မွေးရပ်မြေအညာ သို့ အလည်လာရောက်ကြသူ မိတ်ဆွေအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံအောင်မြင်နိုင်ကြပါစေ..... ကိုမျိုး (အညာမြေ)...

Monday, October 26, 2009

ပီယ စောရ အရုပ်လေး နဲ့ တောက်တောက်ချစ်ပွဲကြီး

အားလုံးသော ရွာသူရွာသားများ သိစေရန် ကြေညာအပ်ပါသည် ခင်ဗျား။
ရွာဦးဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ကန်တော်မင်္ဂလာအား မိုးဦးမကျမှီ ကန်တော်ဆင့်ရန်အတွက် မနက်ဖန်မှ အစပြုပြီး ရပ်ကွက်အလိုက် အသင်းအဖွဲ့များဖြင့် ကန်တော်ကြီးအား တူးခြင်း၊ ကန်ကသင်းအား မြှင့်တင်ခြင်းပြုလုပ်ရန် စီစဉ်ထား ရှိပါသည်။ မပျက်မကွက် ပါဝင်ကုသိုလ်ယူ ကြပါရန် အသိပေးအပ်ပါသည် ခင်ဗျား။

ဥက္ကဌ၏ ကြေညာချက်အပြီး ရွာသူရွာသားတွေအားလုံး ကန်တော်ဆင့်ရန်အတွက် တက်တက်ကြွကြွ ပါဝင်နိုင်ရန် မနက်ဖန်ဘယ်သူ့အသင်းမှစပြီး ကန်တူးမယ်၊ ကန်ဆင့်မယ်ဆိုတာသိခြင်းဖြင့် တရွာလုံး တက်တက်ကြွကြွ။ မနက်ဖန် ဦးကြည်၊ ဦးအောင် နှင့် ကိုသိန်း တို့ ညီအကို အဖွဲ့သားနှင့် အနောက်ပိုင်း ရပ်ကွက် တာဝန်ကြပါတယ် ခင်ဗျား။
.............
"ဟေ့ မောင်အောင်..
"ဘာလဲ ဦးကြည်..
"ဒီမှာကွာ ဘာအရုပ်လေးလဲ မသိဘူး။ အခု ငါ.. ကန်တူးရင်း တွေ့တာ။ လက်တစ်ဖက်မှာလဲ ယပ်တောင်လေးနဲ့၊ ပြီးတော့ မိန်းမ အရုပ်ကလေး။
"ပြစမ်း..ပြစမ်း..
"အေးပါကွာ ပြပါ့မယ်.. ထူးဆန်းတယ်ကွ..ဒီအရုပ်ကလေးကို ဘာခေါ်လဲ မသိဘူး။ အဖြူရောင်လေး။
"အေးနော်..အဖြူရောင် မိန်းမ အရုပ်ကလေး၊ ယပ်တောင်လေးနဲ့။
"သေချာ ပွတ်ပြီး မြေမှုန်လေးတွေ ဖယ်လိုက်ကွာ။
"အေး အေး..
"ဟာ..ဟာ.. ဖွေးဆွတ်နေတာပဲ။ အပေါက်လေးတွေလဲ ပါတယ်ကွ။
"ဘာပေါက်လေးတွေလဲ..ဘယ်နှပေါက်လဲ။
"ဘာပေါက်လေးတွေလဲတော့ မသိဘူးကွ..ခြောက်ပေါက်ကွ။
"ငါတို့ ညနေကျရင် ဆရာဦးသုန် ဆီ သွားမေးရအောင်..
"အေး..အေး..ဆက်တူးကွာ.. များများတူးကွာ.. များများ ကုသိုလ်ရအောင်..
..............................
"ဗျို့..ဆရာသုန်.. ဆရာသုန်
"ဟာ..ဘယ်သူတွေများလဲလို့.. မလာသဖူး အလာထူးပါလား...ဗေဒင် မေးကြမလို့လား..
"အလာထူးဆို ဆရာရယ်..မနေ့က ကန်တော်ဆင့်ရင်း အဖြူရောင် မိန်းမရုပ်ကလေး ယပ်တောင်လေးကိုင်ထားတာ တွေ့ခဲ့လို့.ထူးဆန်းတယ် ဆိုပြီး ဆရာဆီ လာပြတာ..
"အင်း..အဲဒါဆိုလဲ ဆရာ့ကို ပြစမ်း..
"ဟာ.. ဒီအရုပ်ကလေးက ဒီကန်ထဲ ရောက်နေတာကိုး..
"ဆရာက ဒီအရုပ်ကလေးကို သိလို့လား..
"ဒီအရုပ်ကလေးနဲ့ ပတ်သက်ပြီး ဆရာလဲ ငယ်ငယ်ကတည်းက ကြားဖူးနေတာ။
"ပြောပြပါအုံး ဆရာရယ်..

