလဲ။
"ဦးလေးကလဲ ကလေးဆိုတော့.. ဆဲပြီး အော်ပြောလိုက်တာ။
"ဘယ်လို ဆဲပြီး အော်လိုက်လို့လဲ ဦးလေး။
"ဟေ့..ငါ့ အမတွေကို လိုက်ပြီးပိုးတဲ့ကောင်တွေ..ငါ့ယောက်ဖတွေ" ဆိုပြီး ဆဲလိုက်တာ။ အဲဒီတုန်းကတော့ ဘယ်သိမလဲ.. ငယ်သေးတာကိုး။
လုပ်ပြီ ဦးလေးကတော့။
..
ကျောက္ကာရွာသည် မုံရွာမြို့အရှေ့ဘက် ၁၀မိုင်ခန့်အကွာတွင် တည်ရှိပါသည်။ ရွာဦးတွင် တန်ခိုးကြီး ရွှေဂူနီဘုရားကြီး တည်ရှိပါသည်။ ရွှေဂူနီဘုရားသည် ရှေးခေတ်ကတည်းက တန်ခိုးကြီး ဘုရားတစ်ဆူဖြစ်ပါသည်။ ရွှေဂူနီဘုရားသည် ဓမ္မသောက မင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ဘုရားနှင့်ကျောင်းကန်များမှ တစ်ခုအပါအ၀င် ဖြစ်ပါသည်။ အဲဒီအချိန်ကာလတုန်းက မြို့ဦးအသောက ဘုရားရယ်လို့ တွင်ခဲ့ပါသည်။ နောက်ပိုင်း ရှင်ဘုရင်မင်း အဆက်ဆက် ပြုပြင်ထိန်းသိမ်းလာခဲ့ရာ ဘုရင်မင်းခေါင်ကြီး လက်ထက်မှာ ဘုရားအဟောင်းကို ပြန်လည်ပြုပြင်ခဲ့ပါသည်။ အဲဒီကာလမှာ ကျောက္ကာရွှေဂူ ဘုရားရယ်လို့ သမုတ်ခဲ့ပါသည်။ အဲဒီနောက် ဘိုးတော်ဖန်နန်းရှင်မင်း လက်ထက်တွင် ကျောက္ကဆရာတော် အရှင်ဥာဏ မှ ပြုပြင်ထိန်းသိမ်းပြီး တည်ထားကိုးကွယ် ခဲ့ရာ ယခုအချိန်အထိ ရှေးမူမပျက် တည်ရှိပါသည်။ (အမှတ်မှားရင် ပြင်ဆင်ပေးကြပါကုန်)။
အခုတော့ ဘုရားဖူးများမှ လှူဒါန်းထားသည့် ဘုရားကျောင်းဆောင်များနှင့် ဇရပ်များ၊ အ၀င်မုဒ်ဦးများဖြင့် အလွန်တရာမှ ကြည်ညိုဖွယ်ရာ စေတီတစ်ဆူဖြစ်ပါသည်။ ဘုရားအတွင်းရှိ ရုပ်ပွားတော်များမှာလည်း အလှူရှင်များ၏ စေတနာသဒ္ဓါတရားဖြင့် ရွှေသင်္ကန်းများ ကပ်လှူထားသည်မှာ ဘုရားဆင်းတုတော်ပင် ရွှေတုန်းကြီးပမာ ဖြစ်နေပါတော့သည်။
ဘုရားပွဲအားလည်း နှစ်စဉ်နှစ်တိုင်း မေလ ၁၂ ရက် မှ ၂၁ ရက် အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပါသည်။ မုံရွာနယ်မှ ဘုရားဖူးများအပြင်၊ အရာတော်နယ်၊ မြင်းမူနယ် မှ ဘုရားဖူးများ၊ နိုင်ငံခြား ဧည့်သည်များဖြင့် အထူးစည်ကားသည့် ဘုရားပွဲတော် တစ်ခုဖြစ်ပါသည်။ မြန်မာ့ရိုးရာ လက်မှုပညာများ ပေါများစွာ ထွက်ရှိရာဒေသဖြစ်သည့်အပြင်၊ ကျောက္ကာတောင် နှင့် ထန်းဇလုပ်ချောင်းတို့မှာလည်း အထူးစည်ကားရာ၊ လည်ပတ်စရာ ဒေသတစ်ခုဖြစ်ပါသည်။ ကျောက္ကာမှ ထင်ရှားသည့် အနုပညာလက်ရာမှာတော့ ကျောက္ကာယွန်းအစ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ ဖြစ်ပါသည်။ ၀ယ်ဖြစ်အောင် ၀ယ်လိုက်ကြပါအုံးနော်။
ကျောက္ကာရွာ အရှေ့ဘက်မှ ထန်းဇလုပ်ချောင်း သည်လည်း ဘုရားဖူးများ နားခိုရာ၊ ရေချိုးရာ၊ ရေကစားရာ နေရာတစ်ခု အဖြစ် ထင်ရှားလှပါသည်။ အညာဒေသ မိုးခေါင်ရေရှား ရပ်ဝန်းမှာ အမြဲစိမ်းလန်းစွာဖြင့် စိမ့်စမ်းရေများ ထွက်ရှိရာ အေးမြသည့် ထန်းဇလုပ်ချောင်းကိုဖြင့် ကျောက္ကာရွာရောက်လျှင် မဖြစ်မနေသွားရမည့် အပန်းဖြေရာ နေရာတစ်ခုဖြစ်ပါသည်။
.
အခုတော့ ထန်းဇလုပ်ချောင်းကို ပိတ်ပြီး နိုင်ငံတော်အစိုးရမှ ဆယ့်နှစ်ရာသီ သီးနှံစိုက်ပျိုးရန် နှင့် သုံးရေအတွက် အဆင်ပြေအောင် ထန်းဇလုပ်ရေလှောင်တမံကြီး ကို တည်ဆောက်ပေးထားလျှက်ရှိပါသည်။ ထန်းဇလုပ် ရေလှောင်တမံ တာရိုးပေါ်မှ ဖြတ်ပြီး ထန်းဇလုပ်ချောင်းဘက်ကို သွားရသည့် လမ်းမှာလည်း (မောင်မိုးရေ..ဒီလမ်းမှာ ထန်းရည်ပေါဗျ။ လယ်ကြွက်ကင်လေးနဲ့ ၀င်ဆွဲလိုက်တော့ အ၀) အလွန်သာယာစွာ ရှိလို့ ကျောက္ကာရွာသို့ ရောက်လျှင်ဖြင့် ၀င်ဖြစ်အောင် ၀င်လိုက်ကြပါလို့။
ညနေပိုင်းမှာတော့ မုံရွာကျောက္ကာလမ်းပေါ်မှ မုံရွာစီးပွားရေးတက္ကသိုလ် နှင့် မုံရွာတက္ကသိုလ် တို့သို့ လည်လည်ပို့ရင်း မောင်မောင်ညီနောင် လဘက်ရည်ဆိုင် မှာ လဘက်ရည်သောက်ရင်း အဆောင်သူလေးတွေကို ငေးကြတာပေါ့။
..............................................
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)
9 comments:
ထန်းဇလုပ် ချောင်းထဲ ရေလာချိုးတာ ..တာရိုးပေါ် လျှောက်ပီး ပြန်ပီ ကိုမျိုး ရေ၊ တို့လဲ လက်ဖက်ရည် ဆိုင်က စောင့်မယ်..
ကိုမျိုးရေ...
ကျောက္ကာရွာရော၊ထန်းဇလုပ်ချောင်းရော
သီချင်းထဲမှာ ကြားဖူးနေတယ်...
ကိုမျိုးဦးလေး ဆဲပုံလေးလည်း သဘောကျသွားပါတယ်...
