ကိုမျိုးငယ်ငယ် လေးတန်း နှစ်က ဖြစ်ပါသည်။ ၈၈ အရေးအခင်းကာလ။ အဖေ နှင့် အမေ၊ ကိုမျိုး ရယ် အစ်ကိုဖြစ်သူ က အဘွားတို့နှင့် အတူနေစဉ် ဖြစ်ပါသည်။ တစ်နေ့။ ညနေစောင်းအချိန်။ ရွာဦး အရှင်ကြီးပင် အောက်မှ ဒိုင်း ကနဲ့ သေနတ်ဖောက်သံ ကြားလိုက်ရသည်။ ရွာသူရွာသားအားလုံး အထိတ်တလန့်နဲ့ ဒမြတွေ ၀င်လာပြီဟေ့။ မီးကွက်တွေ မှုတ်ထားကြ။
.
လူကြီးတွေရဲ့ ပြန်လည် ပြောပြချက်အရ ယခင်က ရွာတစ်ရွာမှာ ဒမြ တိုက်တော့မယ်ဆိုရင် ဒမြတိုက်မယ့် အဖွဲ့သား အနည်းဆုံး ခြောက်ဦးရှိတယ်လို့ သိရပါတယ်။ သုံးဦးက ရွာဦးမှာ။ ကျန်သုံးဦးက တိုက်မယ့် အိမ်အနားမှာ။ မတိုက်ခင် ရွာဦးကနေ သေနတ်ကို အစမ်းပစ် ရပါတယ်။ အဲဒီ သေနတ် ကျည်ထွက်ပြီးမှ ဒမြတိုက်လို့ အဆင်ပြေတယ်ဆိုတဲ့ အယူအဆ။ ရွာဦးက သေနတ် ကျည်မထွက်ဘဲ အဲဒီရွာကို ဒမြ ၀င်တိုက်ရင် အဆင်မပြေဘူးဆိုတဲ့ အယူအဆ။ အဲဒါကြောင့် ကျွန်တော်တို့ ရွာဦးကနေ ဒိုင်း ကနဲ့ သေနတ်သံ ကြားလိုက်ရတာပါ။
.
ထိုသေနတ်သံ အော်သံများနှင့်အတူ ကျွန်တော်တို့ အိမ်သို့ ဒမြ တိုက်ပါတော့သည်။ အဲဒီအချိန် အိမ်မှာ အဖေ၊ အမေ၊ ဦးလေး၊ အဘိုး နဲ့ အဘွား ရယ် ကျွန်တော်ရယ် ရှိနေပါသည်။ လူသုံးယောက် ရုတ်တရက် အိမ်ထဲသို့ ၀င်လာပြီး တစ်ယောက်က အဘိုးအား သေနတ်ဖြင့် ချိန်။ ဒူးတုတ် ထိုင်ခိုင်းပါသည်။ ကျန်နှစ်ယောက်က ဓားပြပြီး အဖေ နှင့် ဦးလေးကို ဒူးထောက် ထိုင်ခိုင်းပါသည်။ အဘွား ဘယ်ရောက်နေသည် မသိ။ ကျွန်တော်က အမေ့ ရင်ခွင်ထဲမှာ။ လှူပ်ရှားမှုအားလုံး မြင်နေရပါသည်။
.
