ကျွန်တော် ကျောင်းတက်နေတဲ့ ရွာမှာ မိတ်ဆွေအရင်းအချာတွေ ရှိပါတယ်။ မိဘတွေလိုပါဘဲ။ စာမေးပွဲဖြေတဲ့ ရက်တွေဆို ရွာသို့ မပြန်တော့ဘဲ အဲဒီ မိတ်ဆွေအိမ်မှာ နေထိုင်ရင်း စာမေးပွဲဖြေပါတယ်။ ဖြေပြီးပြီဆိုမှ ရွာပြန်။ အဲဒီ အိမ်မှာ ကျွန်တော်ထက်ကြီးတဲ့ ကိုသက် ဆိုတဲ့ လူပျိုတစ်ယောက်ရှိတယ်။ ကျွန်တော် ၉ တန်းနှစ် စာမေးပွဲပြီးလို့ ရွာအပြန် ကိုသက်လဲ ရွာကို အလည်လိုက်လာပါတယ်။ အဲဒီမှာ ဇတ်လမ်းစ တာဘဲ။
.
ကိုသက် က ကျွန်တော်တို့ အိမ်ရဲ့မြောက်ဘက်က ဆောင်းမိမိ ဆိုတဲ့ မိန်းကလေးကို နှစ်သက်နေပါတယ်။ အိမ်ကိုလဲ ခဏခဏ အလည်လာရင်း ကြိုက်သွားကြတယ်ပေါ့။ ဆောင်းမိမိ ရဲ့ မိဘတွေက သဘောမတူပါဘူး။ အိမ်က လူကြီးတွေကိုတော့ ဆောင်းမိမိ ရဲ့ မိဘတွေက ပြောထားပြီးသား။ သဘောမတူဘူးပေါ့။ ဒါပေမယ့် လူ့ငယ်သဘာဝ ကြိုက်နေကြတော့ မပြောသာ။ သဘောမတူတာလဲ တစ်ရွာသားမို့ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ ကိုသက်လာတိုင်း ကျွန်တော်တို့ အိမ်ဘေးက နွားစာခြံထဲမှာ မိဘတွေမသိအောင် ချိန်းတွေ့ကြပေါ့။ ကိုမျိုးတို့ က ကင်းစောင့်။ ချောင်းကြည့်။ အချစ်ဒီရေလွန်လာတာနဲ့ မခွဲနိုင် မခွါဖြစ်ပြီး ခိုးပြေးဘို့ လူဆိုးတွေနဲ့ တိုင်ပင်ကြတယ်။ လူဆိုးတွေက ကိုမျိုး ရယ် ညီဝမ်းကွဲ တစ်ယောက်ရယ်။ ကဆုန်လပြည့်ည ညောင်ရေသွန်းဘုရားပွဲမှာ ခိုးမယ်လို့ တိုင်ပင်ထားကြတယ်။ ကိုသက်၊ ဆောင်းမိမိ၊ ညီဝမ်းကွဲ နှင့် ကိုမျိုး။ ပိပိရိရိပါဘဲ။
.
အဲဒီည မတိုင်ခင်မှာ ဆောင်းမိမိရဲ့ အထုတ်အပိုးတွေ ကျွန်တော်တို့အိမ်က နွားစာခြံထဲမှာ သိမ်းပေးထား။ အဲဒီ ညမှာတော့ ကိုသက် နဲ့ ညီဝမ်းကွဲက ရွာ၏ တောင်ဘက်ရှိ ရေတွင်းပျက် အနီးမှာ စောင့်နေ။ ကျွန်တော်က ဆောင်းမိမိကို ခေါ်ပြီး ရေတွင်းပျက်အထိ လိုက်ပို့။ ရေတွင်းပျက်နား ရောက်ရင် လက်နှိပ်မီးကို အပေါ်ထောင်ထိုးပြီး အချက်ပြ။ အချိန်းအချက် လုပ်ထား။ ဆောင်းမိမိ ကို ကိုသက်က သူတို့ ရွာသို့ ခေါ်သွားပေတော့။ ကိုမျိုး နဲ့ ညီဝမ်းကွဲ က အိမ်ပြန်ပြီး ဟန်မပျက်နေပေါ့။ အစီအစဉ် အကွက်ကျကျနဲ့။
.