"ဒီလိုကွ.. ဒီအရုပ်ကလေးက အရင်ဆရာတော်ကြီး မပျံလွန်တော်မူစဉ်က လူသေအရိုးနဲ့ လုပ်ခဲ့တာ။ အပေါက် ခြောက်ပေါက်က လူတစ်ယောက်မှာပါတဲ့ ဆဌဒွါဒ ခြောက်ပေါက်ကို ရည်ညွှန်းတာ။
"ဆဌဒွါဒခြောက်ပေါက် ဆိုတာ ဘာလဲဆရာ။
"သြော်..လူမှာ အပေါက်ခြောက်ပေါက်ပါတယ်.. နား၊ နှာခေါင်း၊ ပါးစပ်၊ ချက် ပေါက်လဲပါတယ် ထင်တာပဲ၊ ပြီးတော့ ချက်ရဲ့ အောက်နားက ရှေ့ နဲ့ နောက် နဲ့ အပေါက် နှစ်ပေါက် ရယ်.. အားလုံးပေါင်း အဲဒီ ခြောက်ပေါက်ကို ဆိုလိုတာ ဖြစ်မယ်..
"ဒီအရုပ်ကလေးမှာ ထူးဆန်းမှုတွေ၊ ထူးဆန်းချက်တွေ၊ အစွမ်းထက်တာတွေ ရှိမယ်ထင်တယ်နော် ဆရာ။
"ဘယ်နှယ့်ပြောပါလိမ့်.. ရှိတာပေါ့ဗျာ..
"လုပ်ပါအုံး ဆရာရယ်..ကျုပ်တို့ကို ပြောပါအုံး။
"ဒီလိုကွ..ဒီလူသားအရိုး အရုပ်မလေးမှာ ထူးဆန်းအံ့သြဖွယ်ရာ အချက်နှစ်ခု ရှိတယ်။ ဒီအရုပ်ကလေးကိုလဲ ပီယ စောရလို့ ခေါ်တယ်။ ပီယဆိုတာ ချစ်ခင်နှစ်သက် ခြင်း၊ စောရဆိုတာ သူခိုးကို ဆိုလိုတာ။
"ပီယ စောရ ဆိုတော့ စောရချစ်သူ..သူခိုး ချစ်သူ လို့ ဆိုလိုတာလား ဆရာ။
"မဟုတ်ဘူးကွ.. ပီယ က သတ်သတ်..စောရ က သတ်သတ်။ အဲဒါကြောင့် ဒီအရုပ်ကလေးမှာ ဒွါဒ..ဒွိဒ.. နှစ်ခု သောအကျိုးကို တပေါင်းတည်း ရပြီး အစွမ်းထက်အောင်လို့ ဒွါဒ ခြောက်ခုပါ ထည့်ထားတာ။ ရှင်းရှင်းပြောရရင်.. ပီယ ဆိုတဲ့ အချစ်ကို လိုချင်ရင်လဲ ဒီအရုပ်မှာ အစွမ်းရှိတယ်။ အဲဒီလိုပဲ စောရ ဆိုတဲ့ သူခိုးနက္ခတ် လဲ ပါတယ်..အဲဒါကြောင့် ပီယ စောရ လို့ ခေါ်တာ..
..........................