အဘိုးက အညာယက်ကန်းစင် ရဲ့ နောက်ဖက်မှာ ဒမြတစ်ယောက်ရဲ့ရှေ့ ဒူးထောက်။ ကျွန်တော်ရယ် အဖေ၊ အမေ ရယ် ဦးလေး ရယ်က ယက်ကန်းစင် ရဲ့ ဘေးဖက် မျက်စောင်းထိုးမှာ ကျန်နှစ်ယောက်ရှေ့ ဒူးထောက်။
" အဘိုးကြီး။ ခင်ဗျားအိမ်ကို ကျုပ်တို့ ဒမြတိုက်တယ်။ လူမသတ်ချင်ဘူး။ အဲဒီတော့ ရှိတာတွေ အကုန်ပေး။
" ဟဲ့..သမီး စပါးပုတ်အောက်က ရွှေအိုးကို ပေးလိုက်။ ညည်း ဆွဲကြိုး နဲ့ လက်ကောက်ပါ ပေးလိုက်။
အမေက ကျွန်တော့ကို အဖေ့ရှေ့ တွန်းပို့ပြီး ထားခဲ့။ စပါးပုတ်သို့ အသွား ဒမြတစ်ယောက် အမေ့နောက်က ခပ်ခွာခွာ လိုက်သွားတာ တွေ့လိုက်ရတယ်။ အဲဒီ အချိန်မှာ အဖေက အနားမှာ ရှိနေတဲ့ သစ်သားဒုတ် တစ်ခုကို ရုတ်တရက်ဆွဲပြီး သေနတ်ကိုင်ထားတဲ့ ဒမြ တစ်ယောက်ရဲ့ဦးခေါင်းကို ဒူးထောက်ထိုင်နေရာက ခုန်ပြီး အားကုန်လွှဲ ရိုက်ချလိုက်ပါတော့သည်။ ရုတ်တရက်မို့ အငိုက်ခံ လိုက်ရတဲ့ အချိန်မှာ ဦးလေးဖြစ်သူက ဓားကိုင်ထားတဲ့ တစ်ယောက်ကို ၀င်ပြီး လုံးပါတယ်။
.
အဘိုးလဲ ဒူးထောက်နေရာကထပြီး ကျွန်တော့ကို ပွေ့ကာ အနားရှိ ပဲစင်းငုံ ထည့်ထားသည့် ပုတ်အတွင်းသို့ ထည့်လိုက်ပါသည်။ ခွပ်ကနဲ့ အသံကြားလို့ အမေ့နောက်က လိုက်သွားတဲ့ သူက ပြန်လှည့်လာပြီး နပန်းလုံးနေသည့် ဦးလေးအား ၀င်ပြီး ဓားဖြင့် ခုတ်ပါတော့သည်။ ဦးလေးကလဲ ခေသူမဟုတ်။ လူးလှိမ့်ပြီး လွတ်အောင်ရှောင်လိုက်နိုင်သည်။ အဘိုးက အမေ့နောက် လိုက်ပြီး ထွက်ပြေးပါသည်။
.
သေနတ်ကိုင်ထားသည့် ဒမြသည် အဖေ့ သစ်သားဒုတ် လက်ချက်ဖြင့် မှောက်နေပြီ။ ဦးလေးက လက်နက်မပါ။ အဖေက သစ်သားဒုတ်ဖြင့်။ ကျန်နှစ်ယောက်က ဓားကိုယ်စီဖြင့်။ ကျွန်တော်က ပဲပုတ်ထဲမှာ။ အဘိုးနှင့် အမေက လွတ်ရာပြေးပြီ။ အဘွားဘယ်ရောက်နေသည် မသိ။ အားလုံးတော့ သေကုန်တော့မှာဘဲ လို့ စိတ်အထင်ဖြင့် ပုတ်ထဲကနေပြီး ခေါင်းထောင်ပြီး ကြည့်မလို့ မော့လိုက်ကာ ရှိသေး။ ကျွန်တော့ ခေါင်းကို လက်တစ်ခုက ဖိပြီး ငြိမ်ငြိမ်နေ ဆိုပြီး ဖိထားပါသည်။ အလိုလေး။ အဘွား ပါလား။ ဘယ်အချိန်က ဒီပဲပုတ်ထဲ ရောက်နေသည် မသိ။
.
