"Yes"
" I'm Prof: Chua from NTU (Nanyang Technological University), I would like to ask some questions regarding to your Final Year Project Report "
" ok..."....
စသည်ဖြင့် စသည်ဖြင့် မေးလိုက်တာ မေးခွန်းတွေ။ အခုနောက်ပိုင်း ကျောင်းသားတွေ ကျနော် နောက်ဆုံးနှစ် project လုပ်ထားခဲ့တာကို ထပ်မံပြီး ကောင်းမွန်အောင် လုပ်ကြရင်း တချို့အပိုင်းမှ ကျနော်ရေးခဲ့တာတွေ နားမလည်ကြဘူး။ နားမလည်လို့ ဆရာ့ကိုမေးကြတော့လဲ ဆရာတွေက ရေးခဲ့တဲ့သူကိုဘဲ ပြန်လည်မေးကြဘို့ အကြံပြုတာဆိုတော့ နောက်ဆုံး ကျနော်ဆီကို ပြန်လည်လာကြတယ်။ ဖုန်းနံပါတ်ကလဲ မပြောင်းဘဲထားတာဆိုတော့ ဖုန်းနံပါတ်ကို ရသွားပြီး ဆက်ကြ၊ မေးကြတာ။
...
လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ကျနော် Nanyang Technological University မှာ Scholarship နဲ့ Civil Engineering နောက်ဆုံးနှစ်မှာ လုပ်ခဲ့တဲ့ Project ဆိုတော့ အခုဆို Report တောင်မှ အီးမေလ်တစ်ခုထဲမှာ ပို့ထားမိလို့ ရှိတော့တာ။ အကုန်မေ့ပြီပေါ့။ ကျောင်းက library မှာတော့ Report တွေရှိသေးတယ်တဲ့။ ဖတ်ပြီး နားမလည်ကြဘူးတဲ့။ သြော်..ငါရေးခဲ့တာတွေဘဲလေ။ ငါလဲ နားမလည်ဘူးလို့ ပြောလို့မှ အဆင်မပြေတာ။ Project က ကွန်ကရစ်တိုင် ငါးတိုင် လုပ်ထားပေးခဲ့ပြီး တစ်တိုင်ကို ဖြိုထားခဲ့တာ။ အခု နောက်ဆုံးလက်ကျန် တစ်တိုင်ကို အခုနှစ် ဘွဲ့ယူမယ့် ကျောင်းသားက ဖြိုပြရမှာ။ အဲဒီမှာ ပြသနာစတော့တာဘဲ။
...
နောက်ဆုံးလက်ကျန် တစ်တိုင်ရဲ့ အတွင်းဘက်ကို မဖြိုခင် X-Ray နဲ့ Scan ဖတ်လိုက်တော့ ဘာကြီးလဲ မသိဘူး တွေ့တယ်တဲ့။ အဲဒါ ဘာကြီးလဲတဲ့။ ကျနော်လဲ အခုမှ အမှန်ကို ပြောပြမှာ။ ဘွဲ့လက်မှတ်တော့ ပြန်မယူလောက်ပါဘူးနော်။ ဟဲ..ဟဲ..။
...
အဲဒီအချိန်တုန်းက ၁၂ ပေမြင့်ပြီး လုံးပတ် ၂ ပေကျယ်တဲ့ ကွန်ကရစ်တိုင် ငါးတိုင်ကို construction site ထဲက မြန်မာအလုပ်သမား ၃ ယောက်ကို အကူအညီတောင်းပြီး ကွန်ကရစ်လောင်းခဲ့တာ။ ကျောင်းကလဲ ကုန်ကျစရိတ်နဲ့အတူ ခွင့်ပြုတာဆိုတော့ အဆင်ပြေတာပေါ့။ တစ်ရက် နှစ်တိုင် ပုံလောင်း။ နောက်ဆုံး တစ်တိုင်မှာတော့ ကိုယ့်ဘာသာလောင်းမယ် ဆိုပြီး ကြိုးစားပမ်းစား လုပ်ခဲ့တာလေ။ မြန်မာအလုပ်သမား တစ်ယောက်က Safety Shoe ကို ပုံလောင်းမယ့် သံတိုင်မှာ ချိပ်ထားတာ အဆင်မပြေဖြစ်ပြီး ပုံစံခွက်ထဲကို ကျသွားပါလေရော။ ပစ္စည်းပျောက်ရင် အလျော်ပေးရမှာဆိုတော့ တစ်ဖက်ထဲ ပျောက်လဲ ပေးရမှာဆိုပြီး ကျန်တစ်ဖက်ပါရောပြီး ကွန်ကရစ်တိုင်ထဲ ထည့်ပြီး ပုံလောင်းထားခဲ့တယ်။ ကဲ..မှတ်ကရော။
...