"ဟာ..ဒါဆိုရင် တော်တော် ထူးဆန်းတဲ့ အရုပ်ကလေးပဲ။ ဘယ်လို အစွမ်းထက်အောင် လုပ်ရတယ်ဆိုတာလေး ပြောပါအုံး ဆရာရယ်..
"ပီယ ဆိုတဲ့ ချစ်ခြင်းအတွက်.. မိမိချစ်ခင် စုံမက်သောသူက မိမိကို ပြန်လည်ချစ်ခင် နှစ်သက် စုံမက်လာအောင် ဒီအရုပ်ကလေးမှာ အစွမ်းရှိတယ်.. မိမိက တကယ် ချစ်ခင် စုံမက် နှစ်သက်သူ ဖြစ်ရမယ်။
"ဘယ်လို လုပ်ရမလဲ ဆိုတာ ရှင်းရှင်းပြောပါ ဆရာရယ်.. ကျုပ်မှာ တကယ်ချစ်နေတဲ့သူ ရှိတယ်ဗျ။ ကျုပ်ဘက်က တဖက်သတ် ဖြစ်နေတာ။
"တကယ် ချစ်တာ ဆိုရင်တော့ ဒီအရုပ်ကလေး က ကူညီပါလိမ့်မယ်။ ဒါပေမယ့် ဒီအရုပ်ကလေး ပိုပြီး အစွမ်းထက်ဖို့ နတ်ကွမ်းရွက်ရိုး ကိုတော့ သုံးရမယ်။

"ကွမ်းရွက်ကတော့ ရှိပါတယ် ဆရာရယ်.. နတ်ကွမ်းရွက်ရိုးဆိုတာ ဘယ်လိုမျိုးလဲ..
"နတ်စင်မှာ အရိုးပါတဲ့ ကွမ်းရွက်ကို ခုနှစ်ရက်တိတိ ထားပြီး သုံးရမယ့် ကွမ်းရွက်ကို ဆိုလိုတာ..
"ဒါဆိုလွယ်ပါတယ် ဆရာရယ်..ရွာမှာလဲ နတ်စင်ဆိုတာ နတ်ကတော် ဒေါ်စော အိမ်ရှေ့မှာတင် ရှိနေတာပဲ..
"အဲဒီ နတ်ကွမ်းရွက်ရိုးနဲ့ အရုပ်မှာ ပါတဲ့ ချက်ပေါက်ရဲ့ အောက်နားက ရှေ့ဖက်ကအပေါက်မှာ မိမိချစ်သူ နှစ်သက်သူနဲ့ စကားပြောတဲ့ အခါမှာ ခုနှစ်ခါတိတိ လှည့်ရင်း မျက်လုံးချင်း ဆုံပြီး စကားပြောရမယ်..
"ထပ်ပြောပါအုံး ဆရာရယ်.. တခါတည်း ပြန်ပြီး ကြိုက်ရောလား.. အသည်းတောင် ယားလာပြီ ဆရာရယ်..
"အဲဒီ နတ်ကွမ်းရွက်ရိုးနဲ့ အရုပ်မှာ ပါတဲ့ ချက်ပေါက်ရဲ့ အောက်နားက ရှေ့ဖက်ကအပေါက်မှာ မိမိချစ်သူ နှစ်သက်သူနဲ့ စကားပြောတဲ့ အခါမှာ ခုနှစ်ခါတိတိ လှည့်ရင်း မျက်လုံးချင်း ဆုံပြီး စကားပြောရမယ်..
.....................

"နောက်အစွမ်းတမျိုး ဖြစ်တဲ့ စောရ အကျိုးကရော ဆရာရယ်..
"ဒီ စောရ အစွမ်းကိုတော့ အသုံးမပြုကြပါနဲ့ကွာ။ အန္တရာယ်များပါတယ်။ အကုန် ဒုက္ခရောက်ကုန်ကြလိမ့်မယ်။
ပြောပါဆရာရယ်..ကျုပ်တို့လဲ ရွာမှာ မျိုးရိုးစဉ်ဆက် ချမ်းသာပြီး၊ သူခိုးမျိုး မဟုတ်ပါဘူး ဆရာရယ်.. မကောင်းရင် အသုံးမချပါဘူး။

"အဲဒါဆိုလဲ ပြောပြမယ်။ ဒီစောရ အစွမ်းကို ရချင်ရင်တော့ ဒီအရုပ်ကလေးကို ညမအိပ်ခင်မှာ ကွမ်းအစ်ထဲမှာ ထည့် အဖုန်းပိတ်ထားပြီး အနားမှာ ထားပြီးအိပ်။ မနက်မိုးလင်းလို့ ကွမ်းအစ်အဖုံးပေါ်တက်ပြီး ရောက်လာရင်.. အဲဒီလာမယ့်ညမှာ အရုပ်ကလေးကိုယူပြီး ဘယ်သူ့အိမ်ဝင်ပြီး ပစ္စည်းဥစ္စာ ခိုးခိုး.. ခိုးလို့ရမယ်..ဘယ်သူမှ မသိစေရဘူး။ ကွမ်းအစ်အပေါ်ကို မနက်မှာ တက်ပြီးရောက် မနေရင် တော့ မခိုးနဲ့။