ဦးလေးက အိမ်အပြင် ထွက်ပြေး။ အဖေလဲ နောက်ကလိုက်ပြီး ပြေး။ ဒမြနှစ်ယောက်လဲ လိုက်ပြီးပြေး။ သေနတ်နဲ့ ဒမြတစ်ယောက် ယက်ကန်းစင်ဘေးမှာ မှောက်ရက်လဲနေခဲ့။ ဒမြ တစ်ယောက်က ဦးလေးရဲ့ နောက်ကနေပြေးလိုက်ပြီး ဓားဖြင့်ခုတ်လိုက်ရာ ဒီတစ်ခါတော့ ဦးလေး မလွတ်။ ခေါင်းတော့ မထိ။ ခြေကျင်းဝတ် ထိပြီး အား ကနဲ့ အိမ်ရှေ့မှောက်ရက် လဲကျပါတော့သည်။ အဖေက နောက်ပြန်လှည့်ပြီး ကိုင်ထားတဲ့ သစ်သားဒုတ်ဖြင့် ပေါက်လိုက်ရာ ဒမြဖြစ်သူ၏ မျက်နှာမှန်ပြီး နောက်သို့ လဲကျသွားပါသည်။ ကျန်ဒမြတစ်ယောက်က အိမ်အပြင်ရောက်တာနဲ့ လမ်းမပေါ်ထွက်ပြီး ပြေးပါတော့သည်။
.
" ဒမြတွေ ထွက်ပြေးပြီဟေ့။ လိုက်ကြ။ လိုက်ကြ။
ဦးလေးနဲ့ အဖေက သံပြိုင်အော်ကြတော့ အနီးမှာ ရှိတဲ့သူတွေ သတ္တိဝင်လာပြီး ကျွန်တော်တို့ အိမ်ဝင်းထဲသို့ အရပ်လေးမျက်နှာမှ ၀င်လာကြပါတော့သည်။ သစ်သားဒုတ်ဖြင့် မျက်နှာအမှန်ခံရတဲ့ ဒမြလည်း လမ်းမဘက်ထွက်ပြီး ပြေးပါတော့သည်။ ဦးလေးဖြစ်သူရဲ့ ခြေထောက်က သွေးတွေထွက်နေတာ မြင်လို့မကောင်း။
"ဘာတွေပါသွားသေးလဲ..
"ဒမြဘယ်နှစ်ယောက်လဲ..
"အဘွားနဲ့ မောင်မျိုးရော..
"အဘိုးနဲ့ အမေ ရော..
"အဖေရော ဘာဖြစ်သွားသေးလဲ..
"ဟိုလူနှစ်ယောက်နောက်ကို လိုက်ကြ။
"ဦးလေးကို ဆေးခန်းပို့ကြ။ ဆိုတဲ့ အသံတွေ ညံပွက်နေပြီး တစ်ရွာလုံးနီးပါး အိမ်အပြင်ထွက်လာ ကြပါတော့သည်။
.
"ဘာမှတော့ ပါမသွားဘူး။
"ဒမြ သုံးယောက်။
"သေနတ်နဲ့ ဒမြ သေပြီ။
"ကျန်နှစ်ယောက် ပြေးပြီ။
"အဘွားနဲ့ မောင်မျိုး ပဲပုတ်ထဲမှာ။
"အဘိုး နဲ့ အမေ ဒီမှာ။
"အဖေ ဘာမှ မဖြစ်။
"ဟိုလူနှစ်ယောက် ဘယ်ရောက်သွားလဲ မသိ။
"ဦးလေးကို ဆေးခန်းပို့။ ခြေကျင်းဝတ် အကြောပြတ်သွားလို့ ဆေးရုံတင်ဘို့ စီစဉ်ရမည်။
.