ပုံလောင်းပြီးလို့ နှစ်ကုန်လို့ ဘွဲ့ယူခါနီးလဲ ရောက်ရော ဘယ်သူ့မှ မပြောဘဲ အဲဒီတိုင်ကို ဒီအတိုင်းထားခဲ့တာ။ ကိုယ်ကတော့ တခြားတစ်တိုင်ကို ဖြိုချပြီး ဘွဲ့ရသွားတယ်။ ဟော.. အခု.. အဲဒီ နောက်ဆုံးတစ်တိုင် ပြသနာတက်နေကြလေရဲ့။
...
ကျောင်းတုန်းက လုပ်ခဲ့တဲ့ Project ကလဲ ဘယ်သူမှ မယူရဲလို့ ချန်ထားခဲ့တဲ့ဟာကို ကျနော်က လူစွမ်းကောင်းလုပ်ပြီး ယူခဲ့တာဆိုတော့ ဒီလောက်တော့ ရှိပေမယ်ပေါ့။ သတင်းစာဖတ်သူတွေ သိကြမှာပါ။ ဟိုတလောက အဲဒီ ကျောင်းမှာဘဲ အင်ဒိုနီးရှားက ကျောင်းသားတစ်ယောက် နောက်ဆုံးနှစ် Project မှာ Pressure တွေရပြီး Guide လုပ်တဲ့ Professor ကို ဓားနဲ့ထိုးပြီး ကျောင်းပေါ်က ခုန်ချတာ။ သေပါလေရောလား။ လူကြားလို့မှ မကောင်း။ ဒီမှာ အဲဒီ သတင်းလေး ဖတ်ချင်ရင်။http://www.straitstimes.com/Breaking+News/Singapore/Story/STIStory_344879.html
...
ထိုးမယ်ဆိုလဲ ထိုးချင်စရာ။ ကိုယ်တိုင်ကြုံဖူးခဲ့လို့ သိတာ။ တော်တော် ခက်တာ။ တစ်နှစ်လုံး လုပ်ရတာဆိုတော့ ဆရာက pressure ပေးရင် ကျောင်းသားက ပြာယာခတ်ရော။ စိတ်ဓာတ်ကျမယ်ဆိုလဲ ကျချင်စရာ။ ဘွဲ့ရခါနီး အဓိက ဘာသာရပ်တစ်ခုဆိုတော့ ကျောင်းသားတိုင်း လန့်ကြတာ။ သဘောကောင်းတဲ့ ဆရာနဲ့ တွေ့ရင်တော်သေး။ ရစ်တတ်တဲ့ဆရာနဲ့ တွေ့လို့ကတော့ မလွယ်။
...
ကျနော်လုပ်ခဲ့တဲ့ Project က Slender Concrete Columns ကို Simplex Method နဲ့ computer program ရေးပြီး ကွန်ကရစ်တိုင်ကို Casting လုပ်ခဲ့ရတာ။ Program ကလဲ အဆင်ပြေပြီး Report ကလဲ တင်ပြီးပြီး ဆိုရင် အဲဒီ ကွန်ကရစ်တိုင်တွေကို Lab ထဲမှာ ရှိတဲ့ computer နဲ့ စက်နဲ့ တွဲပြီး ဖြိုချပြရတာ။ ဘယ်လောက်ခိုင်လဲ၊ Program မှန်လား၊ Presentation ကောင်းလား၊ Report ကောင်းလားဆိုတာတွေ အပေါ်မူတည်ပြီး အမှတ်ပေး၊ စာမေးပွဲအောင်ပြီး ဘွဲ့ရတာ။
...