"ဒုတိယ အစွမ်းကိုလဲ ထပ်ပြီး ပြောပါအုံး ဆရာရယ်..
"ဒီ စောရ အစွမ်းကို ရချင်ရင်တော့ ဒီအရုပ်ကလေးကို ညမအိပ်ခင်မှာ ကွမ်းအစ်ထဲမှာထည့် အဖုန်းပိတ်ထားပြီး အနားမှာ ထားပြီးအိပ်။ မနက်မိုးလင်းလို့ ကွမ်းအစ်အဖုံးပေါ်တက်ပြီး ရောက်နေရင်..အဲဒီလာမယ့်ညမှာ အရုပ်ကလေးကိုယူပြီး ဘယ်သူ့အိမ်ဝင်ပြီး ပစ္စည်းဥစ္စာခိုးခိုး.. ခိုးလို့ရမယ်.. ဘယ်သူမှ မသိစေရဘူး။ ကွမ်းအစ် အပေါ်ကို မနက်မှာ တက်ပြီးရောက် မနေရင်တော့ မခိုးနဲ့။
...........................

"ဦးကြည်၊ ဦးအောင်..
"ဘာလဲကွ.. ပြောလေ မောင်သိန်း
"နတ်ကွမ်းရွက်ရိုးကလဲ ဒီနေ့ညဆို ခုနှစ်ရက်တိတိ နတ်စင်မှာ ထားပြီးပြီ ဆိုတော့ လုပ်ငန်း စလိုက်ရအောင်..
"မောင်သိန်း..မင်းက ဘယ်သူ့ကို သွားပြီး စမ်းမှာလဲ..
"ဘယ်သူရှိရမှာလဲဗျ။ ကျုပ် တဖက်သတ်ချစ်နေတဲ့ ပွဲစားကြီးရဲ့ သမီးကလျာအလှ မကြည်မြ ကိုပေါ့..
"ကြည့်လဲ လုပ်ပါကွာ..မင်းရုပ်ရည်နဲ့ အရုပ်လဲ ကယ်နိုင်မယ် မထင်ပါဘူး။
"ဘာပဲဖြစ်ဖြစ် ကျုပ်က တကယ် ချစ်ခင် စုံမက်နေတာဗျ.. အစွမ်းပြမှာပါ..
"သြော်. ဖြစ်ရလေ မောင်သိန်း ရယ်.. လူမစွမ်း အရုပ်မ ဆိုသလို ဖြစ်နေပြီ
"ကူညီပါဗျာ..ဒီနေ့ည မကြည်မြ တို့အိမ်သွားပြီး တောက်တောက်ချစ်ပွဲ လုပ်ရအောင်.. အဖော်လိုက်ခဲ့ ကြပါဗျာ..
"ကြည်မြ က ကွမ်းတောင်ကိုင် မာနလဲကြီးတယ်နော်..လွယ်မယ်မထင်ဘူး။ အရင်တစ်ခါ ဟိုကောင် သူဌေးသား ရဲ့ တောက်တောက်ချစ်ပွဲ ကိုတောင် အပေါက်ဖွင့်ပေးလို့လား..
"အဆင်ပြေမှာပါဗျာ.. ကျုပ်မှာ ပီယ စောရ အရုပ်လဲ ပါမှာပဲလေ..
"အဲဒါဆိုလဲ လုပ်ကွာ..