ကိုမျိုး ဦးလေး မဟုတ်ဘဲ ကိုမျိုးကိုယ်တိုင်များ ဆဲခဲလေသလားဟင် ရှက်နဲလေဗျာ
ကိုမျိုးရေ၊ မင်္ဂလာပါ။
သန်းထွန်လေးရဲ့ သီချင်းကော၊ ဦးလေးရဲ့သီချင်းကော၊ ကောင်းတယ်။
ဓါတ်ပုံတွေက ပန်းချီကားလိုပဲ လှတယ်။
ကျောက္ကာရွာယွန်းပစ္စည်းလေးတွေပုံ ကြုံရင်တင်ပေးပါအုန်းနော်။
သီချင်းလေးနားထောင်ရင်း ပို့စ်လေးဖတ်သွားပါတယ်ဗျာ။ အဲလိုကဗျာဆန်လှတဲ့ အညာသားမဟုတ်တော့ အရမ်းရောက်ဖူးချင်လိုက်တာဗျာ။ ကျောက္ကာတောင်ရွာဆိုတာ မုံရွာမှာလားဗျ။ အစတုန်းက ဧရာဝတီတိုင်းဘက်မှာ ထင်နေတာ။ အခုတော့ သိသွားပြီး၊ မုံရွာသူရှာယူရမယ့် ပုံပဲဗျာ။ ကိုမျိုးတို့အားကိုးလို့ရမယ်မထင်ဘူး။ မုံရွာသူနဲ့မှ အဆင်ပြေတော့မယ်ထင်ပါ။ ပျော်ရွှင်ပါစေအကိုရေ
လိုက်ကြမလား အညာမြေ(၅)မှာတုန်းက "ကွမ်းလဲ တစ်ယာ ၀ါးပြီးရင် နောက်ထပ်တစ်ယာ ၀ါးချင်ရော။ မိန်းမလဲ အတူတူပဲ" ဆိုတာရယ်.. အညာမြေ(၆)ကျတော့ "ဟေ့..ငါ့ အမတွေကို လိုက်ပြီးပိုးတဲ့ကောင်တွေ..ငါ့ယောက်ဖတွေ" ဆိုတာရယ်ဖတ်ပြီး အဲဒီဦးလေးရဲ့တော်ကီတွေကို ရီနေရတယ်။
ကိုမျိုးရေ..မုံရွာကနေပြန်ရင် အတန်မမေ့ခဲ့နဲ့..အတန်ဝက်အူချောင်းကိုပြောတာ..
အကိုရေ ... ကျောက်က္ကာရွာလေးက ချစ်စရာလေးနော်။ ယွန်းပစ္စည်းလေးတွေလည် ၀ယ်သွားတယ်။ လက်ဖက်အုပ်လေးက လှတယ်နော်။း)
ဦးလေးသီချင်းဆိုတာ အသံလည်း ကောင်းပါ့။ ဒါပေမယ့် ဦးလေး ဆဲလိုက်တာ ရှိသမျှ အမတွေ ကုန်ရော...။း)
တော်သေးလို့ ငါ့တူတွေ သာဆိုရင် ရှိသမျှတူမတွေ ကုန်ပြီ။ အခုတော့ ယောက်ဖတွေဆိုတော့ ဒဏ္ဍာရီတို့ တူမတွေ လွတ်သွားတယ်။ ကျေးဇူး...။
အကိုရေ... သီချင်းလေးနားထောင်လိုက် စာလေးဖတ်လိုက်နဲ့ မနက်စောစော ကြည်နူးသွားတယ်။
ကျေးဇူးနော်...။
ခင်မင်လေးစားလျှက်
ကိုမျိုးရေ..
အညာမြေအလွမ်းပြေ တစ်ခေါက်တော့ ရောက်ခဲပြန်တယ်
အဲဒီလမ်းတွေမှာပေါ့...တစ်ချိန်က စက်ဘီကိုစီ စီးကြ
ပြီး ... အဟဲ..သွားသတိရမိတယ်..
ခင်တဲ့
အလွမ်း
Post a Comment