မနက်မိုးလင်းတော့ မြို့နယ်စခန်းမှုးနှင့် အဖွဲ့ရောက်လာပြီး သေနေတဲ့ ဒမြကို သယ်ယူသွားကြပါသည်။ ဘယ်လောက်ထိများ ကြောက်အားလန့်အားနဲ့ ရိုက်ထားသည်မသိ။ ဒမြ၏ ခေါင်းမှာ ဖရဲသီးကို ရိုက်ခွဲထားသည့် ပမာ။ ကျန်နှစ်ယောက် အိမ်ရှေ့လမ်းအတိုင်း ထွက်ပြေးတာ အခုထိ ဘယ်ရောက်နေသည် မသိ။ ဦးလေးကို ဆေးရုံပို့လိုက်ကြပြီ။ ကိုမျိုး ကိုလဲ ဆေးရုံပို့ရန် ထပ်မံပြီး စီစဉ်ကြပါသည်။
.
အကြောင်းမှာ ကြောက်အားလန့်အားနဲ့ ပဲစင်းငုံထည့်ထားသည့် ပုတ်ထဲသို့ ပုန်းနေစဉ် ပဲစင်းငုံစေ့ နှစ်စေ့။ နားထဲတွင်တစ်စေ့။ နှားခေါင်းပေါက်ထဲတွင် တစ်စေ့။ ၀င်နေသောကြောင့် ဖြစ်ပါသည်။ နားထဲ ၀င်နေသည့် အစေ့ကလဲ ဘာနဲ့မှ ကော်ထုတ်လို့ မရ။ ကွက်တိလေး ၀င် နေပါသည်။ နှာခေါင်းပေါက်ထဲက တစ်စေ့ကလဲ ကွက်တိလေး ၀င်နေပြီး အပြင်မှ ဘယ်လိုမှ ထုတ်လို့မရ။ နှာခေါင်းတစ်ဖက်ပိတ်ပြီး နှပ်ချေးညှစ်သလို ညှစ်သော်လည်း မရ။ နားထဲက အစေ့ကလဲ ဘယ်လိုထုတ်ထုတ် မထွက်။ နောက်ဆုံးတော့ ကိုမျိုးကိုပါ ဆေးရုံပို့ဘို့ စီစဉ်ကြပါတော့သည်။
.
အခုရေးနေရင်းနဲ့ အဲဒီတုန်းက အဖေ ရဲ့ တဇွတ်ထိုး မိုက်ရဲမှုကို ကြောက်လန့်မိပါသည်။ သစ်သားဒုတ်နဲ့ အပိုင်ရိုက်လိုက်နိုင်လို့ မဟုတ်ရင် အဖေသေပြီ။ ဦးလေးလား။ ဦးလေးကိုတော့ အဖေ့ထက် ပိုပြီး စိတ်ချသည်။ ဦးလေးက ရွာမှာ ဗမာသိုင်းဆရာ။ ကျွန်တော် ခုနှစ်တန်းလောက်မှာ ဗမာ့သိုင်း ပညာကို ဦးလေးသင်ပေးလို့ တော်တော်စုံနေပေပြီ။ ဦးလေးပြောစကား အခုထိ မှတ်မိသေး။ ငါမို့လို့ကွ။ တခြားလူသာဆိုရင် ခေါင်းပြတ်ပြီတဲ့။ ဟုတ်ပါရဲ့။ ခြေကျင်းဝတ် အကြောပြတ်ပြီး အခုထိ ထော့နင်း ထော့နင်း နဲ့ ခါးလေးစောင်းပြီး အသက်ရှင်နေလို့။
.
အဘိုးပြောစကားအရ အဲဒီတုန်းက အမေ့ကို ယူခိုင်းလိုက်တဲ့ စပါးပုတ်အောက်က ရွှေအိုးက အစစ်မဟုတ်ဘူးတဲ့။ မြင်းမူပွဲတော်က ၀ယ်လာတဲ့ ရွှေရောင်သုတ်ထားတဲ့ ကြေးပြားတွေတဲ့။ အမေပြောတာ အခုထိ မှတ်မိသေး။ " ငါ့လက်ကောက်နဲ့ ဆွဲကြိုးကတော့ အစစ်ပါအေ" တဲ့။
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)