ဒီနားမှာ ကြုံတုန်းလေး.. ကျနော်တို့ အညာရဲ့ အထူးသဖြင့် ကျနော်တို့ရွာရဲ့ တောက်တောက်ချစ်ပွဲ အကြောင်းကို ပြောပြချင်ပါတယ်။ တောက်တောက်ချစ်ပွဲ ဆိုတာ ဘယ်သူက စခဲ့သလဲဆိုတာတော့ ကျနော်လဲ မသိပါဘူး။ အခုအချိန်အထိ ရွာဓလေ့အဖြစ် အစဉ်အလာ တစ်ရပ်အနေနဲ့ ရှိနေတာပါ။ မိမိချစ်ခင် နှစ်သက် သောမိန်းကလေး အိမ်သို့ ညဘက်မှာ သွားပြီး မိန်းကလေး အိပ်နေတဲ့ အခန်းဘေးက တံခါးပေါက်မှာ သွားပြီး ဒုတ်နဲ့ တောက်တောက်..တောက်တောက် မြည်အောင်ခေါက်ပြီး မိန်းကလေးကို နှိုးရတာပါ။ မိန်းကလေးက နိုးပြီး ဘယ်သူလဲ ဘယ်ဝါလဲ မေးရပါတယ်။ တောက်တောက် လာခေါက်တိုင်း မေးရပါတယ်။ ဘယ်သူ ဘယ်ဝါလဲ မေးပြီး မိမိချစ်ခင် စုံမက်သူဖြစ်ပါက တံခါးပေါက်ဖွင့်ပေးပြီး စကားလက်ခံ ပြောတဲ့ ဓလေ့ပါ။ မိဘတွေမှလဲ တောက်တောက်မြည်လို့ သိနေရင်တောင် မနှောက်ယှက်ကြပါဘူး။ သမီး သဘောပါ။ ချစ်ခင် စုံမက်သူ မဟုတ်ပါက တံခါးဖွင့်မပေးပါ။ လက်ခံပြီး စကားမပြောပါ။ ကိုယ့် အခြေအနေကို သိပြီး တပ်ခေါက်ပြန်ရတဲ့ ဓလေ့ပါ။

စကားလက်ခံ မပြောဘဲ အတင်းကြီး တောက်တောက် .. တောက်တောက် လုပ်နေလို့ကတော့  ဥက္ကဌ ရဲ့ ထိပ်တုန်းစာ မိပြီသာမှတ်။ အဲဒီ ချစ်စရာ ဓလေ့လေးကို ကျနော်တို့ရွာသူ ရွာသားတွေ ဟို..ဘိုးစဉ်ဘောင်ဆက် သုံးခဲ့ကြတာပါ။ ဘယ်သူ့သမီးကို ဘယ်သူက တောက်တောက်ချစ်ပွဲ လုပ်တာ လက်ခံပြီး စကားပြောတယ်တဲ့။ မနက်မိုးလင်းတာနဲ့ တစ်ရွာလုံး ကြားရပြီသာမှတ်။ ဘယ်သူတော့ တောက်တောက်ချစ်ပွဲ မအောင်မြင်တာလဲ တစ်ရွာလုံး မနက် မိုးလင်းရင် အကုန်သိ။ တောက်တောက်ချစ်ပွဲမှာ စကားလက်ခံပြောပြီးခဲ့ရင်တော့ နောက်ထပ် ကာလသားများအတွက် အခွင့်အရေး မရှိတော့။ နှစ်ဘက်မိဘတွေမှ မဂ်လာရက်မြတ် ရွေးကြပြီသာမှတ်။
.............
ကဲ မောင်သိန်း ရဲ့ ဒီနေ့ည မကြည်မြ အိမ်သွားပြီး လုပ်မယ့် တောက်တောက်ချစ်ပွဲ ပြန်ဆက်ကြစို့။
....................
တောက် တောက်..
တောက်..တောက်..
"ဘယ်သူလဲတော့..
"ကြည်မြ..ငါပါ.. မောင်သိန်း ပါဟ။
တောက် တောက်..
တောက်..
"ဖြေးဖြေးလုပ်ပါတော့..လူကိုလဲ ဒုတ်နဲ့ ချစ်မိပါအုံးမယ်..
"ဟာ..ကြည်မြ..နင် ငါ့ကို တံခါးဖွင့်ပေးပြီး လက်ခံ စကားပြောတယ်..
"တိုးတိုး လုပ်ပါတော့.. ဟိုဘက်အိမ်က လူတွေ ကြားကုန်ပါအုံးမယ်..
"ကြားကြား ကြည်မြ ရယ်.. ကိုသိန်း အချစ်ကို လက်ခံတယ်ပေါ့နော်..
"ပြောစရာ လိုသေးလို့လား ကိုသိန်းရယ်.. လက်ခံစကားပြောပါတယ်ဆိုမှ ကိုသိန်းရယ်.. မနက်ကျရင် တစ်ရွာလုံး သိကြတော့မှာ တော့..
"၀မ်းသာလိုက်တာ ကြည်မြရယ်..ဘယ်နှစ်ကြိမ် ရှိသွားပြီလဲ ကို မသိတော့ပါဘူး..
"ဘာပြောတယ်တော့..
"အော်.. ငါ ၀မ်းသာတာ ဘယ်နှစ်ကြိမ် ရှိသွားပြီလဲ ဆိုတာ မသိတော့ဘူးလို့ ပြောတာပါ..
"တော့မှာလဲတော်.. စကားပြောရင်းနဲ့ လက်တွေက တုန်နေတာလား..
"အေးဟာ..ငါလဲ ငါအရမ်းချစ်တဲ့ နင့်ကို ချစ်ခွင့်ပန်မယ်ဆိုကတည်းက လက်တွေတုန်နေတာ..ငါ့လက်ကို ငါ ပြန်ကိုင်ထားရတယ်..
"ဟုတ်ရဲ့လားတော်..တော့ လက်ထဲမှာ တစ်ခုခုများ ကိုင်ထားသလားလို့..
"အမှောင်ထဲမှာမို့ ဖြစ်မှာပါ ကြည်မြရယ်..
......................
ကဲ.. ပီယ စောရ အရုပ်ကလေးရဲ့ အစွမ်းလား၊ မောင်သိန်း ရဲ့ ချစ်ခြင်းမေတ္တာ စွမ်းအားလားတော့ မသိဘူး။ မောင်သိန်း နဲ့ ကြည်မြ တို့ရဲ့ တောက်တောက်ချစ်ပွဲ ကြီးကတော့ တစ်ရွာလုံး ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်ရပါတယ် ခင်ဗျာ..