Presentaion နဲ့ Program ကိုတော့ ကျောင်းမှ ဆရာများ လာရောက်ကြည့်ရှုပြီး ကောင်းတယ်.. မကောင်းဘူး အမှတ်ပေးပြီး စီစစ်ကြတာ။ ရစ်တဲ့ ဆရာတွေနဲ့ တွေ့လို့ကတော့ တစ်ပတ်ကြာအောင် ရှင်းပြလဲ မပြီးဘူး။ သူများတွေကပြီးလို့ ဘွဲ့ယူကြတော့မှာ ကိုယ်က မပြီးသေးတာတွေလဲ အများသား။ တချို့ကျောင်းသူတွေဆို ရစ်လွန်းလို့ Presentaion လုပ်ရင်း ထိုင်ငိုပစ်လိုက်ကြတာ တွေ့ဘူးတယ်။ အဲဒီလို ငိုလိုက်ရင်လဲ နဲနဲလျော့ပြီး အအောင်ပေးလိုက်ကြတာ။ (မှတ်ထားနော်.. မိန်းမမျက်ရည်ဆိုတာ အဲဒီလောက် အစွမ်းထက်တာ)။
...
ကျနော်လုပ်ခဲ့တဲ့ Project က ဆရာကလဲ ငရစ်။ Project ကလဲ ကျောင်းသားတိုင်း ပယ် ဆိုတော့ စာမေးပွဲအောင် ဘွဲ့ရပြီးလို့ တစ်လအထိ ဆရာကို ရှင်းပြရတုန်း။ နောက်ဆုံးတော့ ကျနော် မြန်မာပြည်က မိဘတွေဆီကို ကျောင်းပြီးလို့ အလည်ပြန်ချင်တယ်။ နောက်နှစ်ရက်နေရင် ပြန်တော့မယ်ဆိုပြီး သူ့ဆီသွား၊ city hall ကနေ ကျောက်ပန်းချီကြီးကြီး တစ်ချပ် လက်ဆောင်ဝယ်ပေးပြီး သူ့ရုံးခန်းကို အမှိုက်ရှင်းပေး။ ဟဲ..ဟဲ။ ဒီလိုနဲ့ ဘွဲ့ရခဲ့တာ။ အဲဒီကတည်းက Project အကြောင်း မမေးတော့ဘဲ အခုလေးနှစ်လောက်နေမှ တစ်ကြော့ပြန်လာပြီး မေးတာ။ ဒီတစ်ခါ ကိုမျိုးအလှည့်။
...
အထက်မှာ ပြောခဲ့သလို နောက်ဆုံးတစ်တိုင်မှာ အခုကျနော့ဆီ ပြန်လည်လာတာ။ Singaporean ကျောင်းသားလုပ်နေတာ။ သူဖုန်းဆက်တော့.. အေး..ငါလဲ စာတွေမေ့နေပြီ။ မင်းကိုရှင်းပြဘို့ အချိန်ပေးပြီး စာပြန်ဖတ်ရမယ်။ အလုပ်တစ်ဖက်နဲ့ ဆိုတော့ သိပ်မအားလို့ ဆိုပြီး သူမညည်းခင် ညည်းပြလိုက်တော့.. အချိန်တွေအတွက် ပိုက်ဆံပေးပါ့မယ်တဲ့။ သူ့ကိုသာ ရှင်းပြပေးပါတဲ့။ (ကျနော်လဲ အားနာနာ နဲ့ လက်ခံလိုက်ရတယ်)။
...
သူ့ဆီကပိုက်ဆံယူပြီဆိုတော့ အကောင်းဆုံး အကြံတစ်ခုတော့ ပေးရတာပေါ့လေ။ Chinese New Year ကျရင် Professor ကို လိမ္မော်သီး သွားပေးလိုက်။ ဖြစ်နိုင်ရင် မတိုင်ခင်ကတည်းက ပေးကွာ ဆိုပြီး အကြံပြုလိုက်တာ.. အခု သူ့ Project အဆင်ပြေနေပြီတဲ့။
...
ရှင်းပြပေးနေတဲ့ ကျနော် တော်တာလား။ လိမ္မော်သီး အစွမ်းလားတော့ မသိး) :) ။
.
ခင်မင်စွာဖြင့်
ကိုမျိုး (အညာမြေ)