ည ၁ နာရီ ကျော်ကျော်လောက်မှာ ဆောင်းမိမိ က အိပ်ယာက ထလာပြီး ကျွန်တော့်ကို လာပြီး နှိုးပါတယ်။ ကျွန်တော်ကလဲ နွားစာခြံဘေးမှာ အိပ်ပြီးစောင့်နေတာပေါ့။ ကျွန်တော်နဲ့ ဆောင်းမိမိတော့ တွေ့ပြီ။ ရွာထဲကနေ ရွာ့တောင်ဘက် ရေတွင်းပျက်နားထိ လူတွေမသိအောင် ခေါ်သွားဘို့မလွယ်ကူလှ။ ကျွန်တော်က ပုဆိုးခြုံ။ ဆောင်းမိမိက အညာတဘက်လေးခြုံ။ အထုတ်ကိုတော့ အဆင်ပြေမှ လာပို့ပေးမယ်ဆိုပြီး ထားခဲ့။ ကျွန်တော်တို့ အိမ်ကနေ အထွက် ရွာလည်လမ်းမအတိုင်း သွားပြီး ရွာအပြင်ရောက်ပါပြီ။ အဆင်ပြေပြေပါဘဲ။ ရွာ့တောင်ဘက်မှာ လက်နှိပ်မီးရောင် နှစ်ချက် ရေတွင်းပျက်နားက လင်းလာတာ တွေ့လိုက်ရတယ်။ သေချာပြီ။ ကိုသက် နဲ့ ညီဝမ်းကွဲ။ ခြေလှမ်းကလေး အသာကြွပြီး ကိုသက်..ကိုသက် လို့ တိုးတိုးလေးခေါ်လိုက်တဲ့ အချိန်မှာ ဘယ်အချိန်က ဘယ်လိုရောက်နေမှန်း မသိတဲ့ ဆောင်းမိမိရဲ့ အဖေနဲ့ ဦးလေးက ဘွားကနဲ့ ပေါ်လာပါလေရော။ ကိုသက်ကို ပုဆိုးနဲ့ အုပ်ပြီး ဓားမိုးထားတာ။
.
ဓာတ်မီးရောင်အောက်မှာ ဖွေးကနဲ့။ ညီဝမ်းကွဲကလဲ မှင်သက်မိ။ ကျွန်တော်လဲ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲနဲ့ ဆောင်းမိမိကို လက်ကလွှတ်ပြီး ရွာဘက်ကို ပြန်ပြေး။ ပါးစပ်ကလဲ ကိုသက်ရေ ပြေးပြေး... သူ့သမီးကို ထားခဲ့ ဆိုပြီး အော်။ ဆောင်းမိမိ ကို သူ့အဖေက အတင်းဆွဲ။ အဲဒီအချိန်မှာ ကိုသက်ကလဲ အုပ်ထားတဲ့ ပုဆိုးကို ဖွင့်ပြီး ခြေဦးတည့်ရာပြေး။ ညီဝမ်းကွဲလဲ ပြေး။ ဆောင်းမိမိကလဲ အတင်းရုန်းနေတော့ သူ့သမီးကို နိုင်အောင်ထိမ်းရင်း ပြေးသူတွေကို ဂရုမစိုက်နိုင်ဖြစ်ပြီး ကျန်ရစ်ခဲ့။
.