ခင်မင်လေးစားစွာဖြင့်
အညာမြေမှ ကိုမျိုး

17 comments:

ခရေညို said...

အင်းနော် အရုပ်ကလေးကပဲစွမ်း တာလား? ဖူးစာပဲပါလို့လား? ပိုင်တာနော်။
တောက်တောက်ချစ်ပွဲ အကြောင်းမှတ်ထားမယ်နော်။ ခရေညို ရဲ့သားတွေကို လည်း တောက်တောက်ချစ်ပွဲ အကြောင်းပြောပြထားလိုက်မယ်။ ဟိ

Myanmar Good Knowledg Co., Ltd said...

ရီရတယ်နော်။ တကယ်ကို အဲဒီအရုပ်ရှိခဲ့တာလား ဆန်းတယ်နော်။ “တောက်တောက်ချစ်”အစဉ်အလာက အခုထက်ထိရှိနေတုန်းပဲဆိုတာလည်း စိတ်ဝင်စားစရာပဲ။

နွေးနေခြည် said...

တောက်တောက်ချစ်ပွဲက စိတ်ဝင်စားစရာပဲး)

ကိုမျိုးရော ဘယ်နှခါ တောက်တောက်ချစ်ခဲ့လဲ... ဟိ

ဒါနဲ့ ဇတ်ကောင်က မောင်သိန်းလား မောင်ထွန်းလား ၂မျိုးဖြစ်နေတယ်း)

ကိုမျိုး (အညာမြေ) said...

နေခြည်ရေ..

ကျေးဇူးတင်ပါတယ်... ဇတ်ကောင်က မောင်သိန်း ပါ။ အမှားပြင်ဆင်ထားပြီး ဖြစ်ပါတယ် ခင်ဗျား...

ကျေးဇူးတင်စွာဖြင့်
ကိုမျိုး

ဒဏ္ဍာရီ said...

အယ် ... တခါမှ ကြားဘူးဘူးရယ်နော်။ ရီစရာကောင်းသလို စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ နာမည်လေးကလည်း ချစ်စရာလေး "တောက်တောက်ချစ်" တဲ့။

ခင်မင်လေးစားလျှက်

ရွှေရတုမှတ်တမ်း said...

ကိုမျိုးရေ.ဗမာပြည်မျာတုန်း က ကျနော့ဆီမှာ..ဂဝံရုပ်တွေရှိဘူးတယ်..သိတ်စွမ်းရင်လဲ..မိန်းမ အတည်တကျကို..မရတော့ဘူး..အဟီး..

thawzin said...

အဲဒီရုပ်လေး လိုချင်လိုက်တာဗျာ.... ဘယ်သူအိမ်သွားတောက်ခေါက်ရမှန်းမသိသေးဘူး။ အခေါက်ခံချင်သူရှိရင်တော့လဲ ဒီအရုပ်မလိုပါဘူး။ အရုပ်ကစွမ်းတာမဟုတ်ပါဘူး။ ဖူးစာရှိလို့ဆုံတာပါ။ အတိတ်ကိုမသိနိုင်ပေမယ့် ရှိခဲ့တဲ့အတိတ်ကြောင့်စုံတယ်လို့ သိလိုက်ရင် ဒီလူအမြင်မှန်ပဲ။ ဘာပဲပြောပြောလူတွေကတော့ ယုံကြည်နေကြလေရဲ့ဗျာ။

မိုးမောင် said...

ဒီလို အဖြစ်လေးတွေလည်း ရှိသကိုး။ ဆရာမျိုး.. သူများအချစ်ဇာတ်လမ်းတွေချည်းရေးနေတယ်။ ကိုယ်တွေ့ အချစ်ဇာတ်လမ်းလေး ဖတ်ချင်တယ်ဗျာ။ ဟေး ဟေး။ (တကယ် ပူဆာတာနော်)

ဖြူတုတ်လေး said...

တောက်တောက်ချစ် ဓလေ့လေးကိုတော့ ဖြူတုတ်စိတ်ဝင်စားတယ်။ အဲဒီအရုပ်ကလေးကသာ သိပ်စွမ်းနေရင် 'ဖူးစာ' ဆိုတဲ့စကားကတော့ တိန်ကောသွားတော့မှာပဲ။ :)

moemoestar said...

ကိုမျိုးရေ...
အညာမှာ အဲဒီလို ထူးခြားတဲ့ ဓလေ့လေးတွေ
ရှိတတ်တယ်နော် သိခွင့်ရတဲ့အတွက် ကျေးဇူးပါ...

slym said...

interesting superstitious statue!!!!
It's another great creation by mixing upper village's custom & superstitious statue to attract virtual world friends..
Wonder how much is it worth if we put this statue on auction..:D

Unknown said...

စိတ်ဝင်စားဖို့ကောင်းတဲ့ ပို့စ်လေးလာဖတ်သွားတယ် ကိုမျိုးရေ.. ....
နှင်းဟေမာ

Talkii said...

စိတ်ဝင်စားစရာပါပဲ။ ကိုသိန်းဆိုတဲ့သူဆီ ရှိသေးရင် ခဏငှားချင်သား :D

ကိုရင်နော်ခင်လေးငယ် said...

ပြုံးရွှင်စရာမို့ ဖတ်ရတာ ပေါ့ပေါ့ပါးပါးနဲ့ ညစ်နေတာတွေတောင် ပျောက်သွားတယ်..

“တောက်တောက်ချစ်ပွဲ” ဆိုတာကတော့ စိတ်ဝင်စားစရာပဲ...း)

မောင်မျိုးရော တောက်တောက်ချစ်ပြီးသွားပလား..း)

သေချာတယ် ကိုမျိုးမှာ ဒီလို ဆန်းဆန်းပြားပြား အညာဇာတ်လမ်းတွေ အများကြီးရှိမယ်.. ရေးဗျာ များများလေး..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

ရေတမာ said...

အဲဒီ နတ်ကွမ်းရွက်ရိုးနဲ့ အရုပ်မှာ ပါတဲ့ ချက်ပေါက်ရဲ့ အောက်နားက ရှေ့ဖက်ကအပေါက်မှာ မိမိချစ်သူ နှစ်သက်သူနဲ့ စကားပြောတဲ့ အခါမှာ ခုနှစ်ခါတိတိ လှည့်ရင်း မျက်လုံးချင်း ဆုံပြီး စကားပြောရမယ်

အဲဒါကို နားမလည်ဘူး

ရေတမာ said...

ဟိုလေ တမျိုးမထင်နဲ့နော် မှာ တွေကများနေတော့ မျက်စိရှုပ်သွားတယ်

kiki said...

အဲဒီ ပီယစောရ အရုပ်လေး အခု ဘယ်သူ့ လက်ထဲမှာ ရှိနေလဲ ..မောင်သိန်းတို့ ဇာတ်လမ်းလေးဆက်ပါဦး ကိုမျိုး ရေ ..။ တကယ် ဖူးစာ ပါပြီး အိမ်ထောင်ပြုဖြစ်သွားသလား လို့  ပါ ။ တောက်တောက်ချစ်ပွဲလေး က ခြေတံရှည်အိမ်တွေမှာပဲ လုပ်လို့ ရမယ်ထင်တယ် နော် ။ ခုခေတ်မှာ တိုက်ခံအိမ်တွေ ဖြစ်ကုန်ကြတော့ ဘယ်နေရာ မှာ တောက် ရမလဲ နော် ..