ကိုမျိုးလဲ အိမ်ပြန်ရောက်လို့ ခပ်တည်တည်နဲ့ အိပ်ယာဝင်။ အတော်လေးကြာတော့ ကိုသက် ရောက်လာ။ ညီဝမ်းကွဲလဲ ရောက်လာ။ ဟင်း..လူစုံပြီ။ ကိုသက်ကို ကြည့်လိုက်တော့ ခြေထောက်မှာ သွေးတွေနဲ့။ အလိုလေး..ဓားနဲ့များ ခုတ်လိုက်လို့လား ဆိုပြီး သေချာကြည့်လိုက်တော့မှ ဘယ်ဟုတ်မလဲ။ ရေတွင်းပျက်နားက ကန္တာရ ဆူးပင်အခြောက်ပေါ် ချော်လဲလာတာ။ ဆူးတွေဆို တစ်ကိုယ်လုံး မြင်မကောင်း။ သွေးတွေဆို အများကြီး။ ကန္တာရဆူးပင် ဆိုတာ အညာမှာ အလေ့ပေါက်ပြီး အဆိပ်ပြင်းတဲ့ ဆူးပင်အမျိုးအစား။ မတတ်သာတဲ့ အဆုံး အဖေ တို့ အမေ တို့ကို နှိုးပြီး အကျိုးအကြောင်း ပြောပြ။ ဆူးတွေနွှင် နေတဲ့ အချိန်မှာ ဆောင်းမိမိတို့ အဖေနဲ့ ဦးလေး အိပ်ပေါက်ဝ ရောက်လာပြီး...
"အေး..မင်းတို့ လည်သလောက်တော့ ငါတို့က အိပ်နေသလောက်ပေါ့" ဆိုပြီး ဓားရမ်းပြီး ခနဲ့ပါလေရော။ အဖေကလဲ စိတ်တိုလွယ်သူမို့ သူ့ကို ခနဲ့တယ်ထင်ပြီး ဓားဆွဲပြီး အိမ်အပြင်ထွက်။ အနီးအနားအိမ်က ဆွေမျိုးတွေကလဲ နိုးလာ။ ပွဲကတော့ စပြီ။
.
အဖေ့ညီအရင်းကလဲ သူ့အစ်ကို အိမ်ကို ဒမြ တိုက်တယ် ထင်ပြီး ဓားဆွဲပြီး ထွက်လာ။ အိမ်ထဲဝင်ပြီး ဆောင်းမိမိ ရဲ့ အဖေကို စပြီး ပြောပါလေရော။
" မင်းက ငါ့အစ်ကို အိမ်ရှေ့ အချိန်မတော်လာပြီး ဘာ..ပူညံ ပူညံ လုပ်တာလဲ " ဆိုပြီး ဓားရမ်းပြီး လူမိုက်စကား ဆိုပါလေရော။ ဆောင်းမိမိ အဖေကလဲ.. "မင်း တို့ လည်သလောက်တော့ သနားတယ်..ဟ ဟ.." လို့ ခနဲ့။ အဲဒီ အချိန်မှာ ဘာမပြော ညာမပြောနဲ့ ကျွန်နော့ အစ်ကိုက ကိုသက်အား ဆူးနွှင်ရင်း အနီးအနားက ၀ါးရင်း ဒုတ် ကို ဆွဲပြီး .....
"ခင်ဗျားက..ကျုပ်အိမ်ပေါက်ဝမှာ ဓားတရမ်းရမ်းနဲ့ လူမိုက်လား" ဆိုပြီး.. ဘာမပြော ညာမပြောနဲ့ ဆောင်းမိမိ အဖေရဲ့ နဖူးကို ၀ါးရင်းဒုတ်နဲ့ ဆော်လိုက်ပါလေရော။ ခွပ်ကနဲ့။ အား ကနဲ့။ မပြောမဆို ၀င်တီးလိုက်တာလေ။ အား...ဆိုပြီး ခေါင်းအုပ်ပြီး ပြေးပါလေရော။ ဆောင်းမိမိတို့ အမျိုး၊ ကျွန်တော်တို့ အမျိုးတွေ အုပ်စုလိုက်။ ဟိုဘက်တစ်စု။ ဒီဘက်တစ်စု။ လူကြီးတွေ အားလုံး ရောက်လာပြီး ဖြေရှင်းကြပေါ့။
.
မနက်မိုးလင်းတော့ တိုက်နယ်ရဲစခန်းက စခန်းမှုးရောက်လာပြီး စစ်ပါလေရော။ ၀ါးရင်းဒုတ် နဲ့ ရိုက်တဲ့ အစ်ကိုဖြစ်သူကို လက်ထိပ်ခပ်။ စခန်းခေါ်သွားမယ်ပေါ့။ ရွာက ဥက္ကဌကလဲ ကျွန်တော်တို့ အမျိုးဆိုတော့ ထည့်လိုက်။ နောက်မှ ငါ လိုက်ခေါ်ပေးမယ်ဆိုပြီး ထည့်လိုက်ရတယ်။ အမေကတော့ ငိုငို ယိုယိုပေါ့။ အစ်ကိုကတော့ ပြုံးစိစိနဲ့ အမေရေ.. ငါးပိကြော်လေးတော့ လာပို့အုံးဗျ ဆိုပြီး လိုက်သွားလိုက်တာ။
.
နောက်နှစ်ရက်လောက်နေတော့ ဘယ်လိုလုပ်လိုက်တယ် မသိ။ အစ်ကိုဖြစ်သူ အိမ်ပြန်ရောက်လာ။ ဆောင်းမိမိတို့ အဖေလဲ နဖူးမှာ ပတ်တီးစီးကြီးနဲ့။ ကိုသက်လဲ သူ့ရွာသူ ပြန်။ ကိုမျိုး စိတ်ထဲမှာတော့ အားလုံးကလဲ အေးအေးဆေးဆေးလို ဖြစ်နေကြပြီမို့ ကိုသက်ကလဲ ဆက်ပြီးလုပ်အုံးမယ်.. ဆောင်းမိမိကလဲ စိတ်မကုန်သေးဘူး ဆိုရင်.. နောက်တစ်ခါတော့ အကွက်ကျကျ စိပ်စိပ်ကလေး စီစဉ်ပေးရတာပေါ့ ဆိုပြီး ကြိတ်ပြီးကြံနေ။
.
ကိုးတန်းအောင်လို့ ဆယ်တန်းတက်နေတဲ့ အချိန် နှစ်ဝက်လောက်မှာ ဆောင်းမိမိ က ယာတောသို့ ထမင်းပို့အသွား၊ ကိုမျိုးကလဲ ကျောင်းအသွား။ လမ်းမှာ တွေ့ကြပါလေရော။ " ဘယ်လိုလဲ လိုက်ခဲ့ပါလား။ ကိုသက်ကြီးက ငါတို့ရွာကို မလာရဲလို့ မလာတာ။ နင်လိုက်မယ်ဆိုရင် ခေါ်လာခဲ့ဘို့ ငါ့ကို ပြောထားပြီးသား။ တခါတည်း ငါ့စက်ဘီးရဲ့နောက်ကနေ လိုက်ခဲ့ပေတော့" ဆိုပြီး နှစ်ခွန်းမပြောရသေးဘူး။ ထမင်းထုတ်ကို ပစ်ချပြီး လိုက်လာခဲ့တာ။ အခုထိ ဆောင်းမိမိ ရွာမပြန်ဘူး။ ကလေးတစ်ယောက်တောင် ရနေပြီ။
.
ဒီတစ်ခေါက် ရွာပြန်ရင်တော့ ဆောင်းမိမိကို သူ့အိမ်သို့ ပြန်ပို့ပေးဘို့ ကြိုးစားရအုံးမယ်။ နှစ်တွေ ကြာပြီ ဖြစ်ပေမယ့် အနာဟောင်းကို ဒုတ်နဲ့ ဆွသလို ဖြစ်ပြီး ဓားနဲ့ ခုတ်လိုက်မှဖြင့် ဆိုတဲ့ အတွေးကလဲ မပျောက်သေး။
.
.
ခင်မင်လေးစားစွာဖြင့်
ကိုမျိုး (အညာမြေ)